သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယားအသင်း အရေးယူမှု သမ္မတ ပြန်ရုပ်သိမ်း


တောင်အာဖရိကမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွင်းမှာ ထွက်သွားရတဲ့ နိုင်ဂျီးရီးယားအသင်းကို ၂ နှစ် ကစားခွင့် ပိတ်ပင်လိုက်ကြောင်း နိုင်ဂျီးရီးယားသမ္မတ ဂွတ်လပ်ခ် ဂျိုနသန် (Good Luck Johathan) က ဆုံးဖြတ်ပြီး အခု အဲဒီဆုံးဖြတ်ချက်ကို ပြန်ပြင်လိုက်ပါပြီ။ နိုင်ဂျီးရီးယားအသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ကောင်းကောင်းမွန်မွန် မကစားနိုင်ခဲ့ဘူး ဆိုပြီးတော့ သမ္မတက ပြစ်ဒဏ်ပေးလိုက်တဲ့ သဘောပါ။

ကမ္ဘာ့ဖလားပွဲမှာ ကစားခဲ့တဲ့ နိုင်ဂျီးရီးယားအသင်းကို ပြန်ဖျက်ပြီး အသင်းအသစ် ပြန်ဖွဲ့မယ်လို့ နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် မနေ့က အခုလို သမ္မတရဲ့ ပြစ်ဒဏ် ဆုံးဖြတ်ချက်ကို ပြန်ပယ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ပေးခဲ့ပါတယ်။

ကမ္ဘာ့စင်မြင့်မှာ နိုင်ဂျီးရီးယားနိုင်ငံကို အရှက်ရစေမယ့် အဖြစ်မျိုးထက် ဂုဏ်ကျက်သရေ တိုးစေမယ့် အခြေအနေ ရောက်အောင် ဘောလုံးအစီအစဉ်တွေ ဆွဲသွားဖို့ သမ္မတရဲ့ လိုလားချက်အတိုင်း ဆောင်ရွက်မယ်လို့ နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ နိုင်ဂျီးရီးယား သမ္မတက ဘောလုံးအဖွဲ့အပေါ် သူအပြစ်ပေးတဲ့အမိန့် ပြန်ရုပ်သိမ်းပေးလိုက်ပြီဆိုတာ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို အကြောင်းကြားခဲ့တယ်လို့ FIFA တာဝန်ရှိသူတဦးက ပြောပါတယ်။

တကယ်တော့ နိုင်ဂျီးရီးယား သမ္မတက သူ့ဘောလုံးအသင်းကို ပြစ်ဒဏ်ပေးခဲ့တာ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းနဲ့ ဆန့်ကျင်ပါတယ်။ ဘောလုံးအသင်းတွေကို အစိုးရက ၀င်ရောက်စွက်ဖက်တာမျိုး မလုပ်ရဘူးလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က တားမြစ်ထားတာပါ။ ဒါကြောင့်လည်း သမ္မတ အမိန့်အတိုင်း လုပ်မယ်ဆိုရင် နိုင်ဂျီးရီးယားကို ကမ္ဘာ့ပွဲစဉ်တွေကနေ ထုတ်ပစ်မယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ခြိမ်းခြောက်ထားပါတယ်။

အခု ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်မှာတော့ နယ်သာလန်နဲ့ ဥရုဂွေးတို့ ကစားကြမှာပါ။ မြန်မာစံတော်ချိန် အင်္ဂါနေ့သန်းခေါင်ကျော် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်း ဖြစ်ပါလိမ့်မယ်။

XS
SM
MD
LG