မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထားချိန်မှာ NLD ပါတီက အသုံးပြုတဲ့ အမှတ်တံဆိပ် ခွပ်ဒေါင်းဟာ သူတို့ပါတီက တံဆိပ်နဲ့ ဆင်တူနေတယ်ဆိုပြီး ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက ကန့်ကွက်လိုက်ပါတယ်။ NLD ကတော့ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ် စာရင်းပေးရမယ့်ရက် မတိုင်ခင် မှတ်ပုံတင်ခွင့် ကျမယ်လို့ မျှော်လင့်နေသလို ပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ ပါတီပြောရေးဆိုခွင့် ရှိသူက ပြောခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးကနေ ဆက်သွယ်မေးမြန်းထားတဲ့ မစုမြတ်မွန်က တင်ပြထားပါတယ်။
NLD ပါတီက ၁၉၈၈ ခုနှစ်မှာ ပါတီ စတင်ထူထောင်ပြီး ပထမတစ်ကြိမ် မှတ်ပုံတင်ကတည်းက အလံမှာ အသုံးပြုခဲ့တဲ့ ခွပ်ဒေါင်းပုံကို အခုတခါ ထပ်ပြီး ပါတီမှတ်ပုံတင်တဲ့အခါမှာ ပါတီအမှတ်တံဆိပ်နဲ့ ပါတီသင်္ကေတအဖြစ် ထည့်သွင်းထားတာကို ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက ရွေးကောက်ပွဲ ကော်မရှင်မှာ ကန့်ကွက်လိုက်တာဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေ ထင်ယောင်ထင်မှား ဖြစ်မှာစိုးတဲ့အတွက်လို့ အဲဒီပါတီ ဒုတိယဥက္ကဋ္ဌ ကိုသန်းဦးက ဆိုပါတယ်။
“ကျနော်တို့ပါတီရဲ့ အလံနဲ့သင်္ကေတက ခွပ်ဒေါင်းတံဆိပ်ကို သုံးထားတယ်။ အခုလည်းပဲ NLD ပါတီက တင်တဲ့ဟာက ခွပ်ဒေါင်းတံဆိပ် ဖြစ်နေတယ်ဗျ။ အဲဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေကနေပြီးတော့မှ ထင်ယောင်ထင်မှား ဖြစ်လာနိုင်တယ်ပေါ့လေဗျာ။ ပြီးတော့ NLD ကို ပေးတဲ့မဲတွေက ကျနော်တို့ပါတီကို ရောက်လာနိုင်သလိုပဲ ကျနော်တို့ပါတီကို ပေးမယ့်မဲတွေကလည်း NLD ကို ရောက်သွားနိုင်တယ်ပေါ့။ အဲဒါကြောင့် လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲက ဖြစ်မလာနိုင်ဘူးပေါ့ဗျာ။ ပြီးတော့ ပြည်သူတွေကလည်း ကိုယ်ပေးချင်တဲ့ပါတီကို တိုက်ရိုက်ပေးခွင့် မရနိုင်ဘူးပေါ့။ အဲဒါကြောင့် ကျနော်တို့က ကန့်ကွက်တာပါ။”
တကယ်တော့ NLD က သူ့အလံမှာပါတဲ့ ခွပ်ဒေါင်းပုံကို သုံးတာက လွန်ခဲ့တဲ့ ၂၃ နှစ်ကတည်းက သုံးနေတာပဲ မဟုတ်ဘူးလားရှင့်။
“မှန်ပါတယ်ခင်ဗျ။ နောက်ပိုင်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံကလည်း အသစ်ပြောင်းသွားတယ်။ နောက်ပြီးတော့ မှတ်ပုံတင်တာတွေလည်း အသစ်ပြောင်းသွားတဲ့အခါမှာ ပြန်ပြီး မှတ်ပုံတင်တဲ့အခါမှာကျတော့ ကျနော်တို့ ပါတီက register ကို စောစောစီးစီး ရထားတယ်ပေါ့ဗျာ။ နောက်ပိုင်းကျမှ ပြန်ပြီးတော့တင်ရတဲ့ ပါတီ ဖြစ်တဲ့အတွက်ကြောင့် သူက ဒီဟာတွေကို စဉ်းစားပြီးမှ လုပ်ရမယ့်အနေအထား ရှိပါတယ်ခင်ဗျ။”
NLD ဘက်ကတော့ အခုလို တခြားပါတီက ကန့်ကွက်နေတာကို တရားဝင် မသိရသေးဘူးလို့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“တရားဝင်တော့ မသိဘူး။ ကြားတော့ တံဆိပ်ကို ကန့်ကွက်တယ်ဆိုလား၊ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ ကျနော်တို့ တံဆိပ်ကလည်း ဘာမှတူတာလည်း မဟုတ်ပါဘူး။ ဘယ်လို အကြောင်းပြချက်နဲ့ ကန့်ကွက်သလဲတော့ ကျနော်လည်း မသိဘူး။”
တကယ်တော့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်တုန်းက သူတို့ပါတီက ခွပ်ဒေါင်းတံဆိပ်ကို သုံးခဲ့လို့ ဒါဟာ ကျောင်းသားလှုပ်ရှားမှုသမိုင်း အစဉ်အလာကို ထိခိုက်စေတယ်လို့ ဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကရော လက်ရှိ အကျဉ်းကျနေဆဲဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ကိုယ်စားပြုတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကရော ကန့်ကွက်ခဲ့ကြပါတယ်။ NLD ပါတီကတော့ ကိုသန်းဦးတို့၊ ကိုအေးလွင်တို့ ပါတီက ကန့်ကွက်နေပေမဲ့ ပါတီမှတ်ပုံတင်ထားတာ အချိန်မှီကျမယ်လို့ မျှော်လင့်ပါတယ်။ ဇန်နဝါရီက ၁၆ ရက်နေ့ကနေ ၃၁ ရက်နေ့ကြားမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေ စာရင်းပေးရတော့မှာမို့ အဆိုပြုချင်သူတွေရှိရင် သိနိုင်အောင် ဒီနေ့ပဲ NLD တာဝန်ရှိသူတွေ စည်းဝေးခဲ့ကြပါတယ်။
“သက်ဆိုင်ရာတိုင်း၊ သက်ဆိုင်ရာမြို့နယ်က သူတို့ အဆိုပြုချင်တာရှိရင် တင်နိုင်အောင်ဆိုပြီး ကျနော်တို့ ဒီနေ့ပဲ စာထုတ်ပြီးတော့ မေးပါမယ်။”
ဘယ် ကိုယ်စားလှယ်လောင်းတွေက ဘယ်မြို့နယ်မှာ ကိုယ်စားပြုပြီးတော့ ဝင်အရွေးခံမယ်ဆိုတာကို ဘယ်တော့လောက် ဆုံးဖြတ်ပါမလဲ။
“ကျနော် ပြောနိုင်တာကတော့ အဲဒီ ဝင်မယ့်ပုဂ္ဂိုလ်တွေကို ဆုံးဖြတ်ဖို့က ကျနော်တို့ ဒီလ ၁၆ ရက်နေ့ မတိုင်ခင်ပေါ့ဗျာ။ အဲဒီလောက်ကျမှ ဆုံးဖြတ်နိုင်မယ်။ ကျနော်တို့ ပြည်နယ်တိုင်းတွေရဲ့ မြို့နယ်တွေရဲ့ ဆန္ဒကိုလည်း တောင်းထားတယ်။ အဲဒီတော့ ဆုံးဖြတ်တာက အဲဒီရက်လောက်ကျမှ ဆုံးဖြတ်နိုင်မယ်။”
ရွေးကောက်ပွဲဝင်မယ့် မြို့နယ်တွေမှာ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေ ဆက်ပြီး ဖွဲ့သွားဖို့ကိုလည်း NLD က စီစဉ်နေပါတယ်။ လောလောဆယ်မှာတော့ ပါတီဝင်သစ် မှတ်ပုံတင်တဲ့ ကိစ္စတွေကြောင့် လမ်းပေါ်ထွက် စည်းရုံးမဲဆွယ်မှုတွေ မလုပ်နိုင်သေးဘူးလို့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“အမှန်အတိုင်းပဲ ပြောပါမယ်။ မလုပ်နိုင်သေးဘူး။ ကျနော်တို့ ဒီမှာ ပါတီမှတ်ပုံတင်ကျရင် လုပ်ရမယ့် ပါတီဝင်လျှောက်လွှာ ကိစ္စတို့၊ အောင်နိုင်ရေး မြို့နယ်အဆင်အထိ ကိစ္စတို့ လုပ်ငန်းတွေကလေ အပြင်ထွက် မလုပ်နိုင်သေးဘူး။ ဒီမှာပဲ ညှိနှိုင်းပြီး လုပ်နေရတာတွေက သိပ်များတယ်။ အလုပ် သိပ်များနေပါတယ်။”
NLD က ရွေးကောက်ပွဲတွေ ဝင်မယ်လို့ တရားဝင် ကြေညာခဲ့ပြီးတဲ့နောက် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် ဒီဇင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်သွားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲတွေကို ဒီနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အစိုးရက ကြေညာထားပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်မှာ နေရာ ၄၀၊ အမျိုးသားလွှတ်တော်မှာ ၆ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ ၂ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၄၈ နေရာ လစ်လပ်ပါတယ်။