သုံးရလွယ်ကူစေသည့် Link များ

မဟာချိုင် ကားမှောက်မှု မြန်မာ အလုပ်သမား ၉ ဦးသေဆုံး


ထိုင်းနိုင်ငံ မဟာချိုင်မြို့က ပင်လယ်စာလုပ်ငန်းခွင်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ နီးတဲ့ စမွတ်စခွန်ခရိုင် မဟာချိုင် ဒေသ ရေထွက် ပစ္စည်းစက်ရုံ တိရိစ္ဆာန် အစာစက်ရုံအပါအ၀င် စက်ရုံ ၃ခုကအလုပ်သမား ၂၀ကျော် လိုက်ပါလာတဲ့ ကားတစီး အဂါင်္နေ့ညပိုင်းမှာ တိမ်းမှောက်ခဲ့တာကြောင့် အလုပ်သမား ၉ဦး သေဆုံးခဲ့သလို အလုပ်သမား ၁၃ဦးခန့်ကလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ မဟာချိုင်ဆေးရုံတွေရဲ့ အရေးပေါ်ခန်းတွေမှာ ကုသမူခံယူနေရ ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း ထိုင်း-မြန်မာ အခြေစိုက် မအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ က မဟာချိုင်လို့ လူသိများတဲ့ မြန်မာအလုပ်သမား အများအပြား နေထိုင် အလုပ်လုပ်တဲ့နေရာမှာ မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ကားတစီး တိမ်းမှောက်တာကြောင့် လူ၉ဦးသေဆုံးခဲ့ရပြီး တချို့လည်း အရေးပေါ်ခန်းတွေမှာ ကုသမူတွေခံနေရတယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေကို အကူညီပေးနေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့က ကိုအောင်ဆန်းဦးကတော့ အလုပ်သမားတွေရဲ့ နောက်ဆုံးအခြေအနေကို အခုလိုပြောပါတယ်။

“သေဆုံးတာက လက်ရှိအခြေအနေမှာ ကျနော်တို့ စာရင်းရထားတာက သေဆုံးသူ ကိုးယောက် ရှိပါပြီခင်ဗျ။ နောက်ထပ် ဒီမှာ ဆရာဝန်ကနေပြီးတော့ လက်မှတ် ထိုးခိုင်းနေတာ ရှိတယ်။ အခြေအနေမကောင်းလို့ လက်မှတ်ထိုးခိုင်းတာ တယောက် ရှိတယ်။ မိန်းခလေး တယောက် တော်တော်လေး အခြေအနေဆိုးသွားတယ်။ ဒဏ်ရာ ရတာကတော့ အားလုံး ၁၃ ယောက် ရှိပါတယ်ခင်ဗျ။ လက်ရှိ ကုသနေရတာက မဟာချိုင် (၁) မှာ အရေးပေါ်ခန်းထဲမှာ အမျိုးသမီး တယောက် အခြေအနေ မကောင်းဘူး။ မဟာချိုင် (၃) မှာ အိုင်စီယူ အခန်းမှာ ယောက်ျားလေး သုံးယောက် ရှိတယ်။ နောက်တခါ နည်းနည်း စကားပြောနိုင် ဆိုနိုင်တဲ့ ကောင်လေးတယောက်က လေးထပ်မှာ တယောက် ရှိတယ်။ နောက်တခါ စမွတ်စခွန် ဆေးရုံကြီးမှာ ယောက်ျားလေးက လေးယောက်၊ မိန်းကလေး လေးယောက် ရှိတယ်။ ဧကချိုင် ဆေးရုံမှာ မိန်းခလေးတယောက် ရှိတယ်။ အိုင်စီယူ အခန်းပဲခင်ဗျ။”

ဒီနေ့မှာတော့ ဆေးရုံတက်နေတဲ့ အလုပ်သမားတွေရှိရာကို မြန်မာသံရုံးက အလုပ်သမား သံအရာရှိတွေ လာရောက်ကြည့်ရူခဲ့ပြီး အလုပ်သမား ၆ဦးကို တဦးကို ဘတ်ငွေ ၃ထောင်စီ ကူညီသွားတယ်လို့ အလုပ်သမားအရေးလုပ်နေသူတွေက ဆိုပါတယ်။ ထိုင်းနိုင်ငံမြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကတော့ အလုပ်သမားတွေတွက် အဆင်ပြေအောင်ဆောင်ရွက်ပေးနေကြောင်း ကျန်းမာရေး ကုန်ကျစားရိတ်တွေ အတွက် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

“ဘာမှမရှိပါဘူး။ လောလောဆယ် ကုသနေကြပါတယ်။ နစ်နာကြေးတွေ၊ လျော်ကြေးတွေ ရရှိအောင်လည်း သက်ဆိုင်ရာ အလုပ်ရှင်တွေနဲ့ ဆွေးနွေးဖို့လည်း ကျနော်တို့ စီစဉ်နေပါတယ်။ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ တွေ့ရတာ ခြောက်ယောက်ပဲ ရှိပါတယ်။ တယောက်ကတော့ အရေးပေါ် ကုသခန်းထဲ ၀င်နေလို့ မတွေ့ခဲ့ရဘူး။ စနစ်တကျ ဂရုစိုက်ပြီး ကုသပေးနေပါတယ်။ အလုပ် လုပ်တာလည်း သူတို့က ခြောက်ရက်ပဲ ရှိပါသေးတယ်။”

သန်းနဲ့ ချီပြီး အလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင်ဒေသမှာ အလုပ် လုပ်ကိုင်ကြတဲ့ မြန်မာတွေဟာ များသောအားဖြင့် အလုပ်လုပ်ခွင့်လက်မှတ် မရှိသူတွေက များပါတယ်။ နေ့စဉ်ထိုင်းနိုင်ငံထဲကို ၀င်ရောက်လာနေကြပြီး အလုပ်သမားလက်မှတ်လုပ်တဲ့ အချိန်ကာလကျော်သွားတဲ့အထိ အလုပ်လုပ်ဖို့ ၀င်ရောက်လာနေသူတွေလည်းရှိနေတာပါ။ အခု သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတချို့ဟာ အလုပ်လုပ်တာ ရက်ပိုင်းပဲရှိကြသူတွေလည်း ပါသလို တချို့လည်း ထိုင်းနိုင်ငံရဲ့ အလုပ်လုပ်ခွင့်ကဒ်ပြားများကို သက်တမ်းထပ်မတိုး တာကြောင့် ဆေးကုသခွင့် တို့သေဆုံးမူအတွက် နစ်နာကြေးရဖို့ ကိစ္စတွေမှာ အခက်အခဲတွေရှိနေတယ်လို့ ကိုအောင်ဆန်းဦးက ဆက်ပြောပါတယ်။

“အခုလက်ရှိ ကျနော် ရထားတဲ့ ကလေးတွေက ပန်းရောင်ကဒ်တွေမှာ သူတို့က သက်တမ်းတွေ ကုန်ဆုံးနေပြီဗျ။ ပြန်ပြီးတော့ သက်တမ်း မတိုးရသေးဘူး။ အဲဒီအတွက်တော့ သူတို့က ဆေးကုသခွင့် ကုသမှုခံယူဖို့တော့ နည်းနည်း ခက်တာပေါ့။ နောက် ပက်စ်ပို့စ် ရှိတဲ့လူတွေ ကျတော့လည်း အားနည်းချက်က တချို့က အလုပ်လုပ်ခွင့် (work permit) မရှိကြဘူး။ work permit ရှိရင်တော့ ဒီသူဋ္ဌေးကို ကျနော်တို့က အရေးယူ ဆောင်ရွက်လို့ ရသေးတယ်။ work permit လည်း မရှိ၊ အဲဒီအလုပ်ရုံမှာ လုပ်တာလည်း နှစ်လ သုံးလလောက် ရှိရင်တော့ အရေးယူလို့ရသေးတယ်။ အခုဟာက တပတ် ဆယ်ရက်လောက်ပဲ ဆိုတော့။”

ထိုင်းနိုင်ငံတွင်းမှာ တရားမ၀င်ရော တရားဝင်ရော မြန်မာအလုပ်သမား ၂သန်းခွဲကနေ ၃သန်းလောက်ထိ ရှိပေမဲ့ အလုပ်လုပ်ခွင့် လက်မှတ်နဲ့ နိုင်ငံကူး လက်မှတ်လုပ်သူတွေက သိန်းဂဏန်းလောက်ပဲ ရှိနေတာပါ။ နေ့စဉ် အလုပ်လုပ်ဖို့အတွက် လာကြသူတွေဟာ တရားမ၀င်နည်းလမ်းတွေနဲ့ ထိုင်းနိုင်ငံရဲ့ အတွင်းပိုင်းကို နေ့စဉ်ဝင်ရောက်နေကြပြီး အခု မဟာချိုင်ဒေသဟာ မြန်မာ အလုပ်သမားအများဆုံး ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

XS
SM
MD
LG