သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်တိုက်ခိုက်မှု ရည်ရွယ်ရင်းကို စီစစ်စုံစမ်းဆဲ


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က စက်ဘီးသမားတွေနဲ့ စည်ကားနေတဲ့လမ်းထဲ အငှားထရပ်ကားတစင်းနဲ့ ဒလကြမ်း ဝင်တိုက်ခဲ့တဲ့ ကားမောင်းသမားရဲ့ ရည်ရွယ်ချက်ကို သိနိုင်ဖို့ အာဏာပိုင်တွေ ကြိုးပမ်းနေပါတယ်။

နယူးယောက်မြို့မှာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုနောက်ပိုင်း ထိခိုက်သေကျေမှု အများဆုံးအဖြစ်၊ လူ ၈ ဦး သေဆုံးပြီး၊ ၁၁ ယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့၊ သူရဲဘောကြောင်တဲ့ အကြမ်းဖက်ဝါဒီလုပ်ရပ်ဖြစ်ကြောင်းလည်း မြို့တော်ဝန် Bill de Blasio က ပြောဆိုခဲ့တာပါ။ တိုက်ခိုက်သူ မောင်းလာတဲ့ ထရပ်ကားနဲ့ ကျောင်းကားတစင်းကို ဝင်တိုက်ခဲ့ရာမှာ ကလေး ၂ ဦး အပါအဝင် လူ ၄ ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

တိုက်ခိုက်မှု ကျုးလွန်သူဟာ Uzbekistan နိုင်ငံကနေ အမေရိကန်မှာ ရွှေ့ပြောင်းနေထိုင်နေသူ အသက် ၂၉ နှစ်အရွယ် Sayfullo Saipov ဆိုသူ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို ကိုးကားပြီး၊ သတင်းတွေက ဖော်ပြနေကြပါတယ်။ ထရပ်ကားထဲကနေ သေနတ်အတု ၂ လက်ကို ကိုင်ပြီး ထွက်လာတဲ့ တိုက်ခိုက်သူကိုတော့ ရဲတပ်ဖွဲ့က ဗိုက်ကို ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။ သေနတ်အတုတွေ ဆိုတာကိုတော့ အာဏာပိုင်တွေက နောက်ပိုင်းမှ သိခဲ့ကြပါတယ်။ နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo ကတော့ သံသယရှိသူဟာ ပြည်တွင်းမှာပဲ အစွန်းရောက်ဝါဒ ရိုက်သွင်းခံခဲ့ရတာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

အခင်းဖြစ်ရာမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ စာတစောင်မှာတော့ IS အစ္စလာမ်စစ်သွေးကြွတွေကို ရည်ညွှန်းဖော်ပြထားကြောင်း သတင်းတွက ဖော်ပြကြပါတယ်။ သမ္မတ Donald Trump ကတော့ အကြမ်းဖက်သမားတွေဟာ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Chuck Schumer ဦးဆောင်တဲ့ ဒီမိုကရက်တွေရဲ့ ဗီဇာကံစမ်းမဲ အစီအစဉ်နဲ့ ရောက်လာကြတာဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ကတော့ အရည်အချင်းအပေါ် မူတည်ပြီး ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးတာမျိုးကိုသာ လိုလားကြောင်း ဒီကနေ့ပဲ Twitter လူမှုကွန်ယက်ကနေ ပြောဆိုခဲ့တာပါ။ နယူးယောက်မြို့က တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ IS အဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင်း တရားဝင်ကြေညာတာမျိုး မရှိပေမဲ့၊ တိုက်ခိုက်မှုဟာ အစွန်းရောက်အုပ်စုကို အားကျပြီး လုပ်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေ ယူဆနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG