တောင်ကိုရီးယားနိုင်ငံက စစ်သင်္ဘောတစီး နစ်မြုပ်ခဲ့ရတာဟာ မြောက်ကိုရီးယားရဲ့  လက်ချက်လို့ ပြောဆိုနေပါတယ်။ ဒီကိစ္စမှာ ကမ္ဘာက ၀ိုင်းပြီးတုံ့ပြန်ဖို့ တာဝန်ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက်ပါ တယ်။ တောင်ကိုရီးယားရဲ့  သမ္မတ လီမြောင်ဘတ် (Lee Myung-bak) နိုင်ငံခြားရေးဝန်ကြီး ယုမြောင်ဟွား (Yu Myung-hwan) တို့နဲ့ ၀န်ကြီးကလင်တန်တို့ မနေ့က တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အခုလို ပြောခဲ့တာပါ။
တောင်ကိုရီးယား စစ်သင်္ဘော ချိုနန် (Cheonan) ကို နှစ်မြုပ်အောင် တိုက်ခိုက်တာဟာ ရန်စတဲ့ သဘောပဲဖြစ်တယ်။ ဒါကို ထိထိရောက်ရောက် တုံ့ပြန်ဖို့ လိုတယ်ဆိုပေမဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်ဖို့ လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် က ပြောပါတယ်။
တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေကို (၆) ရက်ကြာခရီးနဲ့ ၀န်ကြီး ကလင်တန် သွားရောက်နေတာဖြစ်ပြီး တောင်ကိုရီးယားကနေ အမေရိကန် ပြည်ထောင်စုကို ပြန်လာမှာပါ။
မတ်လ (၂၆) ရက်နေ့က စစ်သင်္ဘောနစ်မြုပ်မှုမှာ တောင်ကိုရီးယား သင်္ဘောသား (၄၆) ဦး သေဆုံးခဲ့ရပါတယ်။ သင်္ဘောနစ်မြုပ်မှုဟာ သူတို့နဲ့ မဆိုင်ဘူးလို့ မြောက်ကိုရီးယားဘက်က ငြင်းဆိုထားပြီး တောင်ကိုရီးယားနဲ့ အဆက်အသွယ်တွေ အားလုံးကိုလည်း ဖြတ်တောက် လိုက်ပါတယ်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု တခု အရတော့ မြောက်ကိုရီးယားရဲ့  ရေငုပ်သင်္ဘောကနေ တော်ပီဒိုနဲ့ ပစ်ခဲ့တာလို့ ဆိုပါတယ်။