ဇန်နဝါရီ ၂၀ ရက်နေ့ သောကြာနေ့က နိုင်ဂျီးရီးယားနိုင်ငံ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ မြောက်ပိုင်းက ခနို (Kano) မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆက်မပြတ် ဗုံးခွဲတိုက်ခိုက်မှုတွေမှာ သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့ပြီး အများစုဟာ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ရောက်ရှိလာခဲ့တဲ့ ဆေးရုံ သုံးရုံထဲက ဆေးရုံတစ်ရုံရဲ့ သတင်းမှာတော့ သေဆုံးသူ အနည်းဆုံး ၁၃၁ ဦး ရှိပြီးတော့ မူစလင် လူဦးရေ အများစုဖြစ်တဲ့ ဒီမြို့ ကလာတဲ့ တခြားသတင်းတွေမှာလည်း သေဆုံးသူ ဦးရေ မြင့်တက်လာလိမ့်မယ်လို့ ဆိုပါတယ်။
အစိုးရအဆောက်အဦးတွေနဲ့ ရဲစခန်းတွေကို ပစ်မှတ်ထားခဲ့တဲ့ ဒီတိုက်ခိုက်မှုတွေကို သူတို့အဖွဲ့က လုပ်တာလို့ အစွန်းရောက် အစ္စလာမ်အုပ်စုဖြစ်တဲ့ ဘိုကိုဟာရမ် (Boko Haram) အဖွဲ့က ကြေညာပါတယ်။ ခနို မြို့မှာ ထုတ်ပြန်ထားတဲ့ အပြင်မထွက်ရ အမိန့်ဟာ အနည်းဆုံး တနင်္ဂနွေနေ့ မနက်အထိ တည်ရှိနေမှာ ဖြစ်ပါတယ်။ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေကိုတော့ အလောင်းတွေ၊ ကိုယ်လက်အင်္ဂါတွေ လမ်းပေါ်ကနေ ကောက်ယူနိုင်ဖို့ အိမ်ထဲကအိမ်ပြင် ထွက်ခွင့် ပြုထားပေမဲ့ သတင်းထောက်တွေကိုတော့ အပြင်ထွက်ခွင့် မပြုလို့ သတင်းယူဖို့ အခက်အခဲ တွေ့နေကြရပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ သောကြာနေ့က မိနစ် ၉၀ လောက်အတွင်း ခနို မြို့မှာ ဗုံးပေါက်ကွဲမှု ၂၄ ကြိမ်ထက်မနည်း သူကြုံခဲ့ရတယ်လို့ ဒေသခံ ဗွီအိုအေသတင်းထောက်က သတင်းပေးပို့ထားပါတယ်။ အစွန်းရောက် အစ္စလာမ်အုပ်စု ဘိုကိုဟာရမ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက အခု တိုက်ခိုက်မှုတွေဟာ ခနို မြို့မှာ သူတို့ရဲ့ အဖွဲ့ဝင်တွေကို အာဏာပိုင်တွေက အများအပြား ဖမ်းဆီးထားတာကို လက်တုံ့ပြန်တာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။