သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-တရုတ် နဲ့ ကချင်ပြည်နယ်အရေး


ဗမာအစိုးရတပ်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်အကြား တိုက်ပွဲတွေဖြစ်ပွားနေတုန်းမှာ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ (၄) ဦး ကိုယ်စားလှယ်အဖွဲ့ ဧပြီလ (၁၃) ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိလာပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ဖိတ်ကြားလို့ ရောက်လာတာပါ။ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် Samantha Power အပါအဝင် အမေရိကန်အစိုးရ ထိပ်တန်းအရာထမ်းတွေနဲ့ တွေ့ဆုံပြီး ဧပြီလ (၁၉) ရက်နေ့မှာ ဆွေးနွေးပွဲပြိးဆုံးကြောင်း သိရှိရပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမေရိကန်ကူညီမယ်လို့ ဗိုလ်ချုပ်ဂွမ်မော်ကို ပြောကြားလိုက်ကြောင်း သိရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မြောက်ပိုင်းမှာ အမေရိကန်တပ်က စစ်ဆင်ရေးလုပ်တဲ့အခါ အမေရိကန်စစ်သားတွေရဲ့အသက်ကို ကချင်ပြောက်ကျားတွေက ကယ်ဆယ်ခဲ့လို့ နောက်ဆုံးအောင်ပွဲခံပုံကို နိုင်ငံခြားရေးဌာန၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးရာ လက်ထောက်နိုင်ငံခြားဝန်ကြီး Tom Malinowski က ဧပြီလ (၁၉) ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ချီးကျူးဂုဏ်ပြုထားပါတယ်။ (၁၇) နှစ် အပစ်အခတ်ရပ်စဲခဲ့ပြီးမှ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်လည်ဖြစ်ပွားတဲ့ ကချင်ပြည်နယ်စစ်ပွဲဟာ ပြည်တွင်းရေးသာ မဟုတ်တော့ဘဲ အပြည်ပြည်ဆိုင်ရာအရေးအဖြစ် အသွင်ဆောင်လာတဲ့သဘော ဖြစ်ပါတယ်။

ဒါပေမဲ့ ကချင်အရေးနဲ့ တိုက်ရိုက်ပတ်သက်နေသူဟာ တရုတ် ဖြစ်ပါတယ်။ အရင်က KIA နဲ့ရော ဗမာအစိုးရနဲ့ရော လက်တွဲလုပ်ကိုင်ခဲ့တဲ့ တရုတ်ဟာ KIA နဲ့ ဗမာအစိုးရ စစ်ဖြစ်တဲ့အခါမှာ နစ်နာဆုံးရှုံးစရာတွေ အများကြီးရှိလာပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်ရေးကိုပါ ထိခိုက်လာတဲ့အတွက် ကချင်ပြဿနာမှာ တရုတ်ပါဝင်လာရပါတော့တယ်။ ပြည်တွင်းရေး မစွက်ဖက်ရေးလမ်းစဉ်ကနေ ပြည်တွင်းရေး ကူညီရေးလမ်းစဉ်ကို တရုတ်က ကျင့်သုံးလာပါတယ်။ KIA နဲ့ ဗမာအစိုးရ ရွှေလီမှာ ဆွေးနွေးနိုင်အောင် တရုတ်က စီစဉ်ပေးပါတယ်။ အိမ်နီးချင်းနိုင်ငံရဲ့ ပြည်တွင်းရေးပဋိပက္ခမှာ ပထမဦးဆုံးအကြိမ် တရုတ်ကကြားဝင် ဖြန့်ဖြေပေးတာ ဖြစ်ပါတယ်။ ပြည်တွင်းက ဆွေးနွေးပွဲတွေကိုလည်း တရုတ်က တက်ရောက်ပါတယ်။ ကချင်ပြဿနာဟာ တရုတ်အစိုးရရဲ့ မဟာဗျူဟာဆိုင်ရာ အကျပ်အတည်း ဖြစ်လာပါတယ်။

ကချင့်အရေးဟာ ဒေသအရေးကနေ နိုင်ငံတကာအရေး ဖြစ်သွားမှာကို တရုတ်က အလွန်စိုးရိမ်တယ်လို့ Stimson Center က တရုတ်အမျိုးသမီးသုတေသီ ယွန့်စွန် (Yun Sun) က ဆိုပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလထုတ် စာတမ်းမှာ သုံးသပ်ထားတာ ဖြစ်ပါတယ်။ ၂၀၁၃ မတ်လက ကျင်းပတဲ့ ရွှေလီဆွေးနွေးပွဲမှာ အခြားနိုင်ငံတွေပါဝင်ဖို့ ဖိတ်ခေါ်တဲ့စာပိုဒ်ကို တရုတ်က ကန့်ကွက်လို့ ဖျက်သိမ်းပေးလိုက်ရတဲ့အတွက် နောက်ပိုင်း တရုတ်ပြည်မှာ မဆွေးနွေးတော့တာလို့ ဆိုပါတယ်။ ဒါကြောင့် မြစ်ကြီးနားမှာ ကျင်းပတဲ့ မေလ ဆွေးနွေးပွဲကျမှ ကုလသမဂ္ဂကိုယ်စားလှယ်ကို ဖိတ်ခေါ်နိုင်တာ ဖြစ်ပါတယ်။ ကချင်ပြဿနာ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂနဲ့ တရုတ်ဟာ လေ့လာသူအဆင့်က ပါဝင်လာပါတယ်။ ဒါပေမဲ့ ကချင်အရေးမှာ အမေရိကန်ပါလာမှာကို တရုတ်အကြောင်းဆုံး ဖြစ်တယ်လို့ ယွန့်စွန် က ဆိုပါတယ်။

စစ်အစိုးရနဲ့ ရယူခဲ့တဲ့ သဘောတူချက်ဟာ အာမခံသူမရှိတဲ့အတွက် ခိုင်မာအားနည်းတာလို့ KIA ဖက်က ယူဆပါတယ်။ ဒါကြောင့် တရုတ်အပြင် ကုလသမဂ္ဂ၊ ဗြိတိန် နဲ့ အမေရိကန်လည်း ပါဝင်သင့်တယ်လို့ ကချင်ဖက်က မြင်ပါတယ်။ ကချင်ပြောတာကိုချည်း နားမထောင်ဘဲ အပြန်အလှန် ဆွေးနွေးတာကို သိရအောင်။ လေ့လာသူအဖြစ် နိုင်ငံတကာကိုယ်စားလှယ်တွေ တက်ရောက်တာကို ဗမာအစိုးရဖက်ကလည်း လိုလားပါတယ်။ ဒါပေမဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်ပါဝင်တာဟာ မိမိအကျိုးစီးပွားကို ထိခိုက်နိုင်တယ်လို့ တရုတ်က မြင်ပါတယ်။ ကချင်အရေးကို (၂) နိုင်ငံ ဖြေရှင်းရမယ့် ပြဿနာအဖြစ်သာ တရုတ်က မြင်ပါတယ်။ အမေရိကန် ပါဝင်လာရင် ကချင်ပြည်နယ်မှာသာမကဘဲ တပြည်လုံးမှာပါ တရုတ်သြဇာအရှိန်အဝါ ကျဆင်းလာနိုင်တယ်လို့မြင်ကြောင်း ယွန့်စွန် က ဖော်ပြပါတယ်။

ကချင်ပြည်နယ်ဟာ ယူနန်ပြည်နယ်နဲ့ ဆက်နေတာမို့ တရုတ်အကျိုးစါးပွားနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် ကချင်ပြဿနာ ဖြေရှင်းရာမှာ မလွှဲမသွေ တရုတ်ပါဝင်လာရပါတယ်။ အမေရိကန်ကတော့ ဒီလို မဟုတ်ပါဘူး။ ကချင်အရေးကို ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးလုပ်ငန်းတခုအနေနဲ့ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ စာနယ်ဇင်း၊ အန်ဂျီအို နဲ့ ဒီမိုကရေစီသမားတွေ ဝိုင်းဝန်းတိုက်တွန်းတာဟာလည်း ကချင်အရေးကို အမေရိကန် အာရုံစိုက်ရတဲ့အကြောင်းရင်းတခု ဖြစ်ပါတယ်။ ဒါကြောင့် ကချင်အရေးကို အမေရိကန်မှာ အလေးထားဖို့ကိစ္စဟာ လော်ဘီလုပ်နိုင်တဲ့ အတိုင်းအတာပေါ်မှာ မူတည်နေပါတယ်။

အမေရိကန်ပြည်နယ်အသီးသီးမှာ ရှိနေကြတဲ့ ကချင်အသင်း (၂၀) ကျော်ကို စုပေါင်းထားတဲ့ ကချင်မဟာမိတ်အဖွဲ့ Kachin Alliance ဆိုတာရှိပြီး သမ္မတအိုဘားမားဆီကို စာရေးတာမျိုုးတော့ ရှိပါတယ်။ ဒါပေမဲ့ ကွန်ဂရက်လွှတ်တော်ကို ဦးတည်တဲ့ ကချင်လော်ဘီအုပ်စုကိုတော့ သတိမထားမိသေးပါဘူး။ အီးယူဥရောပအဖွဲ့နဲ့ အာဆီယံအသင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အာချေ လွတ်မြောက်ရေး လှုပ်ရှားမှုနဲ့ အင်ဒိုနီးရှားအစိုးရတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ရယူနိုင်တာဟာလည်း ကချင်အတွက် သင်ခန်းစာတခု ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာပါဝင်လာလို့ သဘောတူညီချက် ရယူနိုင်တဲ့ သာဓက ဖြစ်ပါတယ်။
XS
SM
MD
LG