သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကောင်းရေသန့် ရရှိရေး


တိုင်းသူပြည်သား ကျန်းမာဖို့အတွက် ရေကောင်းရေသန့်ကို သောက်သုံးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ရေကောင်းရေသန့်ဟာ အလိုအလျောက် ရောက်လာတာ မဟုတ်ပါဘူး။ ကမ္ဘာ့ရေထုမှာ (၃) ရာခိုင်နှုန်းသာ သောက်ရေအဖြစ် သုံးနိုင်ပါတယ်။ ဒီ (၃) ရာခိုင်နှုန်းမှာ (၂) ရာခိုင်နှုန်းက ရေခဲ ဖြစ်နေတာမို့ ကမ္ဘာ့ရေထုရဲ့ (၁) ရာခိုင်နှုန်းကိုသာ သောက်ရေအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် မြစ်ရေကန် ဆည် နဲ့ ရေတွင်းရေကို ပိုးမွှား၊ အညစ်အကြေးနဲ့ အဆိပ်အတောက် ကင်းစင်အောင်လုပ်ပြီးမှ သုံးစွဲဖို့ဟာ ပြည်သူ့ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ ရေ အရည်အသွေးညံ့ရင် ရောဂါဘယ ထူပြောပါတယ်။

အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် မြန်မာနိုင်ငံမှာ ရေ အရည်အသွေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ဆိုတာ မရှိသလောက် ဖြစ်နေပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်က ရေ အရည်အသွေး စစ်ဆေးတဲ့ စာတမ်းကို ဂျပန်ပညာရှင် စကိုင်းအိ၊ ကတာအိုးက နဲ့ ဖူကိုရှိ တို့က (၂၀၁၃) မှာ ထုတ်ဝေပါတယ်။ နေပြည်တော်က စက်တွင်းတခုနဲ့ ဆည်နှစ်ခုကို စစ်ဆေးပြီး ရန်ကုန်မှာတော့ ရေကန်နဲ့ မြစ်တွေကို စစ်တယ်လို့ ဆိုပါတယ်။ နေပြည်တော်ကိုပေးတဲ့ ဆည်ရေဟာ အရည်အသွေးကောင်းတယ်လို့ ဆိုပါတယ်။ ရန်ကုန်ဝန်းကျင်က မြစ်ရေကိုတော့ သန့်စင်အောင်လုပ်ပြီးမှ သောက်သုံးသင့်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဆည် (၂၄၀)၊ မြစ်ရေတင်လုပ်ငန်း (၃၂၇) ခုနဲ့ ဆည်မြောင်းတစ်သောင်းကျော်ကနေ စိုက်ပျိုးလယ်ယာအတွက် ရေပေးနေပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ အခု သုံးစွဲတဲ့ရေပမာဏဟာ ရှိတဲ့ ရေအရင်းအမြစ်ရဲ့ (၅) ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ သိရပါတယ်။ သုံးတဲ့ ရေပမာဏမှာ (၈၉) ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးမှာသုံးပြီး (၈) ရာခိုင်နှုန်းက အိမ်သုံး၊ (၃) ရာခိုင်နှုန်းက စက်မှုလုပ်ငန်းအတွက် ဖြစ်တယ်လို့ သိရပါတယ်။ ရေအသုံးနည်းဆုံး စက်မှုလုပ်ငန်းဟာ ရေညစ်ညမ်းအောင် အများဆုံး လုပ်နေပါတယ်။ ရန်ကုန်စက်မှုဇုန်ဖြစ်တဲ့ လှိုင်သာယာ နဲ့ ရွှေပြည်သာက မြောင်းရေကို စစ်ဆေးကြည့်တဲ့အခါမှာ ခဲဆိပ် နဲ့ အာဆစ်နစ်စိန်ဒြပ် လွန်ကဲနေတာ တွေ့တယ်လို့ စိမ်းလန်စိုပြေအမိမြေအသင်းက ဆိုပါတယ်။ လှိုင်သာယာက ရေဆိုးဟာ ပန်းလှိုင်မြစ်ထဲ စီးဆင်းတာမို့ မြစ်ရေသုံးသူတွေကို အန္တရာယ် ဖြစ်စေပါတယ်။

စက်မှုဇုန်က စွန့်ပစ်တဲ့ ရေဆိုးကြောင့် အမရပူရမြို့နယ် တောင်သမန်းအင်းက ငါးတွေ သေကုန်ပါတယ်။ အင်းရေမှာ ခဲဆိပ်သင့်တဲ့နှုန်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ စံချိန်ထက် အဆပေါင်း (၅၀) လောက် ပိုများနေပါတယ်။ ခဲဆိပ်သင့်တဲ့ ငါးတွေ စားသုံးတဲ့အထဲ ပါသွားနိုင်ပါတယ်။ အင်းလေကန်က သောက်ရေကို ဓါတ်ခွဲကြည့်တဲ့အခါ အဆိပ်ဓါတ်အတော်များများ ပါဝင်နေတာ တွေ့ရပါတယ်။ ခဲဆိပ်သင့်တဲ့နှုန်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတာထက် အဆပေါင်း တစ်ရာလောက် ပိုများနေပါတယ်။ အင်းလေးကန်ရေ ညစ်ညမ်းတဲ့အတွက် ရေပေါ်ရွာတွေမှာ အရေးပြားရောဂါ ဖြစ်ပွားပါတယ်။ ခဲဆိပ်သင့်တဲ့ရေကိုသောက်ရင် ကျန်းမာရေး ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်စေပါတယ်။ အင်းလေးရေဟာ သောက်သုံးဖို့ မသင့်ကြောင်း နိုင်ငံခြားအဖွဲ့တွေကလည်း လေ့လာတွေ့ရှိပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ Delco သတ္တုကုမ္ပဏီရဲ့ စွန့်ပစ်ရေကန်ကျိုးပေါက်တာကို ဒေသခံတွေ လွန်ခဲ့တဲ့လက ကန့်ကွက်ဆန္ဒပြကြပါတယ်။ မနှစ်ကလည်း စွန့်ပစ်ကန် ကျိုးပေါက်ပြီး နုန်းရေဆိုးတွေ ထွက်လာလို့ ဆယ်နှစ်အရွယ် ကလေးတဦး သေဆုံးရပါတယ်။ ကုမ္ပဏီက လျှော်ကြေးကျပ်သိန်း (၇၀) ပေးပြီး ဆက်လုပ်နေရာက ဇန်နဝါရီလက ဒုတိယအကြိမ် စွန့်ပစ်ရေကန် ကျိုးပေါက်တာ ဖြစ်ပါတယ်။ အရင်းရှင်စီးပွားရေးနဲ့ ပြည်သူ့ကျန်းမာရေး ပဋိပက္ခ ဖြစ်ရာမှာ ပြည်သူ့ဘက်က တုံ့ပြန်နိုင်အောင် (၇၇) မျိုးဆက်အဖွဲ့အစည်းက ဆောင်ရွက်ပေးကြောင်း သိရှိရပါတယ်။ စက်ရုံနဲ့ စွန့်ပစ်ရေကို အန္တရာယ်ကင်းအောင်လုပ်ပြီးမှ မြစ်ထဲစွန့်ပစ်တဲ့ ကုမ္ပဏီဦးရေဟာ ဆယ်ရာခိုင်နှုန်းသာရှိကြောင်း သိရပါတယ်။ ဒါကြောင့် ရေဆိပ်သင့်မှုဟာ သိရတာထက် အဆပေါင်းများစွာ ပိုများနိုင်ပါတယ်။

၁၉၈၈ စစ်အစိုးရ တက်ချိန်ကစပြီး မြေအောက်ရေကို သောက်ရေအဖြစ် သုံးစွဲနိုင်အောင် စက်ရေတွင်းက တစ်သောင်းကျော်၊ လက်ရိုက်တွင်း နှစ်သောင်းကျော်၊ ရေတွင်း စုစုပေါင်း (၃၈၀၀၀) ကျော် တူးပေးနိုင်ခဲ့တယ်လို့ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝက်ဆိုဒ်မှာ ဖော်ပြပါတယ်။ ဖြူးဖွေပြီး အရသာရှိတဲ့ ရေကို ပြည်သူတွေ သောက်သုံးတဲ့ ဓါတ်ပုံတွေလည်း တွေ့ရပါတယ်။ မတွေ့ရတာကတော့ တွင်းရေ အာဆီနစ်အဆိပ်ဓါတ် ပါဝင်နေတဲ့ အချက်ပါပဲ။ အာဆစ်နစ်စိန်ဒြပ်ဟာ အနံ့အရသာမရှိတဲ့အတွက် သိဖို့ခက်ခဲပါတယ်။ အာဆီနစ် အဆိပ်သင့်တဲ့ရေကို မသောက်မိဖို့ လိုအပ်ပါတယ်။

၂၀၀၀ ခုနှစ်က သာပေါင်း၊ လေးမျက်နှာ၊ ဟင်္သာတ နဲ့ ကျုံပျော်မြို့တွေမှာ သောက်ရေတွင်း နှစ်ထောင်နီးပါးကို UK ကလေး ကယ်ဆယ်ရေးအဖွဲ့က စစ်ဆေးတဲ့အခါမှာ တဝက်လောက်ဟာ အာဆီနစ် အဆိပ်သင့်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ ကလေးရန်ပုံငွေအဖွဲ့က မနှစ်က စစ်ဆေးတဲ့အခါမှာလည်း မြစ်ဝကျွန်းပေါ်မှာ အာဆီနစ်အဆိပ်သင့်မှုတွေရှိကြောင်း သိရပါတယ်။ အာဆီနစ်စိန်ဒြပ်ဟာ သွေးဆဲလ် တည်ဆောက်မှုကို အထောက်အကူပြုပေမယ့် လွန်ကဲတဲ့အခါမှာ အဆိပ်ဖြစ်ပြီး သွေးဆလ်တွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် ရေထဲမှာ အာဆီနစ်စိန်ဒြပ် ပါဝင်တဲ့ အတိုင်းအဆကို သိရှိနိုင်ဖို့ဟာ ပြည်သူ့ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။

XS
SM
MD
LG