သုံးရလွယ်ကူစေသည့် Link များ

ကုလသမဂ္ဂ နဲ့ ဗမာစစ်အစိုးရ


လွန်ခဲ့တဲ့ ၁၉၈၈ စက်တင်ဘာလမှာ ဆန္ဒပြနေတဲ့ ပြည်သူလူထုကို စစ်တပ်ထောင်ချီ သတ်ဖြတ်ခဲ့ပြီး စစ်အစိုးရ ဖွဲ့စည်းချိန်ကစပြီး ကုလသမဂ္ဂဟာ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတွေရေး၊ ဆုံးဖြတ်ချက်တွေ ချခဲ့တာဖြစ်လို့ အနှစ် (၂၀) ကျော်သွားပါပြီ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် စာဒါကို အိုဂါတာ (Sadako Ogata)၊ ယိုဇိုယိုကိုတာ (Yozo Yokota)၊ ရာချ် စိုးမားလာလား (Rajsoomer Lallah)၊ ပင်ညဲရိုး (Paulo Sergio Pinheiro)၊ သောမတ်စ် ကင်းတာနား (Tomas Ojea Quintana) စတဲ့ ပုဂ္ဂိုလ် (၅) ဦးက ဆောင်ရွက်ခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်တွေဖြစ်ကြတဲ့ ဘူထရိုးစ် ဘူထရိုးစ် ဂလီ (Boutros Boutros-Ghali)၊ ကိုဖီ အာနန် (Kofi Annan) နဲ့ ဘန်ကီးမွန် (Ban Ki-moon) တို့ရဲ့ အထူးကိုယ်စားလှယ်တွေဖြစ်တဲ့ အလ်ဗရို ဒီ စိုတို (Alvaro de Soto), ရာဇလီ အစ်မေးလ် (Razali Ismail), အီဘရဟမ် ဂမ်ဘရီ (Ibrahim Gambari) စတဲ့ ပညာရှင် (၃) ဦးက ကြားဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီ ပုဂ္ဂိုလ်တွေ တင်သွင်းတဲ့ အစီရင်ခံစာတွေအပေါ် အခြေပြုပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆုံးဖြတ်ချက်ချ တိုက်တွန်းခဲ့တာ ၁၉၉၁ ကနေ ၂၀၀၉ ခုနှစ်အထိ စုစုပေါင်း (၁၉) ကြိမ် ရှိနေပါပြီ။ ဒါပေမဲ့ ဗမာစစ်အစိုးရက လုံးဝ ဂရုမစိုက်ပါဘူး။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အလေးထားပြီး ဒီမိုကရေစီ ပြုပြင်ရေးလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ်ဆုံးဖြတ်ချက်ပြီး တောင်းဆိုနေတာ (၁၉) နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာ မလိုက်နာရင် မဖြစ်တဲ့ ဆုံးဖြတ်ချက်မဟုတ်လို့ ဗမာစစ်အစိုးရက လျစ်လျူရှုထားပါတယ်။ ဗမာစစ်အစိုးရဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးကို အန္တရာယ်ပေးနေတဲ့လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရင်တော့ မြန်မာပြည်မှာ ဝင်ရောက်စွက်ဖက်နိုင်ပါတယ်။

ဗမာစစ်အစိုးရကို အန္တရာယ်အဖြစ် သတ်မှတ်ဖို့ အမေရိကန်ဦးဆောင်ပြီး လုံခြုံရေးကောင်စီမှာ တင်သွင်းတဲ့အဆိုကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ၂၀၀၇ နှစ်ဆန်းပိုင်းမှာ ပယ်ချလိုက်ပါတယ်။ သံဃာဦးဆောင်တဲ့ ပြည်သူ့ဆန္ဒပြပွဲကို သတ်ဖြတ်နှိပ်ကွပ်လာတော့မှ လုံခြုံရေးကောင်စီဟာ စစ်အစိုးရကို ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ၂၀၀၇ နိုဝင်ဘာလမှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီ ကြေညာချက်တွေဟာ တိုက်တွန်းတဲ့ သဘောသာဖြစ်ပြီး မလိုက်နာရင် ဘာမှဖြစ်တာ မဟုတ်တဲ့အတွက် ဗမာစစ်အစိုးရက ဂရုမစိုက်ပါဘူး။ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တဲ့ အထွေထွေဆုံးဖြတ်ချက်တွေကိုသာ လုံခြုံရေးကောင်စီက ချမှတ်နိုင်တာ တွေ့ရပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်တွေကလည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ကိုဖီ အာနန် က ၁၉၉၇ ဒီဇင်ဘာမှာ ဗိုလ်ချုပ်မှုးကြီးနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မှာ တွေ့ဆုံခဲ့ပြီး၊ ဘန်ကီးမွန် က နေပြည်တော်မှာ (၂) ကြိမ် တွေ့ဆုံခဲ့ပါတယ်။ အလွန် စိတ်ပျက်စရာကောင်းတယ်လို့ သူတို့ ကိုယ်တိုင်ပြောရတဲ့ တွေ့ဆုံပွဲတွေ ဖြစ်ပါတယ်။ တကယ်တော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၊ လုံခြုံရေးကောင်စီ နဲ့ အထွေထွေညီလာခံကြီးကို ဗမာစစ်အစိုးရက ကဏ္ဍကောစ လုပ်နေတာ အနှစ် (၂၀) ရှိပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တရုတ်နဲ့ ရုရှား ဗီတိုအာဏာသုံးနိုင်တဲ့ လုံခြုံရေးကောင်စီကတဆင့် အရေးမယူဘဲ အထွေထွေညီလာခံက အရေးယူဖို့ ဝိုင်းဝန်းတိုက်တွန်းနေကြပါတယ်။ အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်ချမှတ်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အထွေထွေအတွင်းရေးမှုးချုပ်ကို တိုက်တွန်းတဲ့နည်း ဖြစ်ပါတယ်။ ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ ကောက်မရှင်ဖွဲ့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဟားဗတ်တက္ကသိုလ် လူ့အခွင့်အရေးဌာနက တိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂဟာ အနှစ် (၂၀) လုံးလုံး အရေးမယူနိုင်ခဲ့တဲ့အတွက် ဗမာစစ်အစိုးရဟာ တဖတ်သတ်ထင်သလို လုပ်နေတာလို့ သုံးသပ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံနဲ့ ဥပဒေကို နှစ်ပေါင်းများစွာ ဆန့်ကျင်တဲ့ အစိုးရကို အရေးယူဖို့ ပျက်ကွက်တာဟာ မကောင်းတဲ့အစဉ်အလာဖြစ်တယ်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ တိုက်တွန်းကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ထုတ်ပြန်တဲ့ မြန်မာ့ရေးရာ စာရွက်စာတမ်းကို (၅) နိုင်ငံက တရားသူကြီးဟောင်း (၅) ဦးက လေ့လာပြီး ၂၀၀၉ မေလမှာ စာမျက်နှာတစ်ရာကျော် Crimes in Burma ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ပါတယ်။ မြန်မာပြည်မှာ ဗမာစစ်တပ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးစုံအကြောင်း ကုလသမဂ္ဂက အသိဆုံး ဖြစ်ပါတယ်။ ဒီလောက်ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာတောင် ကုလသမဂ္ဂဟာ ဘာမှမလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ လုံခြုံရေးကောင်စီက အရေးမယူနိုင်ရင် အထွေထွေညီလာခံက အရေးယူရပါလိမ့်မယ်။ လာမယ့် စက်တင်ဘာ (၁၄) ရက်နေ့မှာ ကျင်းပမယ့် ၆၅ ကြိမ်မြောက် အထွေထွေညီလာခံကြီးမှာ မြန်မာပြည်ဆိုင်ရာ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

ဗမာစစ်အစိုးရရဲ့ အကူအညီမရလည်း စုံစမ်းရေးကော်မရှင်ဟာ ဆောင်ရွက်နိုင်ပါတယ်။ ပြည်ပမှာရောက်နေတဲ့ မြန်မာပြည်သူပြည်သားတွေကို မေးမြန်းနိုင်ပါတယ်။ အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ဗမာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို အသေးစိတ် မှတ်တမ်းတင်နိုင်ပါတယ်။ အနှစ် (၂၀) ကျော်မှာ ထုတ်ဝေထားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာမျိုးစုံကိုလည်း လေ့လာနိုင်ပါတယ်။ နောက်ပြီးတော့ ဒီ ရာဇဝတ်မှုတွေမှာ တာဝန်ရှိသူကို ထောက်ပြနိုင်ပါတယ်။ မြန်မာပြည်မှာ အနှစ် (၂၀) ကျော် ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေရဲ့ တရားခံကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်က ထောက်ပြနိုင်မယ်ဆိုရင် ရာဇဝတ်ဘေး ပြေးမလွတ် ဆိုတာကို ပြသရာ ရောက်ပါတယ်။

XS
SM
MD
LG