သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားကုမ္ပဏီတချို့နဲ့ NGO တချို့ မြန်မာပြည်တွင်းလုပ်ငန်းတွေ ဖျက်သိမ်း


[[Zawgyi/Unicode]]

ပြည်တွင်းက နိုင်ငံခြားကုမ္ပဏီတွေနဲ့ NGO အခြေပြု ပရော့ဂျက်လုပ်ငန်း ဖျက်သိမ်းတာတွေ ဒီလပိုင်းမှာ အရင်ကနဲ့စာရင် ပိုပြီးများလာတယ်လို့ ကုမ္ပဏီရေးရာဝန်ဆောင်မှု MES လုပ်ငန်း လုပ်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကို စိုးရိမ်လာတာက အခုလို နိုင်ငံခြားကုမ္ပဏီတချို့ လုပ်ငန်းတွေဖျက်သိမ်းနေရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ ကုမ္ပဏီရေးရာကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီအကြာင်း သတင်းပေးပို့ချက်ကို ကိုသားညွှန့်ဦး က တင်ပြပေးထားပါတယ်။

ကုမ္ပဏီအကြံပေးလုပ်ငန်းတွေအနေနဲ့ အခုနောက်ပိုင်းမှာ လုပ်ငန်းဖျက်သိမ်း စာရင်းရှင်းလင်းတာတွေ ပိုပြီးလုပ်လာရတယ်လို့ ကုမ္ပဏီရေးရာ အကြံပေးလုပ်ငန်း MES ကုမ္ပဏီမှာ လုပ်ကိုင်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီလို လုပ်ငန်းဖျက်သိမ်းနေတဲ့ကုမ္ပဏီတွေဟာ နိုင်ငံခြားသားပိုင်တွေများသလို အရပ်ဘက်အခြေပြု NGO ငွေကြေးနဲ့လည်ပတ်နေတဲ့ စီမံကိန်းအခြေပြု ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။ နိုင်ငံတကာကလှူဒါန်းတဲ့ရံပုံငွေနဲ့လည်ပတ်နေတဲ့ ကုမ္ပဏီတွေပါသလို နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေကြောင့် ဆက်ပြီး လည်ပတ်လို့မရတော့တဲ့လုပ်ငန်းတွေလည်း ပါနေတယ်လို့ ကုမ္ပဏီမှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်း MES ရဲ့တာဝန်ခံတဦးက ပြောပါတယ်။

ကိုဗစ်ကာလထက် အခုလို ပဋိပက္ခတွေများလာတဲ့အချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ရတာက ပိုပြီးခက်ခဲလာတယ်လို့ လည်း ပြောပါတယ်။

"Base on ကျနော်တို့ရဲ့ client မှာပဲကြည့်မယ်ဆိုရင် new investment လုပ်တဲ့ဟာက after coup ( အာဏာသိမ်းပြီးချိန်မှာ) တခုလောက်ပဲရှိတော့တယ်။ ဖျက်သိမ်းတွေက တောက်လျှောက် ဖြစ်သွားတယ်။ ဖျက်သိမ်းတွေက အနည်းဆုံး ဆယ်ခု၊ ဆယ့်ငါးခု အဲလိုမျိုးတွေ ဖြစ်တယ်ပေါ့နော်။ ဖျက်သိမ်းကို ပိုပြီးတော့ more focus ထားပြီးတော့ ပိုလုပ်ပေးနေရတာ ဖြစ်တယ်ပေါ့နော်။ အဲဒါတော့ စိတ်မကောင်းစရာပေါ့။"

ကုမ္ပဏီရေးရာ ဝန်ဆောင်မှုလုပ်ငန်း MES ရဲ့ တာဝန်ခံတဦး ပြောသွားတာပါ။ ကုမ္ပဏီစာရင်းရှင်းလင်း ဖျက်သိမ်းမှုတွေနဲ့အတူ လူမွဲစာရင်းခံယူ လျှောက်ထားမှုတွေလည်း ရှိနေပါတယ်။ တချို့ တရုတ်ကုမ္ပဏီတွေကတော့ လုပ်ငန်းဖျက်သိမ်းတဲ့ ကုန်ကျစရိတ်နဲ့ နိုင်ငံရေးအခြေအနေကို ဆက်ပြီးစောင့်ကြည့်နေတယ်လို့ ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတဦးဖြစ်တဲ့ ဦးအောင်မြင့်ထွန်းက ဗွီအိုအေကို ပြောပါတယ်။

" နိုင်ငံခြားကုမ္ပဏီ ခပ်များများကတော့ အခု ဘယ်လိုဖြစ်နေလဲဆိုတော့ စောင့်ကြည့်နေဆဲပေါ့ဗျာ။ ဖျက်လိုက်တဲ့ ကုန်ကျ စရိတ်တွေက များတယ်၊ မြန်မာပြည်မှာ ကုမ္ပဏီထောင်ရတာက လွယ်တယ်။ ဒါပေမယ့် ဖျက်တဲ့အချိန်ကျရင် firm (ဝန်ဆောင်မှု) ယူတာနဲ့ပြီးရင် တကယ်ပေးချေရတာနဲ့ တော်တော်များတယ်။ အဲ့လိုကျ မကိုက်ဘူး။ အဲဒီတော့ သူတို့အနေနဲ့ စောင့်ကြည့်နေဆဲပေါ့ဗျာ။ နည်းနည်းလေး နိုင်ငံရေး အခြေအနေတွေ ဘာတွေ။ ကျနော့ဘက်ကတော့ China ပိုများတာ၊ China ဆိုတော့ သူတို့တခြား ဥရောပထက်စာရင် လူ့အခွင့်အရေးဘာတွေ အဲဒါတွေ သိပ်ကြည့်တာ မဟုတ်ဘူးဆိုတော့ ဖျက်သိမ်းမယ်၊ ချက်ခြင်းထွက်မယ်ဆိုတာတော့ နည်းပါတယ်။"

ကုမ္ပဏီဖျက်သိမ်းတဲ့လုပ်ငန်းတွေထဲမှာ ပြည်ပအထည်ချုပ်လုပ်ငန်းတွေပါသလို အများစုက ဝန်ဆောင်မှုပေးတဲ့ ပြည်ပကုမ္ပဏီတွေ ဖြစ်ပါတယ်။

စစ်တပ်က အာဏာရယူပြီးနောက်မှာ လုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေ ကိုင်ဆောင် အသုံးပြုခွင့်နဲ့ ပတ်သက်ပြီး ဗဟိုဘဏ် က ကန့်သတ်လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပို့ကုန်၊ သွင်းကုန်လုပ်ကိုင်နေတဲ့ ကုမ္ပဏီအများအပြားကို ဝင်ငွေ စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ပို့ကုန်ကရလာတဲ့ နိုင်ငံခြားငွေ သန်း ၅၀၀ ကျော်ကို စာရင်းရှင်းပေးဖို့ ကုမ္ပဏီ ၆၀၀ ကျော်ကို ဗဟိုဘဏ်က သတိပေးခဲ့တာပါ။ ငွေကြေးမူဝါဒ အပြောင်းအလဲများတာ၊ ငွေလဲနှုန်းမတည်ငြိမ်တာ၊ ပို့ကုန်အမှာ အော်ဒါမရတာတွေက ပြည်တွင်းက နိုင်ငံခြားကုမ္ပဏီတွေနဲ့ NGO အခြေပြု ပရော့ဂျက်တွေရင်ဆိုင်ရတဲ့ အဓိက စိန်ခေါ်မှုတွေဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]










XS
SM
MD
LG