နိုင်ဂျီးရီးယားနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းလာပြီး၊ တစ်ပါတီစနစ်ကိုလည်း အဆုံးသတ်နိုင်ခဲ့ပြီလို့ သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ Muhammadu Buhari က ပြောဆိုလိုက်ပါတယ်။
စနေနေ့က သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Goodluck Jonathan ကိုမဲပေါင်း ၂ သန်းကျော်နဲ့ အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင် က ဒီကနေ့မှာပဲ တရားဝင် ကြေညာခဲ့ပြီး နာရီပိုင်းအတွင်း သမ္မတသစ် ဖြစ်လာတော့မယ့် Buhari က Abuja မြို့တော်မှာ ပြောဆို ခဲ့တာပါ။
သမ္မတ Jonathan ကိုလည်း ယှဉ်ပြိုင်ဖက်ကောင်း တဦးအဖြစ်နဲ့ ရည်ညွှန်းပြောဆိုခဲ့သလို၊ လုပ်ဖော်ကိုင်ဖက် တဦးအဖြစ်နဲ့လည်း ကမ်းလှမ်းခဲ့ပါတယ်။
သမ္မတ Jonathan ကတော့ ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေ ထွက်ပေါ်လာနေတဲ့ မနေ့နှောင်းပိုင်းမှာပဲ အရေးနိမ့်ခဲ့တာကို အသိအမှတ်ပြု လက်ခံခဲ့ပြီး၊ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရခဲ့တဲ့အပေါ် နိုင်ဂျီးရီးယား ပြည်သူတွေကိုလည်း ကျေးဇူးတင်စကား ပြောကြားခဲ့တာပါ။
နိုင်ဂျီးရီးယားမှာ ရွေးကောက်ပဲတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျင်းပနိုင်ခဲ့တဲ့ အပေါ်မှာတော့ နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း ချီးကျူးစကား ပြောကြားခဲ့ကြတာပါ။ အမေရိကန် သမ္မတ Barack Obama ကလည်း အတိုက်အခံခေါင်းဆောင် Buhari ရဲ့ အောင်မြင်မှုကို ချီးကျုးလိုက်သလို၊ သမ္မတ Jonathan ဟာလည်း တိုင်းပြည်အကျိုးစီးပွားကို ရှေ့ရှုပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကို လက်ခံခဲ့သူအဖြစ် ကြေညာချက်ထဲမှာ ချီးကျုးသွားခဲ့ပါတယ်။
အာဖရိကယူနီယံ ကော်မရှင်ရဲ့ ဥက္ကဋ္ဌ Nkosazana Dlamini Zuma ကလည်း ရွေးကောက်ပွဲရလဒ်တွေဟာ နိုင်ဂျီးရီးယားမှာသာမက အာဖရိကတိုက် တခုလုံးမှာ ဒီမိုကရေစီ ရင့်ကျက်မှုတွေ ပေါ်ပေါက် လာနေပြီ ဆိုတာကို ပြသရာရောက်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက Mr. Buhari ကို လက်ရှိသမ္မတ Jonathan အနိုင်ရခဲ့စဉ်က သွေးထွက်သံယို အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ရာ က နိုင်ငံမြောက်ပိုင်းမှာ လူပေါင်း ၈၀၀ လောက် သေဆုံးခဲ့ပေမဲ့ ဒီတကြိမ် ရွေးကောက်ပွဲမှာတော့ နောက်ဆက်တွဲ အကြမ်းဖက်မှု တစုံတရာ ဖြစ်ပွားတဲ့ သတင်းတွေတော့ မကြားရပါဘူး။