နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း Jos မြို့က စားသောက်ဆိုင်တခုနဲ့ဗလီတခုမှာဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၄၄ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ နိုင်ဂျီးရီးယားအစိုးရ အရာရှိတွေက ဒီကနေ့ ပြောပါတယ်။
တနင်္ဂနွေနေ့ နှောင်းပိုင်းက ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုတွေတွင်း ဒဏ်ရာရသူကတော့ ၄၇ ယောက်ထက်မနည်းရှိခဲ့တယ်လို့ နိုင်ငံတော် အရေးပေါ်စီမံခန့်ခွဲရေး ဌာနက ပြောပါတယ်။ အခုတိုက်ခိုက်မှုနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်တွင်း လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်တဲ့ ဘိုကိုဟာရမ် စစ်သွေးကြွတွေရဲ့ လက်ချက်လို့ ပြောဆိုထားတဲ့ သွေးထွက်သံယို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက် ပေါ်ပေါက်နေတာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ အစောပိုင်းတုန်း ကလည်း Yobe ပြည်နယ်ရဲ့ အကြီးဆုံးမြို့ Potiskum မြို့ ဘုရားကျောင်းတခုထဲကို အသေခံဗုံးခွဲသူ တဦးက ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် လူ ၅ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။ အဲဒီမတိုင်ခင် သောကြာနေ့ကတော့ Maiduguri မြို့အနီးမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူတွေ ဒါဇင်နဲ့ချီသေဆုံးခဲ့ရပြီး အဲဒီတိုက်ခိုက်မှုကိုတော့ အမျိုးသမီး ခြောက်ယောက်က ဖောက်ခွဲခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဘိုကိုဟာရမ်အဖွဲ့ရဲ့ ခုလို တိုက်ခိုက်မှုတွေကို အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ ဂျွန်ကာဘီ (John Kirby) က တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချလိုက်သလို အစွန်းရောက် အကြမ်းဖက်မှုတွေကို ဆန့်ကျင် တိုက်ခိုက်နေကြတဲ့ နိုင်ဂျီးရီးယား နိုင်ငံသားတွေကိုတော့ အားပေးကူညီ ပံ့ပိုးသွားမယ်လို့ ကတိပေး ပြောဆိုလိုက်ပါတယ်။