သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တို့လို့တန်းလန်း ပြုပြင်ရေးနဲ့ အမေရိကန်


မြန်မာပြည်မှာ ပြုပြင်ရေးလုပ်တာကို အမေရိကန်နိုင်ငံခြားရေးလမ်းစဉ်ရဲ့ အောင်မြင်မှုတခုလို့ သမ္မတအိုဘားမားက ယူဆပါတယ်။ ဒါပေမဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ၊ စာနယ်ဇင်း နှိပ်ကွပ်မှု၊ ကချင်ပြည်နယ်နယ်စပ်စစ်ပွဲနဲ့ အခြေခံဥပဒေပြင်ဆင်ရေးစတဲ့ ပြဿနာတွေကြောင့် မတည်မငြိမ်ဖြစ်နိုင်တဲ့အတွက် ပြုပြင်ရေးလုပ်ငန်းတွေ နောက်ဆုတ်သွားနိုင်တယ်လို့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ယူဆနေကြပါတယ်။ တို့လို့တန်းလန်းဖြစ်နေတုန်းမှာ စနစ်ဟောင်းကို ပြန်မရောက်အောင်လုပ်ဖို့ အရေးကြီးကြောင်း နိုင်ငံခြားရေးဝန်ကြီး John Kerry က မကြာမီက နေပြည်တော်မှာ ပြောဆိုသွားပါတယ်။

ပြုပြင်ရေးဆက်မလုပ်နိုင်လို့ နောက်ကြောင်းပြန်ရင် အမေရိကန်အစိုးရပါ သိက္ခာကျနိုင်တဲ့သဘော ရှိပါတယ်။ ပြုပြင်ရေးအစီအစဉ် သောင်မတင်ရေမကျ ဖြစ်နေတုန်းမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုကြည့်ပြီး တိုးတက်ဖို့ အလားအလာနည်းလာတယ်လို့ ပြည်တွင်းပြည်ပမှာ ယူဆနေကြပါတယ်။ လက်ရှိ အခြေအနေဟာ အရင်အတိုင်း ပြန်သွားမလို ဖြစ်နေကြောင်း ဟားဗတ်တက္ကသိုလ် ပညာရှင်တွေဖြစ်တဲ့ David Dapice နဲ့ Thomas Valley တို့က ဧပြီလထုတ်စာတမ်းမှာ သုံးသပ်ထားပါတယ်။ ပျက်စီးဆုတ်ယုတ်တာမျိုး မဖြစ်ရအောင် ပြုပြင်ရေးအစီအစဉ်တွေ ပိုမိုကောင်းမွန်လာစေဖို့ စာတမ်းရေးတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂ UNDP ဌာနခွဲရဲ့ လူသားရင်းမြစ် တိုးတက်ဖွံ့ဖြိုးရေး (၂၀၁၂) စာရင်းမှာ မြန်မာဟာ အောက်ဆုံးအဆင့် ရောက်နေပါတယ်။ နေပြည်တော်တည်ဆောက်ရေးကို ဦးစားပေးပြီး တိုင်းပြည်ဖွံဖြိုးရေးကို လျစ်လျူရှုခဲ့လို့ ဒီလို ဖြစ်သွားတာပါ။ သဘာဝသယံဇာတကလွဲရင် အိမ်နီးချင်းနိုင်ငံတွေအားလုံး မြန်မာထက်သာပါတယ်။ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တိုးပွားလာတယ်ဆိုပေမယ့် လူတစုသာ အကျိုးခံစားရတာဖြစ်လို့ အစိုးရရဲ့ အားနည်းချက်ကို ပြသရာရောက်ပါတယ်။ ပြုပြင်ရေးလမ်းကြောင်းအတိုင်း ဆက်သွားနိုင်အောင် တိုင်းရင်းသားပြဿနာကို ဖြေရှင်းပြီး ဘာသာရေးအကြမ်းဖက်မှု ပြေလည်အောင် လုပ်ရပါလိမ့်မယ်။ စစ်တပ်အပါအဝင် သက်ဆိုင်ရာအင်အားစုအားလုံး စေ့စပ်ညှိနှိုင်းပြီး ဆွေးနွေးရယူတဲ့ သဘောတူညီချက်အပေါ်မှာ အခြေခံတဲ့ ဖယ်ဒရယ်စနစ်ကို တည်ထောင်နိုင်ဖို့ လိုအပ်နေပါတယ်။

သဘာဝသယံဇာတ အရင်းအမြစ်ကို တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးမှာ အသုံးပြုဖို့အတွက် အဓိက အင်အားစုတွေပါဝင်တဲ့ ညွှန့်ပေါင်းစနစ်ကို တည်ဆောက်ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အဖွဲ့ချုပ်၊ ဦးရွှေမန်းခေါင်းဆောင်တဲ့ လွှတ်တော်၊ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့စစ်တပ် နဲ့ တိုင်းရင်းသားအုပ်စုတွေပါဝင်တဲ့ ငါးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ကို တည်ထောင်ဖို့ လိုပါတယ်။ NLD ဟာ တရားမျှတတဲ့ ရွေးကောက်ပွဲကိုသာ အာရုံစိုက်နိုင်ပါတယ်။ စစ်တပ်ကလည်း ရထားတဲ့လုပ်ပိုင်ခွင့်တွေကို စွန့်လွှတ်ဖို့ စိတ်ကူးရှိဖွယ် မရှိပါဘူး။ ဒါပေမဲ့ စစ်အုပ်စု သိမ်းယူထားတဲ့ ဓနဥစ္စာတွေကို အသိအမှတ်ပြုပြီး စစ်တပ်ရဲ့ အနာဂတ်ကို စေ့စပ်ဆွေးနွေးပြီး အာခမခံနိုင်ရင် စစ်တပ်ရော တိုင်းပြည်ပါ ရေရှည်မှာ အကျိုးခံစားရဖွယ် ရှိတယ်လို့ ဆိုပါတယ်။

မတရားတဲ့ ရွေးကောက်ပွဲက မွေးထုတ်လိုက်တဲ့ လွှတ်တော်မှာ စစ်အုပ်စု အကျိုးစီးပွားကိုယ်စားပြုသူတွေ ပါဝင်ပေမယ့်၊ ဒီလမ်းက ခွဲထွက်လိုသူတွေလည်း ရှိနေပါတယ်။ တရားဥပဒေစိုးမိုးမှုဟာ လူချမ်းသာတွေရဲ့ အကျိုးစီးပွားကိုလည်း ကာကွယ်ရာရောက်ကြောင်း လွှတ်တော်အမတ်တွေ ယုံကြည်လာအောင် ဦးရွှေမန်းက နားချနိုင်ပါတယ်။ ဦးရွှေမန်းဟာ အမျိုးသားစည်းလုံးရေးအမြင်ရှိသူမို့ ဖယ်ဒရယ်ကိစ္စကို ကိုင်တွယ်နိုင်ဖွယ် ရှိပါတယ်။ လက်ရှိအစိုးရဟာ ပြုပြင်ရေးကို ဦးစားပေးပေမယ့် စစ်တပ်ကို မချုပ်ကိုင်နိုင်မှု၊ လက်တွေ့ အကောင်အထည်ဖော်တဲ့ စွမ်းရည်ကင်းမဲ့မှု၊ အမိန့်ပေးစနစ်ကို အားကိုးမှု စတာတွေကြောင့် ပြုပြင်ရေး နှောင့်နှေးနေပါတယ်။ လက်အောက်ခံလို ဆက်ဆံတာကို ခံနေရတဲ့ တိုင်းရင်းသားတွေကတော့ မယုံသင်္ကာဖြစ်ပေမယ့် ဦးဆောင်လုပ်ကိုင်နိုင်တဲ့ အခြေအနေမရှိဘဲ ဖြစ်နေပါတယ်။

တိုင်းပြည်အသားတင် ထုတ်လုပ်မှု (၂၅) ရာခိုင်နှုန်းဟာ သယံဇာတဖြစ်ပေမယ့် ရောင်းရတဲ့ငွေကို လိုအပ်တဲ့နေရာမှာ ရင်းနှီးမြုပ်နံှတာ မဟုတ်ပါဘူး။ သယံဇာတ ရောင်းလို့ရတဲ့ငွေကို တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက် မသုံးနိုင်ရင် နစ်နာဆုံးရှုံးမှုကိုသာ တွေ့ရပါလိမ့်မယ်။ လက်ရှိ အစိုးရက တိုင်းရင်းသားအုပ်စုတွေနဲ့ စေ့စပ်ဆွေးနွေးနေပေမယ့် စစ်တပ်မှာ အခြားရည်ရွယ်ချက် ရှိနိုင်တယ်လို့ မြင်ကြပါတယ်။ စစ်တပ်ကြောင့် ဆွေးနွေးပွဲတွေ မအောင်မြင်တာလို့ မြင်ကြပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ NLD အနိုင်ရရင် အစိုးရဖွဲ့ရမှာ ဖြစ်ပေမယ့် အုပ်ချုပ်နိုင်ဖို့အတွက် ညွှန့်ပေါင်းစနစ် ရှိဖို့ လိုပါတယ်။ နိုင်ငံရေးသမားတွေကို ဓမ္မဓိဌာန်ကျကျ အကြံဉာဏ်ပေးနိုင်မယ့် ကျွမ်းကျင်သူနဲ့ အရာထမ်းတွေလည်း ရှိဖို့လိုပါတယ်။ ပေါ်ပင်သင်တန်းတွေ ပေးရုံနဲ့ မလုံလောက်ပါဘူး။ ဒေသအခြေအနေကို သုတေသနလုပ်ပြီး ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ကောင်းမွန်တဲ့အနာဂတ်ကို သွားတဲ့လမ်းဟာ ကွေ့ကောက်ရှည်လျားတာမို့ အလွန်သည်းခံပြီး ကြိုးပမ်းရပါလိမ့်မယ်။ အတူတကွ လက်တွဲမလုပ်နိုင်ရင် အတိုင်းမသိတဲ့ နစ်နာဆုံးရှုံးမှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ ပဋိပက္ခတွေကို မဖြေရှင်းနိုင်ရင် လွတ်လပ်တဲ့ တိုင်းပြည်ဘဝကနေ မှီခိုတဲ့ တိုင်းပြည်ဘဝ ရောက်သွားပြီး တဖြည်းဖြည်းနဲ့ ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီးနိုင်စွမ်း ရှိတော့မှာ မဟုတ်ကြောင်း David Dapice နဲ့ Thomas Vallely တို့က သုံးသပ်ထားပါတယ်။

XS
SM
MD
LG