သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက်ခေါင်းဆောင် မနီလာသိန်း ဖမ်းဝရမ်း ထုတ်ခံရ


မြို့တော်ခန်းမရှေ့ ကျောင်းသားဆန္ဒပြပွဲ ဖြိုခွင်းခံရစဉ်။ (မတ်လ ၅ ရက်နေ့ ၊ ၂၀၁၅)
မြို့တော်ခန်းမရှေ့ ကျောင်းသားဆန္ဒပြပွဲ ဖြိုခွင်းခံရစဉ်။ (မတ်လ ၅ ရက်နေ့ ၊ ၂၀၁၅)

ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲဖို့ လှုပ်ရှားဆန္ဒပြမှုတွေနဲ့ ဆက်နွယ်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကို အာဏာပိုင်တွေက တရားစွဲဆိုလိုက်သလို၊ ဖမ်းဝရမ်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက အမျိုးသား ပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေး ကန့်ကွက် ဆန္ဒပြပွဲတွေကို ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်ခဲ့ရာမှာ ပါဝင်ခဲ့သူတဦးအဖြစ် တရားစွဲဆိုခံရပြီး၊ ဖမ်းဆီးမိန့်ထုတ်ပြန်ခံထားရတဲ့ မနီလာသိန်းကတော့ မတရားတဲ့ စွပ်စွဲချက်အဖြစ် ဥပဒေနဲ့အညီ ရင်ဆိုင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသမီးအရေး အဓိကထား လုပ်ဆောင်နေတဲ့ မနီလာသိန်းကို ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလတုန်းက မရမ်းကုန်းမြို့နယ်မှာ ခွင့်ပြုချက်မပါဘဲ ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။ မနီလာသိန်းဟာ အမျိုးသားပညာရေး ဥပဒေ ကျောင်းသားသပိတ်ကို ထောက်ခံခဲ့ ဆန္ဒပြပွဲကို ခွင့်ပြုချက်မပါဘဲ လုပ်ဆောင်ခဲ့တာကြောင့် အခုလိုမျိုး တရားစွဲဆိုခံထားရသလို ဘုရင့်နောင် နယ်မြေရဲစခန်းကလည်း ဖမ်းဝရမ်းထုတ်ပြီး ဒီလ ၂၄ ရက်နေ့မှာမရမ်းကုန်း တရားရုံးမှာ တရားရင်ဆိုင်ဖို့ ဆင့်ခေါ်လိုက်ပါတယ်။ ဘုရင့်နောင် နယ်မြေစခန်းမှူး ရဲအုပ်သန်းဝင်းကတော့ မနီလာသိန်းကို ဖမ်းဝရမ်းထုတ်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဒီလိုဗျာ ကျနော်တို့က ငြိမ်းစုစီ ၁၈ ပုဒ်မနဲ့ အရေးယူတဲ့အချိန်မှာ မနီလာသိန်းကို ကျနော်တို့က နဂို လှိုင်လိပ်စာကို ကျနော်တို့သိတယ်ဗျာ။ တရားစွဲတင်တဲ့အခါကျတော့ မနီလာသိန်းလိပ်စာက သင်္ဃန်းကျွန်း သုမင်္ဂလာလမ်းဆိုပြီးတော့ ကိုလင်းထက်နိုင် ပြောတာကို ကျနော်တို့က တရားသူကြီးကို တင်ပြပြီးတော့ ဝရမ်းထုတ်ပေးတာ။ ကျနော်ကတော့ သူတို့ အဲဒီ ပါဝင်ပတ်သက်တဲ့သူတွေ ၂၄ ရက်နေ့ ရုံးချိန်းရှိတယ်လေ။ ကျနော်က ရုံးချိန်းကို ခေါ်ပြီးတော့ တရားစွဲတင်ပေးလိုက်ရင် ဒါ ကျနော့် တာဝန်ကျေတာပဲ ခင်ဗျ။”

တရားစွဲဆို ခံထားရတဲ့ မနီလာသိန်းကတော့ သူဟာ ဒီအမှုနဲ့ ပတ်သက်လို့ ရှောင်ပြေးခြင်း မရှိဘဲနဲ့ အခုလိုမျိုး ဖမ်းဝရမ်းထုတ်လိုက်တဲ့ အပေါ်မှာ တရားဥပဒေ ယိုယွင်းမှု ရှိနေတယ်လို့ ဝေဖန်လိုက်ပါတယ်။

“ကျမတို့ရဲ့ တရားရေးမဏ္ဍိုင်က ဘယ်လောက်ထိ ပျက်စီးယို့ယွင်းနေသလဲဆိုတာကို ထပ်ဖော်ပြနေတာဖြစ်တယ်။ သူတို့ ခေတ်အဆက်ဆက်မှာ နှစ်ပေါင်းများစွာ တရားရေးမဏ္ဍိုင်ပျက်စီးနေတယ်။အခုအချိန်အထိလည်း ပျက်စီးနေတယ် ယိုယွင်းနေတယ် ဆိုတာကို ပြသနေပါတယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အိမ်မှာ တရားဝင်မိမိနေထိုင်တဲ့အိမ်မှာလည်း တရားဝင် နေထိုင်တယ်။ ရုံးကိုလည်း ပုံမှန်သွားနေတဲ့ဟာ ပြီးတော့ ရုံးရှေ့မှာလည်း ထောက်လှမ်းရေးတွေလည်း ရှိနေတာပဲလေ။ အဲတော့ ကျမတို့ ဘယ်မှာနေတယ်၊ ဘယ်မှာထိုင်တယ် ၊ ဘာလုပ်နေသလဲဆိုတဲ့ အသေးစိတ်က သက်ဆိုင်တဲ့ သူတွေသိနေပြီးသားဖြစ်ရဲ့သားနဲ့ တစုံတရာ အကြောင်းကြားခြင်း၊ စာဖြင့်သော်လည်းကောင်း ၊ နှုတ်ဖြင့်သော်လည်းကောင်း အကြောင်းကြားခြင်း လုံးဝမရှိဘဲနဲ့ ဒီလိုမျိုးပေါ့နော် ဖမ်းဝရမ်းထုတ် စာထုတ်ပြီးတော့မှ ဒီရက်မှလာပြီး အကြောင်းကြားခြင်း ဖြစ်တယ်ပေါ့နော်။”

ပြီးခဲ့တဲ့ နှစ်ကတည်းက ဖြစ်ခဲ့တဲ့ အမှုအပေါ်မှာ အခုကျမှ အမှုစွဲဆိုတာဟာ တရားမျှတမှု မရှိဘူးလို့ ပြောပါတယ်။ ဒါ့အပြင် လက်ပံတန်း ကျောင်းသားသပိတ်မှာ ဖမ်းဆီးခံထားရတဲ့ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်အပါအဝင် တခြား ကျောင်းသား ခေါင်းဆောင်အချို့ကိုလည်း ပြန်လွှတ်ပေးခြင်း မရှိသေးသလို အခုလိုမျိုး သူ့ကိုပါ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်တာဟာ တိုင်းပြည်အပြောင်းအလဲအတွက် နှောင့်နှေးမှုတွေ ရှိနိုင်တယ်လို့ ထောက်ပြပြောဆိုပါတယ်။

“အကောင်းဘက်ကို ဦးတည်ပြီးတော့ ပြောင်းလဲမှုတရပ်ကို အားလုံးက မျှော်လင့်တောင့်တနေပေမယ့် သူတို့တွေက အခုလက်ရှိ ဖမ်းဆီးခံထားတဲ့ ကျောင်းသားတွေပေါ်မှာကော ၊ အခြားသူတွေပေါ်မှာကော ပုဒ်မ ၁၈ နဲ့ နည်းမျိုးစုံ၊ နယ်မြေပေါင်းစုံကနေပြီးတော့ အမျိုးစုံ သူတို့ တံဆိတ်ကပ်ပြီးတော့ လုပ်ဆောင်နေတာက တရားမျှတမူ လုံးဝမရှိဘူး။ တကယ့် မတရားမှုကြီး တခုကို သူတို့ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ ကျမမြင်ပါတယ်ရှင့်။ အသွင်ကူးပြောင်းရေးကာလမှာ အကောင်းဘက်ကို ဦးမတည်ဘဲနဲ့ ဘာဖြစ်လို့ နောက်ကြောင်းပြန်လှည့်မှုတွေကို သူတို့ကိုယ်တိုင်က လုပ်ဆောင်နေသလဲဆိုတဲ့ အရာပေါ်မှာ ကျမ သံသယရှိနေပါတယ်ရှင့်။”

မနီလာသိန်းဟာ ဒီလ ၂၄ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ မရမ်းကုန်းမြို့နယ် တရားရုံးမှာ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့နဲ့အတူ တရားရင်ဆိုင်ရဖို့ ရှိပါတယ်။ မနီလာသိန်းကတော့ ဒီအမှုအတွက် အာမခံ လျှောက်ထားဖို့ ခံဝန်ထိုးဖို့တွေကို လုပ်ဆောင်မှာ မဟုတ်သလိုအမှုအတွက်လည်း သူကိုယ်တိုင်ဖြစ်စေ တခြားသူတစ်ဦးတစ်ယောက်ရဲ့ ဒဏ်ကြေးငွေပေးဆောင်မှုကိုလည်း လုံး၀ လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG