သုံးရလွယ်ကူစေသည့် Link များ

ဦးသိန်းစိန်အစိုးရ စတင်လုပ်ဆောင်နေတဲ့ ဒီမိုကရေစီပြုပြင်ရေးကို အန္တရာယ်ပေးမယ့် အရိပ်လက္ခဏာတွေအကြောင်း Storm Clouds on the Horizon အမည်နဲ့ စာတမ်းတစောင် နိုဝင်ဘာလ (၁၂) ရက်နေ့က ထွက်လာပါတယ်။ Brussels အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ International Crisis Group က ရေးသားပြုစုတဲ့ စာတမ်းဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့  ရုံးခွဲ (၃၀) ကျော်ထဲမှာ ဂျာကားတားနဲ့ ဘန်ကောက်ရုံးလည်း ပါဝင်ပါတယ်။ စစ်အုပ်စုက အကြီးအကျယ်ဆန့်ကျင်တာကို မကြုံတွေ့ရဘဲ အရပ်သားတပိုင်းအစိုးရ မြန်မြန်ဆန်ဆန် အပြောင်းအလဲတွေ လုပ်နိုင်တာကို ချီးကျူးရေးသားထားပါတယ်။

ဒါပေမဲ့ ကျော်လွှားရမယ့် ပြဿနာကြီးတွေ ရှိနေပါတယ်။ နောက်ပြန်ဆုတ်စရာအကြောင်း မရှိဘူးလို့ အစိုးရကပြောပေမဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဆန့်ကျင်ရေး အဓိကရုဏ်း၊ ကချင်လွတ်မြောက်ရေးတပ်နဲ့ အပစ်အခတ်ရပ်စဲရေး အခြေခံဥပဒေအရ အာဏာခွဲဝေရေး စတဲ့ ပြဿနာတွေဟာ ပြုပြင်ပြောင်းလဲရေးကို အန္တရာယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီကြားထဲ မြေယာသိမ်းပိုက်မှု သယံဇာတထုတ်ယူမှုကြောင့် ဒေသခံတွေ ထိခိုက်မှုနဲ့ အခြားလူမှုစီးပွားရေး မကျေနပ်ချက်တွေ ရှိနေပါတယ်။ စစ်အစိုးရခေတ်က အနိုင်ကျင့်ပြီး မတရားလုပ်ထားတာတွေကို ဖြေရှင်းပေးဖို့လည်း ပြည်သူတွေ မျှော်လင့်နေကြပါတယ်။

ရခိုင်ပြည်နယ် လူမျိုးရေးအဓိကရုဏ်းဟာ နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းလို ဖြစ်နေပါတယ်။ ဒေသခံအာဏာပိုင်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့  ဘက်လိုက်မှုကြောင့် အကြမ်းဖက်မှုကို မထိန်းသိမ်းနိုင်ဘဲ ဖြစ်သွားပါတယ်။ လူမျိုးစုံ၊ ဘာသာစုံ ပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်ဖို့ပြင်ဆင်နေချိန်မှာ လူမျိုးရေး စိတ်ဓါတ်ပြင်းထန်နေတာ အလွန်အန္တရာယ်ရှိတယ်လိုပ ဆိုပါတယ်။ လူမျိုးရေးအဓိကရုဏ်းကို ဗုဒ္ဓဘာသာ-မွတ်စလင် ပဋိပက္ခဖြစ်အောင် တရားလွန်လူမျိုးရေးဝါဒတွေ ဖန်တီးတာဟာ စိုးရိမ်စရာပါ။ အဓိကရုဏ်းမှာ နိုင်ငံရေးရည်ရွယ်ချက် ရှိနိုင်တယ်လို့ ဗိုလ်ချုပ်ကြီးလှမင်း က သုံးသပ်ပါတယ်။ ပြုပြင်ရေးကြောင့် အရင်က မျိုသိပ်ခဲ့ရတဲ့ အမျိုးသားရေးထုတ်ဖော်ခွင့်ရတာကို တရားလွန်အုပ်စုက အသုံးပြုလိုက်တာ ဖြစ်ပါတယ်။

လက်နက်ကိုင်ပြည်သူ့စစ်ဖွဲ့စည်းရေး ရိုဟင်ဂျာရွာတွေ ဖယ်ရှားရေး OIC အစ္စလာမ်အဖွဲ့ ရန်ကုန်မှာ ရုံးစိုက်တာ ဆန့်ကျင်ရေး စတာတွေပါဝင်တဲ့ ကြေညာချက်ကို စက်တင်ဘာ စစ်တွေညီလာခံမှာ ချမှတ်ပါတယ်။ OIC အစ္စလာမ်အဖွဲ့ ရုံးစိုက်မှာကို သံဃာတွေ ဦးဆောင်ပြီး စစ်တွေ၊ ရန်ကုန် နဲ့ မန္တလေးမှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။ သံဃာတွေပါဝင်လာတာကြောင့် ဘာသာရေးအဓိကရုဏ်းဖြစ်လာမှာ စိုးရိမ်ကြပါတယ်။ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပြောလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဘယ်ဖက်ကိုမှ လိုက်မပြောနိုင်ဘူးလို့ ဒေါ်စု ဖြေဆိုတာကို မကျေမနပ်ဖြစ်ကြပါတယ်။ ဒါပေမဲ့ တရားလွန်ပြောဆိုတာနဲ့ အကြမ်းဖက်တာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး လူ့အခွင့်အရေးကို လေးစားကြဖို့ တိုက်တွန်းလိမ့်မယ်လို့ မျှော်လင့်နေကြဦးမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာပြဿနာဟာ အပြည်ပြည်ဆိုင်ရာနဲ့ ပတ်သက်နေပါတယ်။ ဘာသာရေးအကြမ်းဖက်မှုအနေနဲ့ ယူဆလာရင် အာဆီယံ မွတ်စလင်ဒေသမှာ လက်တုံ့ပြန်တာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အာဆီယံအထွေထွေအတွင်းရေးမှူးက ဟောကိန်းထုတ်ထားပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့  ကြိုးပမ်းမှုကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ မဲဆန္ဒပေးနိုင်ဖို့အတွက် ရိုဟင်ဂျာအတော်များများ ယာယီမှတ်ပုံတင်ခွင့် ရကြပါတယ်။ အစိုးရအနေနဲ့ လူမျိုးရေးအဓိကရုဏ်းကို တားဆီးနိုင်စွမ်းရှိပေမဲ့ ဒေသခံရဲတပ်ဖွဲ့နဲ့ လုံထိန်းကပါ မွတ်စလင်ဆန့်ကျင်ရေးမှာ ပါနေတာမို့ ရှုပ်ထွေးပြီး ထိန်းသိမ်းရတာ ခက်ခဲသွားပါတယ်။ ကိုးကွယ်ယုံကြည်မှု ကွဲပြားခြားနားတဲ့ လူမျိုးစုံနေထိုင်ရာဒေသမှာ လူမျိုးအရေး အဓိကရုဏ်းဖြစ်ပွားတာဟာ ဆုံးရှုံးမှုသာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကိစ္စဟာ အလွန်ခက်ခဲကြောင်း ကချင်ပြည်နယ်ပြဿနာက ပြသနေပါတယ်။ ဒေသခံအာဏာပိုင်နဲ့ စီးပွားရေးသမား ပူးပေါင်းပြီး လယ်မြေတွေ သိမ်းယူတဲ့ကိစ္စဟာ ကျေးလက်အုံကြွမှုကို အားပေးသလို ဖြစ်နေပါတယ်။ သယံဇာတထုတ်ယူမှုနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုမှာ နိုင်ငံခြားကုမ္မဏီတွေနဲ့ လက်တွဲပြီး ဒေသခံကို လျစ်လျူရှု့ တဲ့ပြဿနာကိုလည်း ဦးသိန်းစိန်အစိုးရ မနှေးအမြန် ဖြေရှင်းပေးဖို့ လိုပါတယ်။ မတရားလုပ်ထားတာကို မဖြေရှင်းနိုင်ရင် ဆန္ဒပြပွဲလေးတွေဟာ ပြင်းထန်တဲ့ဆန္ဒပြပွဲကြီးတွေ ဖြစ်သွားနိုင်ပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်းနိုင်ရင် ဒီမိုကရေစီပြုပြင်ရေးအစီအစဉ်တွေ အလားအလာကောင်းမယ်လို့ ဆိုပါတယ်။ အစိုးရကရော ဥပဒေပြုလွှတ်တော်ကရော ဒီမိုကရေစီပြုပြင်ရေးလုပ်ဖို့ စိတ်ရောကိုယ်ပါ လှုပ်ရှားနေကြပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်အကြမ်းဖက်မှုမှာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခေါင်းဆောင်မှု လိုအပ်နေပါတယ်။ ပြည်သူ့ဆန္ဒအတိုင်းချည်းမလုပ်ဘဲ ပြည်သူ့သဘောထား မှန်ကန်လာအောင် ခေါင်းဆောင်ပိုင်းက လမ်းပြပေးရပါလိမ့်မယ်။ ဒီလိုမဆောင်ရွက်နိုင်ရင် တိုင်းပြည်ထိခိုက်ရုံသာမကဘဲ အစိုးရနဲ့ NLD အဖွဲ့ချုပ်ရဲ့  ဂုဏ်သိက္ခာကိုလည်း ထိခိုက်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့က သုံးသပ်ထားတာကို တင်ပြလိုက်ပါတယ်။

သင့်အမြင်

မှတ်ချက်များပြပါ

XS
SM
MD
LG