သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့် အပါအဝင် ရှမ်းပြည် စစ်ပြေးဒုက္ခသည်တွေကို ဂျပန်ကူညီ


တရုတ်ပြည် ယူနန်ဘက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရှမ်းစစ်ပြေးဒုက္ခသည်များ။
တရုတ်ပြည် ယူနန်ဘက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရှမ်းစစ်ပြေးဒုက္ခသည်များ။

ကိုးကန့်ဒေသ အပါအဝင် ရှမ်းပြည်နယ် အတွင်း စစ်မက်ဖြစ်ပွားရာဒေသတွေက ဒုက္ခသည်တွေ အတွက် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းကနေ ဆန်နဲ့ အခြားထောက်ပံ့ ပစ္စည်း တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ငါးထောင်ကျော်ဖိုး လှုဒါန်းလိုက်ပါတယ်။ ဒီအကူအညီတွေကိုတော့ အာဏာပိုင်တွေနဲ့ ဒေသခံ လူမှုအဖွဲ့အစည်းတွေကတဆင့် စစ်ဘေး ဒုက္ခသည်တွေကို ဖြန့်ဝေကူညီသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိမ် သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ် စစ်ဘေးသင့်ပြည်သူတွေ အတွက် ဂျပန်နိုင်ငံကပြည်သူတွေကိုယ်စား နိပွန်ဖေါင်ဒေးရှင်းကနေ ဆန်နဲ့ တခြား ထောက်ပံ့ပစ္စည်းတွေကို လားရှိုးမြို့ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ လာရောက်လှူဒါန်းခဲ့တယ်လို့ လားရှိုးမြို့ခံ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမင်းကအခုလို ပြောပါတယ်။

"လောက်ကိုင်ဒေသမှာ ပဋိပက္ခဖြစ်ပြီးတော့ စစ်ဘေးစစ်ဒဏ် သင့်နေတဲ့ ပြည်သူ လူထု ကို သူတို့ ကူညီတဲ့ ထောက်ပံ့ကြေးငွေပါခင်ဗျ။ ဆန်ပါတယ်ဗျာ။ နောက် ဆိုလာပြားပါတယ်။ နောက် ဆေးခြင်ထောင်တွေပါတယ်။ "

ဒီကနေ့ လှူဒါန်းပွဲမှာ နိပွန်ဖေါင်ဒေးရှင်းက ဌာနေကိုယ်စားလှယ် တာဝန်ရှိသူတဦး တက်ရောက်ခဲ့သလို ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အဖွဲ့ကနေ အလှူပစ္စည်းတွေကို လက်ခံခဲ့ပါတယ်။ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၅၁၃၄)သိန်း တန်ဖိုးရှိတဲ့ ဆန်နဲ့တခြားထောက်ပံ့ပစ္စည်းတွေကို ရှမ်းပြည်နယ် အတွင်း စစ်မက် ဖြစ်ပွါးနေဆဲဒေသဖြစ်တဲ့ လောက်ကိုင်ဒေသ ချင်းရွှေဟော် ပလောင်ဒေသ ကွတ်ခိုင် နမ့်ခမ်း နဲ့ ဟိုပန် လားရှိုးဒေသက စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဆောင်သွားဖို့ရည်ရွယ်ချက်နဲ့ နိပွန်ဖေါင်ဒေးရှင်းကနေ လာရောက်လှူဒါန်းတယ်လို့လဲ စိုင်းစံမင်းကပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တို့ အကြားဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ လာရှိုးမြို့က ဘုန်းတော်ကြီးကျောင်းတွေမှာ လာရောက် ခိုလှုံနေကြပါတယ်။

အဆိုပါဒုက္ခသည်တွေအတွက်လဲ ဆန်နဲ့ တခြားပစ္စည်းတွေကို ကူညီထောက်ပံ့ပေးခဲ့ သလို တခြားဒေသ အတွက်လဲ မြန်မာ အာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်း ကနေတဆင့် စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေး သွားမယ်လို့လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းစံမင်းက အခုလို ပြောပါတယ်။

" ကျနော်တို့ လားရှိုး မန်စီ ရှမ်းကျောင်းမှာ ပဋိပက္ခဖြစ်ပွားတဲ့ အချိန်ကာလ တုန်းကတော့ အဲ့ဒီ့ဒုက္ခသည်တွေ ရှမ်းကျောင်းမှာ လာပြီးတော့ ဒုက္ခသည်တွေ နှစ်သောင်း ရှစ်ထောင်လောက် လာပြီးတော့ ခိုလှုံတာပေါ့လေနော်။ ခိုလှုံတယ်ဆိုတာက ညနားပြီးတော့ မနက်ပြန်ပို့ အဲ့လိုမျိုးလည်း ရှိတယ်။ နှစ်ရာကျော် ကတော့ လချီပြီး နေတဲ့ ဒုက္ခသည်တွေလည်း ရှိတယ်လေ။ အဲ့ဒီ့ရှမ်းကျောင်း မှာ ခြောက်ရာ လေးဆယ့်နှစ်အိတ်တော့ ဆရာတော်ကိုယ်တိုင် လက်ခံပြီးတော့ သူတို့ လှူဒါန်းသွားတာ ကျနော်တို့ တွေ့ရတယ်လေ။ ကျန်တဲ့ဟာကတော့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် အထောက်အကူပြုအဖွဲ့ကနေ လားရှိုးကနေတဆင့် သက်ဆိုင်ရာ မြို့နယ်ကို သယ်သွားဖို့တော့ အစီအစဉ်တော့ လုပ်နေတယ်လေ။"

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ(၉)ရက်နေ့ ကနေ စတင်ဖြစ်ပွါးခဲ့တဲ့ ကိုးကန့် စစ်ရေး ပဋိပက္ခကြောင့် သိန်းနဲ့ ချီတဲ့ စစ်ပြေးဒုက္ခသည် တွေဟာ တရုတ်နယ်စပ်နဲ့ လားရှိုးမြို့တွေမှာ စစ်ပြေးတိမ်းရှောင်နေကြရပါတယ်။ တရုတ်နယ်စပ်ဘက်ကို တိမ်းရှောင် နေရတဲ့ စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေကိုတော့ ကိုယ်တိုင် သွားရောက်ခဲ့သူ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မနန်းခွမ်လိတ် က အခုလိုပြောပါတယ်။

"သူတို့ ကိုယ်ထူကိုယ်ထ တဲတွေနဲ့ပဲ နေနေတာတွေ ကျမတို့လည်း တွေ့ခဲ့ရတယ်။ ကိုးကန့်တိုင်းရင်းသားတွေရော ပြီးတော့ တအောင်းပလောင် တိုင်းရင်း သားတွေရော ဒေသခံရွာသားတွေရော အဲ့ဒီ့ဘက်မှာ အကူအညီမရှိပဲနဲ့ နေနေရတဲ့ ဒုက္ခသည်တွေကိုလည်း ကျမတို့ တွေ့ခဲ့တယ်။"

နိပွန်ဖေါင်ဒေးရှင်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်မှာ မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသားဒေသက စစ်ပြေးဒုက္ခသည်တွေနဲ့ အိုးအိမ်ရွှေ့ပြောင်းခံပြည်သူတွေကို အမေရိကန် ဒေါ်လာ သုံးသန်း အကူညီပေးခဲ့ပါတယ်။ နိပွန်ဖေါင်ဒေးရှင်းအနေနဲ့ မွန်ပြည်နယ် ကရင်ပြည်နယ် ကယားပြည်နယ်တွေမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ အိုးအိမ် စွန့်ခွါသူတွေကို ၂၀၁၂ ခုနှစ်ကနေ အခုထိအကူညီပေးဆောင်နေပါတယ်။
နိပွန်ဖေါင်ဒေးရှင်းဟာ (၁၉၆၂)ခုျနှစ်မှာ တည်ထောင်ခဲ့သလို (၁၉၆၇)ခုနှစ် မှာမြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း (၂၀)အကူအညီပေးခဲ့ပါတယ်။

XS
SM
MD
LG