သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မားဒေါ့ခ်ပိုင် News of the World နောက်ဆုံးထုတ်ထွက်ပြီး ပိတ်တော့မည်


Rescue workers comb through debris after a tornado swept through Granbury, Texas, May 16, 2013.
Rescue workers comb through debris after a tornado swept through Granbury, Texas, May 16, 2013.

ဗြိတိန်နိုင်ငံမှာ သူများဖုန်းတွေကို ကြားဖြတ် ခိုးနားထောင်ခဲ့တဲ့ကိစ္စကြီး လူသိရှင်ကြား ဖြစ်ခဲ့လို့ အရောင်းရဆုံး စာရင်းဝင် News of the World လူပြိန်းကြိုက်သတင်းစာ နောက်ဆုံးစာစောင် ထုတ်ဝေဖို့ သတင်းစာတိုက်က ပြင်ဆင်နေချိန်မှာ အဲဒီသတင်းစာတိုက် အပါအဝင် သတင်းမီဒီယာလုပ်ငန်းများစွာကို ပိုင်ဆိုင်သူ သူဌေးကြီး ရူးပတ် မားဒေ့ါခ် (Rupert Murdoch) ဟာ လန်ဒန်မြို့ကို သွားနေပါပြီ။

ထုတ်ဝေခဲ့တဲ့ သက်တမ်း ၁၆၈ နှစ်ရှိပြီဖြစ်တဲ့ News of the World သတင်းစာ နောက်ဆုံးထုတ် ထွက်မယ့် တနင်္ဂနွေနေ့မှာ မစ္စတာ မားဒေါ့ခ် ဗြိတိန်ကိုရောက်မှာ ဖြစ်ပါတယ်။

သတင်းစာတိုက်က သတင်းထောက်တွေဟာ သတင်းရေးနိုင်ဖို့ ရဲကိုလာဘ်ထိုးပြီး သတင်းအချက်အလက် တွေ ရယူတယ်၊ သတင်းဖြစ်နေသူတွေရဲ့ တယ်လီဖုန်းတွေကို ခိုးပြီး နားထောင်တာတွေ လုပ်တယ်ဆိုတဲ့ အသေးစိတ်သတင်းတွေ ထွက်ပေါ်လာနေ ချိန်မှာ News of the World သတင်းစာတိုက်ကို ပိတ်ဖို့ အားလုံးခြုံငုံပြီး ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ News Corporation ကြီးရဲ့ အမှုဆောင်အရာရှိချုပ် Rupert Murdoch က အမေရိကန် သတင်းညီလာခံတခုမှာ စနေနေ့က ပြောခဲ့ပါတယ်။ သတင်းထောက်တွေဟာ အသတ်ခံခဲ့ရတဲ့ ဆယ်ကျော်သက် မိန်းကလေးတယောက်ရဲ့ ဖုန်းပြောစကားအပါအဝင် ကျဆုံးစစ်သည် မိသားစုဝင်တွေရဲ့ ဖုန်းပြောစကားတွေကို ခိုးယူ နားထောင်ခဲ့ကြတာပါ။

News of the World ရဲ့ အယ်ဒီတာ Colin Myler က သူ့ရဲ့ဝန်ထမ်းတွေဆီကို ပေးပို့တဲ့ အီးမေးလ်မှာ ဂုဏ်ယူစရာ သတင်းစာတစောင်ဖြစ်အောင် ထုတ်ဝေမယ်ဆိုတာ သူသိပါတယ်လို့ ပြောကြားထားပါတယ်။ သတင်းစာ ရပ်လိုက်ရတာအပေါ်မှာတော့ သူတို့ ရောက်စေချင်တဲ့ အခြေအနေမဟုတ်သလို ဒီလိုဖြစ်ရတာနဲ့ သူတို့ မထိုက်တန်ပါဘူးလို့ ရေးသားပေးပို့ခဲ့ပါတယ်။

News of the World သတင်းစာတိုက် ပိတ်လိုက်တဲ့အတွက် သတင်းထောက် ၂၀၀ လောက် အလုပ်ပြုတ် ကြမှာ ဖြစ်ပါတယ်။ အခုလို သတင်းထောက်တွေ ဖုန်းကြားဖြတ် ခိုးနားထောင်တဲ့ကိစ္စကို တရားဝင် စုံစမ်း စစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ပေးဖို့ ဝန်ကြီးချုပ် David Cameron ကို အတိုက်အခံ လေဘာပါတီက ဖိအားပေးနေပါတယ်။

ဗြိတိန်က BSkyB အသံလွှင့်လုပ်ငန်းကြီးမှာ သူမပိုင်သေးတဲ့ ရှယ်ယာ ၆၁% ကို ဒေါ်လာ ၁၃ ဘီလျံကျော်နဲ့ ဝယ်ဖို့ ရူးပတ် မားဒေ့ါခ် က ကမ်းလှမ်းထားချိန်မှာ ခုလို အငြင်းပွားစရာကိစ္စကြီး ပေါ်လာတဲ့အတွက် ဒီကိစ္စ ဟာလည်း နှောင့်နှေးသွားနိုင်ပါတယ်။

XS
SM
MD
LG