သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာရန်ကုန်မြို့တော် စီမံကိန်း


စီးပွားရေးအကျိုးအမြတ်ကိုကြည့်ပြီး မသင့်တော်တဲ့၊ မလိုက်ဖက်တဲ့ အဆောက်အအုံတွေ တည်ဆောက်ထားတာကြောင့် ရန်ကုန်မြို့တော် ပုံပျက်ပန်းပျက် ဖြစ်နေပြီလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ (၅) ရက်နေ့က ကျင်းပတဲ့ မြို့တော်ခန်းမဆွေးနွေးပွဲမှာ ပြောသွားပါတယ်။ ရန်ကုန်မြို့တော်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး စိမ်းလန်းစိုပြေလာအောင် ပညာရှင်တွေ အကြံပေးသလို အကောင်အထည်ဖော်ရာမှာ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာ မြို့နယ် (၃၃) ခုနဲ့ လူဦးရေ (၅) သန်းကျော် ရှိပါတယ်။ လူဦးရေး သိပ်သည်းမှုဟာ ဘင်္ဂလားဒေ့ရှ်က ဒါကားမြို့တော်နီးပါး ဖြစ်နေပါပြီ။

မဟာရန်ကုန်မြို့တော် စီမံကိန်း
please wait

No media source currently available

0:00 0:04:59 0:00
တိုက်ရိုက် လင့်ခ်


ဒီအတိုင်း ဆက်သွားမယ်ဆိုရင် နောင်လာနောင်သားတွေ နေရေးထိုင်ရေး ခက်ခဲလာမယ်လို့ မြို့ပြပညာရှင်တွေက မြင်ပါတယ်။ ရန်ကုန်ကို ကယ်တင်ဖို့ ဆွေးနွေးပွဲလုပ်ရတဲ့အထိ အခြေအနေ ဆိုးဝါးလာပါတယ်။ အစိုးရစီမံကိန်း ရှိတဲ့နေရာမှာ ခရိုနီအရင်းရှင်က မြေယာဝယ်ယူစုဆောင်းမှု၊ မြန်မာနိုင်ငံသားအမည်နဲ့ တရုတ်သူဌေးက မြေဝယ်ယူမှု၊ အစိုးရဌာနပိုင်မြေကို ရောင်းချမှု စတာတွေကြောင့် ရန်ကုန်မြေဈေး ထိုးတက်သွားပြီး မြို့သူမြို့သားတွေ နေရထိုင်ရ ကျဉ်းကျပ်လာပါတယ်။ ဒီလို ပရမ်းပတာ ဖြစ်နေတာကို အချိန်မီ စနစ်တကျ မထိန်းချုပ်ရင် ကြာလေဆိုးလေ ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

လက်ရှိ လူဦးရေ (၅) သန်းကျော်ဟာ နောက် (၂၅) နှစ်ကြာရင် ဆယ်သန်းကျော်လာလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ အနာဂတ် ရန်ကုန်တည်ဆောက်ရေးအတွက် ၂၀၁၄ မှာ Japan International Corporation Agency နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပူးတွဲထုတ်ဝေတဲ့ “မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ - A Strategic Urban Development Plan of Greater Yangon” ဆိုတဲ့ (၁၆၉) မျက်နှာ စာတမ်း ထွက်လာပါတယ်။ ထန်းတပင်၊ မှော်ဘီ၊ လှည်းကူး၊ သံလျှင်၊ ကျောက်တန်း၊ တွံတေး၊ ဒလ စတဲ့ မြို့နယ်တွေအထိ မဟာရန်ကုန်ကို တိုးချဲ့ဖို့ ရည်ရွယ်ပါတယ်။ စီမံကိန်းကာလ (၂၅) နှစ်အတွင်း အနည်းဆုံး ဒေါ်လာသန်းတသိန်းကျော် ကုန်ကျနိုင်တယ်လို့ ခန့်မှန်းပါတယ်။ မြို့လယ်စီးပွားရေးရပ်ကွက်ကနေ မြို့ပြင်မြို့နယ်တွေအထိ တဖြည်းဖြည်း မြို့ပြချဲ့ထွင်မယ့် စီမံချက် ဖြစ်ပါတယ်။

ဂျပန်ကုမ္ပဏီ (၆) ခု ပါဝင်ပြီး မြန်မာဘက်ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့၊ သိပ္ပံနဲ့အတတ်ပညာဝန်ကြီးဌာန နဲ့ မြန်မာ့ဗိသုကာအသင်း ပါဝင်ပါတယ်။ အာဏာပိုင်ကတော့ ရန်ကုန်တိုင်းအစိုးရ ဖြစ်ပါတယ်။ ရန်ကုန်နေ လူဦးရေ (၅၀) ရာခိုင်နှုန်းကျော်ဟာ ဝင်ငွေနည်းသူတွေ ဖြစ်ကြတာမို့ သူတို့အတွက် သင့်တော်တဲ့ အိမ်ယာဆောက်လုပ်ရေးဟာ အပူတပြင်း ဖြေရှင်းရမယ့် ပြဿနာ ဖြစ်နေပါတယ်။ ရန်ကုန်ရဲ့ ရေရှည်အကျိုးစီးပွားကို စောင့်ရှောက်ဖို့ တိုင်းအစိုးရမှာ တာဝန်ရှိပေမယ့် ဦးမြင့်ဆွေဟာ တာဝန်မဲ့တယ်လို့ မြင်ကြပါတယ်။ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာ ပညာရှင်တွေပေးတဲ့ အကြံဉာဏ်ကို လက်မခံတဲ့အတွက် ရန်ကုန်မြို့တော်ဟာ အခုလို ကိုးရိုးကားယားပုံစံ ဖြစ်နေရတယ်လို့ သိရှိရပါတယ်။

ဂျပန်ကူညီမယ့် “မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ” စီမံကိန်း ထွက်လာပြီး မကြာမီ လှိုင်မြစ် နဲ့ လှိုင်သာယာ - တွံတေးကားလမ်းကြားက မြေဧက သုံးသောင်းကျော်ကို ရန်ကုန်မြို့သစ်စီမံကိန်း အမည်တပ်ပြီး တရုတ်ပိုင်ကုမ္ပဏီကု လက်သိပ်ထိုးပေးတာကို ဝေဖန်ရှုတ်ချတဲ့အတွက် ၂၀၁၄ စက်တင်ဘာလမှာ စီမံကိန်းကို ရပ်ဆိုင်းလိုက်ရပါတယ်။ ဒါပေမဲ့ ဂျပန် JICA ကတော့ ဒီ စီမံကိန်းဟာ ၂၀၄၀ မဟာဗျူဟာစီမံကိန်းမှာ မပါဘူးလို့ ငြင်းဆိုပါတယ်။ အခုတော့ ဒီ စီမံကိန်းမှာ လုပ်လိုသူတွေ ဇူလိုင်လ (၂၁) ရက်နေ့ နောက်ဆုံးထားပြီး အဆိုပြုလွှာတင်ဒါကို တင်သွင်းကြဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးက ကြေညာထားပါတယ်။ ပွင့်လင်းမြင်သာတဲ့ တင်ဒါစနစ် ကျင့်သုံးနေပုံ ရပါတယ်။ မြေအလွဲသုံးစားလုပ်မှုကြောင့် ရန်ကုန်မြေဈေးဟာ နယူးရောက်ထက် ပိုကြီးနေတာကို အမေရိကန်တွေ မြင်တွေ့နေရပါတယ်။

ပုဂ္ဂလိက နဲ့ အစိုးရ ပူးတွဲလုပ်နိုင်ရင် အိုးအိမ်ပြဿနာ ဖြေရှင်းနိုင်မယ်လို့ စီမံကိန်းတွေမှာ တင်ပြထားတာဟာ အဂတိလိုက်စားဖို့ အခွင့်ကောင်းဖြစ်နေပုံကို ရန်ကုန်တိုင်းအစိုးရဟောင်းက သက်သေပြနေပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ် တန်းဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေး စီမံကိန်း အရှုပ်အထွေး၊ ကုန်းကျော်တံတားမှာ အစိုးရဘဏ္ဍာဆုံးရှုံးမှု စတဲ့ ဖောက်ပြန်မှုတွေဟာ ဒုသမ္မတဦးမြင့်ဆွေ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဘဝမှာ ဖြစ်ပွားခဲ့တာပါ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းကတော့ အဂတိကင်းရှင်းစွာ ပြည်သူ့အကျိုးသယ်ပိုးမယ်လို့ သတင်းမီဒီယာရှေ့မှာ ဂတိပေးထားပါတယ်။

စီမံကိန်းလက်တွေ့ အကောင်အထည် မဖော်ရသေးမီမှာ မြေအရောင်းအဝယ်လုပ်ပြီး ဈေးကစားတာကြောင့် မြေဈေးတွေ ထိုးတက်ကုန်တာ ဖြစ်ပါတယ်။ တပ်မြေကို တပ်က မသုံးရင် နိုင်ငံတော်ကို ပြန်ပေးရမှာ ဖြစ်ပေမယ့် ပုဂ္ဂလိကကို ရောင်းစားပါတယ်။ မဖွယ်ရာတဲ့ စီမံကိန်းဖြစ်လို့ အစိုးရသစ်က ရပ်ဆိုင်းထားရပါတယ်။ လွှတ်တော်အဟောင်းက အတည်ပြုထားတဲ့ မဟာရန်ကုန်စီမံကိန်းကို ရန်ကုန်တိုင်းအစိုးရသစ်က ပြန်လည်စီစစ်ပြီး စနစ်တကျ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

XS
SM
MD
LG