သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက် ပေါက်ကွဲမှု ၂၉ ယောက် ဒဏ်ရာရ


နယူးယောက် ပေါက်ကွဲမှု ၂၉ ယောက် ဒဏ်ရာရ
နယူးယောက် ပေါက်ကွဲမှု ၂၉ ယောက် ဒဏ်ရာရ

လူ ၂၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟန်တန် Chelsea အရပ်မှာဖြစ်ခဲ့တဲ့ စနေနေ့ညက ပေါက်ကွဲမှုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နယူးယောက်မြို့ မန်ဟန်တန်က Chelsea အရပ် 131 West 23 လမ်းမှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်ချက်ဖြစ်တယ်လို့နယူးယောက်မြို့တော်ဝန် Bill DeBlasio က သတင်းထောက်တွေကို ပြောပါတယ်။ ပေါက်ကွဲမှုမှာ အကြမ်းဖက်သမားတွေ ပါဝင်ပတ်သက်မှုရှိတာ မတွေ့ရဘူးလို့လည်း သူက ပြောဆိုပါတယ်။ ရဲတွေနဲ့ တခြား လုံခြုံရေးအရာရှိတွေ သိရှိထားသလောက် နယူးယောက်မြို့ကို အကြမ်းဖက် တိုက်ခိုက်မယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေ မရှိဘူးလို့လည်း နယူးယောက်မြို့တော်ဝန်က ပြောဆိုသွားပါတယ်။

နယူးယောက်မြို့တော်မှာ ဒီသတင်းပတ်ထဲမှာပဲ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ အတွက် ကမ္ဘာတလွှားက နိုင်ငံခေါင်းဆောင်တွေ ရောက်ရှိနေကြတာလည်း ဖြစ်ပါတယ်။ နယူးယောက်မြို့ မန်ဟန်တန်အရပ်က ပေါက်ကွဲတဲ့နေရာနဲ့ အတန်ငယ်ကွာဝေးတဲ့ West 27th Street မှာတွေ့ခဲ့ရတဲ့ မပေါက်ကွဲ သေးတဲ့ ဖောက်ခွဲပစ္စည်းကိုလည်း အာဏာပိုင်တွေ စစ်ဆေးနေပါတယ်။ ဗုံးရှင်းလင်းရေး တာဝန်ရှိသူတွေ ရှင်းလင်းဖယ်ရှားလိုက်ပြီဖြစ်တဲ့ အဲဒီပေါက်ကွဲပစ္စည်းကတော့ ပလတ်စတစ်အိတ်ထဲမှာ ဝိုင်ယာကြိုးတွေ ထည့်ထားပြီး လက်ကိုင် မိုဘိုင်းလ်ဖုံးနဲ့ ချိတ်ဆက်ထားတဲ့ ပေါင်းအိုးတလုံး ဖြစ်ပါတယ်။

နယူးယောက်မြို့ ချယ်လ်ဆီးအရပ်က ပေါက်ကွဲမှုကြောင့် ရာနဲ့ချီတဲ့လူတွေ အထိတ်တလန့်ဖြစ်ခဲ့ရသလို ပြူတင်းပေါက်တွေလည်း ကွဲထွက်ခဲ့ပါတယ်။ ပေါက်ကွဲမှုကတော့ နှစ်မီတာ ပတ်လည်လောက်ရှိတဲ့ သတ္တုကုန် သေတ္တာထဲမှာ ဖြစ်ခဲ့တာပါ။ အများစုကတော့ အမှိုက်ကန်တခု ဒါမှမဟုတ်လည်း အနီးအနားက ဆောက်လုပ်ရေ လုပ်ငန်းက အလုပ်သမား တွေ ဆောက်လုပ်ရေးပစ္စည်း ကိရိယာတွေထည့်ရာသေတ္တာဖြစ်တယ်လို့ အမျိုးမျိုး ပြောဆိုနေကြပါတယ်။

ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထား မရှိဘူးလို့ ရဲက ပြောဆိုထားပေမယ့် တဦးကတော့ အခြေအနေ ဆိုးတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ မြေအောက်ရထားတွေနဲ့ ခရီးသည်တင် ဘတ်စ်ကားလိုင်းတွေကို ရပ်တန့်ခဲ့ပြီး မန်ဟန်တန်အရပ်ထဲက အများ စုမှာ ယာဉ်သွားယာဉ်လာအားလုံးကို ရဲတွေက ပိတ်ခဲ့ပါတယ်။ စောင့်ကြည့်ရေး ကင်မရာတွေကနေ ပေါက်ကွဲမှု ကို ရိုက်ယူထားတဲ့ဗွီဒီယိုရှိတယ်လို့ ရဲကပြောပေမယ့် ဒီထဲက အသေးစိတ်ပုံတွေကိုတော့ ထုတ်မပြပါဘူး။

အမေရိကန်ပြည်ထောင်စု ပင်လယ်ကမ်းခြေမြို့တခုဖြစ်တဲ့ နယူးဂျာဆီမှာလည်း စနေနေ့က ပေါက်ကွဲမှုတခု ဖြစ်ပါတယ်။ အမှိုက်ပုံးထဲမှာ ပိုက်ဗုံးတလုံး ပေါက်ကွဲတာကြောင့် စနေနေ့ကကျင်းပဖို့ ပြင်ဆင်ထားတဲ့ အပြေး သမား ထောင်နဲ့ချီပါဝင်မယ့် အပြေးပြိုင်ပွဲတခုကို ဖျက်သိမ်းလိုက်ရပါတယ်။

ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေတော့ မရှိပါဘူး။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI က ဦးဆောင် စစ်ဆေးနေပေမယ့်လည်း ဒီပေါက်ကွဲမှုဟာ အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်တခု ဟုတ်မဟုတ်ဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG