သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန်ပစ်ခတ်မှု သေဆုံးသူအားလုံး ရင်ခွဲရုံမှာ စစ်ဆေးပြီးစီး


နယူးဇီလန်ပစ်ခတ်မှုအတွင်း သေဆုံးသူတို့ရဲ့ မိသားစုဝင်များ
နယူးဇီလန်ပစ်ခတ်မှုအတွင်း သေဆုံးသူတို့ရဲ့ မိသားစုဝင်များ

နယူးဇီလန်နိုင်ငံ Christchurch မြို့ ဗလီဝတ်ကျောင်း ၂ ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ သေဆုံးခဲ့ရသူ ၅၀ ရဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာ မိသားစုတွေထံ အာဏာပိုင်တွေ က စတင်လွှဲပြောင်းပေးနေပြီဖြစ်ပါတယ်။

သေဆုံးသူအားလုံးကို ရင်ခွဲစစ်ဆေးမှုတွေ ပြီးစီးပြီဖြစ်ပေမယ့် ၁၂ ဦးကိုသာ တရားဝင် အတည်ပြုနိုင်သေးကြောင်းနဲ့ အဲဒီထဲက ၆ ဦးကို သူတို့ မိသားစုတွေကို လွှဲပြောင်းပေး ခဲ့တယ်လို့ ရဲက ပြောပါတယ်။ အလောင်းတွေ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုဖို့ အတွက် လက်တွေ့မှာ သိပ်မလွယ်လှသေးဘူးလို့ အင်္ဂါနေ့ Christchurch ရဲ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ သေဆုံးသူတွေရဲ့ နာမည်တွေကို တရားဝင် မကြေညာသေးပေမယ့် ကနဦးရထားတဲ့ စာရင်းကိုတော့ သက်ဆိုင်ရာ ဆွေမျိုးတွေဆီ ပေးခဲ့ပါတယ်။

အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာအရ သေဆုံးသူရဲ့ အလောင်းကို အတတ်နိုင်ဆုံး ၂၄ နာရီအတွင်း သန့်စင်ပြီး စောနိုင်သမျှ အစောဆုံး မြေမြှုပ်ပေးရတာ ဖြစ်ပါတယ်။ ဓလေ့ထုံးစံအရ မြေမမြှုပ်ခင် သေဆုံးသူရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးဖို့အတွက် သြစတြေးလျနိုင်ငံက လာရောက်သူတချို့အပါအဝင် စေတနာ့ ဝန်ထမ်း အယောက် ၆၀ လောက်က အကူအညီ ပေးနေပါတယ်။

တချိန်တည်းမှာပဲ ဒီ ဗလီ၂ခုကို တိုက်ခိုက်မှုတွင်း ဝတ်ပြုသူ အယောက် ၅၀ ကို သတ်ဖြတ်ခဲ့မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ သေနတ်သမားနဲ့ နာမည်ကို မခေါ်ဖို့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က အမတ်တွေကို တိုက်တွန်း လိုက်ပါတယ်။ နယူးဇီလန်နိုင်ငံရဲ့ သေနတ်ဆိုင်ရာ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ နယူးဇီလန်အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က တနင်္လာနေ့ တုန်းက ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG