သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသတ်ရန်ကြိုးပမ်းမှု နှင့် Rahami စွဲချက်တင်ခံရ


 နယူးယောက်မြို့ ဗုံးဖောက်ခွဲမှုအတွက် သံသယဖြစ်ခံထားရသူ အသက် ၂၈ နှစ်အရွယ် Ahmad Rahami
နယူးယောက်မြို့ ဗုံးဖောက်ခွဲမှုအတွက် သံသယဖြစ်ခံထားရသူ အသက် ၂၈ နှစ်အရွယ် Ahmad Rahami

လူ ၂၉ ဦး ထိခိုက်ဒဏ်ရာ ရသွားစေခဲ့တဲ့ နယူးယောက်မြို့ ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သူလို့ သံသယဖြစ်ခံထားရသူဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ရာက ရရှိသွားတဲ့ ဒဏ်ရာတွေကို ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာမှာ ပြန်နာလန်ထူလာနေပြီ ဖြစ်ပါတယ်။

ရဲအရာရှိ ၂ ဦး ဒဏ်ရာရသွားခဲ့တဲ့ ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှုကို အခြေခံပြီး လူသတ်ရန် ကြိုးစားမှု ၅ မှုနဲ့ အသက် ၂၈ နှစ်အရွယ် Ahmad Khan Rahami ကို အစိုးရရှေ့နေတွေက စွဲချက် တင်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် Ahmad Rahami ကို ဗုံးဖောက်ခွဲမှုအတွက် စစ်ဆေး မေးမြန်းဖို့ အလိုရှိကြောင်း နယူးယောက် တမြို့လုံး အတိုင်းအတာနဲ့ ရဲတပ်ဖွဲ့က သူ့ဓါတ်ပုံနဲ့တကွ ကြေညာချက် ထုတ်ပြန်အပြီးမှာ Rahami ကို Manhattan နဲ့ မဝေးလှတဲ့ New Jersey ပြည်နယ် Linden မြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိလိုက်တာဖြစ်ပါတယ်။

Linden မြို့က အရက်ဆိုင်ပိုင်ရှင်တဦးက သူ့ဆိုင်တံခါးဝနားမှာ လူတယောက် အိပ်နေကြောင်း ဆိုင်ပိုင်ရှင်က ရဲတပ်ဖွဲ့ကို တနင်္လာနေ့မနက်က တိုင်ကြားခဲ့တာမှာ အဲဒီလူဟာ Rahami ဖြစ်နေတယ်ဆိုတာကို ရဲက သိရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Rahami က သေနတ်နဲ့ ပစ်လိုက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက် ဒဏ်ရာရသွားခဲ့ပြီး သူလည်း ဒဏ်ရာရသွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရမှု အားလုံးဟာ အသက်ကို အန္တရာယ်ပြုနိုင်တဲ့ အနေအထားမဟုတ်ဘူးလို့ ဆိုပါတယ်။

Rahami ဟာ ဗုံးဖောက်ခွဲမှုအတွက် သံသယဖြစ်ခံရသူအဖြစ် ဘယ်လို သိရှိသွားတယ်ဆိုတာကိုတော့ FBI ပြည်ထောင်စု စုံစမ်းရေးဗြူရိုက ပြောကြားခြင်း မရှိပါဘူး။ ဒါပေမယ့် ဗုံးပေါက်ကွဲမှု ဖြစ်သွားတဲ့ နေရာတွေအနီးမှာရှိတဲ့ စောင့်ကြည့် ကင်မရာတွေထဲမှာ Rahami ရဲ့ ပုံကို စုံစမ်း စစ်ဆေးသူတွေက အကြိမ်ကြိမ် တွေ့ရှိခဲ့ကြရတယ်လို့ ဆိုပါတယ်။ စုံစမ်း စစ်ဆေးရေးမှူးတွေအနေနဲ့ Rahami ရဲ့ လက်ဗွေရာတွေကို ဗုံးပေါက်ကွဲခဲ့တဲ့ အစအနတွေထဲမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

နယူးယောက်မြို့တော်ဝန် Bill de Blasio က Rahami ဟာ လောလောဆယ်တော့ မသင်္ကာရသူ တဦးအနေနဲ့သာ ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ သမ္မတ Barack Obama ကတော့ ဒီစုံစမ်း စစ်ဆေးမှုဟာ တိုးတက်မှုတွေ ရရှိနေပြီး ဖြစ်ရပ်မှန်ကို သိရှိနိုင်ဖို့ အားလုံးက ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။

Rahami ဟာ အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုမှာ ရွေ့ပြောင်းနေထိုင်ပြီး နိုင်ငံသား ခံယူထားသူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG