နိုင်ဂျီးရီးယားနိုင်ငံမြို့တော် အဘူဂျာ (Abuja) အနီးက ခရစ္စမတ်ပွဲတော် ကျင်းပနေတဲ့ ဘုရားကျောင်းတစ်ခုမှာ ဒီကနေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၅ ယောက်လောက် သေဆုံးသွားခဲ့ပါတယ်။
တိုင်းပြည်အလယ်ပိုင်း ဂျော့စ် (Jos) မြို့က ဘုရားကျောင်းအနီးမှာလည်း နောက်ထပ် ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်ခဲ့ပါတယ်။ အဲဒီ ပေါက်ကွဲမှုက ဘုရားကျောင်းကို ရည်ရွယ်ဖောက်တာ ဟုတ်မဟုတ်ဆိုတာနဲ့ ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။
အဘူဂျာမြို့အနီးက ပေါက်ကွဲမှုကတော မန်ဒလာ (Madalla) ဆင်ခြေဖုံးအရပ်က စိန့်ထရီဆာ (St. Theresa) ဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီ ပေါက်ကွဲတဲ့နေရာကနေ အလောင်း ၁၅ လောင်းကို ကယ်ဆယ်ရေး ဝန်ထမ်းတွေက ထုတ်ယူနိုင်ခဲ့တယ် ဆိုပေမဲ့ သေဆုံးသူ အရေအတွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့ သတိပေး ပြောထားပါတယ်။
ပေါက်ကွဲခဲ့တဲ့နေရာမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေပြီး ဒေါသထွက်နေကြတဲ့ လူငယ်တွေက ပစ္စည်းတွေ မီးရှို့၊ လမ်းတွေပိတ် လုပ်နေကြတာကြောင့် ရဲက သေနတ်မိုးပေါ်ထောင် ဖောက်ပြီး လူစုခွဲလိုက်ရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
ပေါက်ကွဲမှု ဘယ်ကနေ စဖြစ်တယ်ဆိုတာနဲ့ ဘယ်သူက ဖောက်ခွဲခဲ့တယ်ဆိုတာတော့ ခုချိန်ထိ မသိရသေးပါဘူး။
မြောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာ အကြမ်းဖက် ဆူပူမှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး တိုင်းပြည်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ ဘိုကိုဟာရမ် (Boko Haram) မူစလင် ဂိုဏ်းအဖွဲ့ကိုလည်း လုံခြုံရေး တပ်ဖွဲ့တွေက နှိမ်နင်း တိုက်ခိုက်နေရတာပါ။