သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်တိုက်ခန်းထဲ မြန်မာအမျိုးသမီးတဦးရုပ်အလောင်း တွေ့ရှိ


credit to (Theodore Parisienne for New York Daily News)
credit to (Theodore Parisienne for New York Daily News)

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ Brooklyn က အိမ်ခန်းတခုကနေ မြန်မာ အမျိုးသမီး တဦးရဲ့ ရုပ်အလောင်းကို မနေ့ စနေနေ့မှာ ရဲက တွေ့ရှိထားပါတယ်။ သေဆုံးသူက အသက် ၅၈ နှစ် အရွယ် ဒေါ်ကြည်မာသိန်း ဖြစ်ပြီး သူနာပြု တဦး ဖြစ်တယ်လို့ NewYork Daily News မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည ကတည်းက အလုပ်မဆင်းဘဲ ပျောက်ဆုံးနေတဲ့ ဒေါ်ကြည်မာသိန်းကို မနေ့ စနေနေ့ မနက်ပိုင်းမှာ သူမရဲ့ နေအိမ် အိပ်ခန်းအတွင်းက အဝတ်ထားရာ စတိုခန်းငယ် အတွင်းမှာ အိပ်ယာခင်းနဲ့ ထုပ်ပိုးထားတဲ့ သူမရဲ့ ရုပ်အလောင်းကို ရဲက တွေ့ခဲ့တာလို့လည်း လုပ်ဖော်ကိုင်ဖက် တဦးရဲ့ အပြောကို ကိုးကားပြီး Daily News မှာ ဖော်ပြထားပါတယ်။

ဒေါ်ကြည်မာသိန်းက ဘရွတ်ကလင်းက SUNY Downstate Medical Center က သူနာပြု တဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညကတည်းက အလုပ်မဆင်းတဲ့ အတွက် သူမရဲ့ မိတ်ဆွေ တဦးက ရဲကို အကြောင်းကြားခဲ့တာလို့လည်း သတင်းက ဖော်ပြပါတယ်။

အိမ်ခန်းတွင်းမှာတော့ ရုန်းရင်းဆန်ခတ် ဖြစ်ထားတဲ့ အနေအထား မတွေ့ရကြောင်း၊ ရဲတွေ အိမ်ခန်းကို ရောက်ချိန်မှာ သေဆုံးသူ အပြင် တခြားလူတွေ ရှိမနေကြောင်း၊ အိမ်းခန်း အတွင်းကို ဝင်ရောက် လုယက်ခံရသလားဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ရဲဘက်က ပြောဆိုထားပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးဖို့ ရှိနေပြီး အခုအချိန်ထိတော့ သေဆုံးမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးထားသူ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG