သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ တရားဝင် ပြန်မှတ်ပုံတင်ဖွယ်ရှိ


NLD ပါတီ တရားဝင် ပြန်မှတ်ပုံတင်ဖွယ်ရှိ
NLD ပါတီ တရားဝင် ပြန်မှတ်ပုံတင်ဖွယ်ရှိ

မြန်မာအစိုးရက ရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်ဖို့ မကြာသေးခင်ကပဲ စီစဉ်လာတာကြောင့် တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံထားရတဲ့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ပါတီမှတ်ပုံတင်ဖို့ ဖြစ်နိုင်ချေတွေ ပိုပြီးတော့ နီးစပ်လာနေပါပြီ။ သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံထဲမှာ ပါဝင်တဲ့ ပါတီမှတ်ပုံတင်ခြင်း ဥပဒေတချို့ကို တရားဝင် ပြင်ဆင်ပြဌာန်းပြီးသွားရင်တော့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအနေနဲ့ မှတ်ပုံတင်မယ် မတင်ဘူးဆိုတာကို ဆုံးဖြတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ပါတီ တာဝန်ရှိသူကို မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော်တွေအတွင်း နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တဲ့ ဥပဒေတွေနဲ့ပတ်သက်လို့ ပြင်ဆင် အတည်ပြုချက်တွေ လုပ်ဆောင်ခဲ့တာမို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို ဖျက်သိမ်းခံထားရတဲ့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ဖို့ လမ်းပွင့်လာမယ့်အလားအလာတွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဟာ ပါတီမှတ်ပုံတင်ရေး မတင်ရေးကိစ္စကို ဆွေးနွေးနေကြတာပါ။ မှတ်ပုံတင်ဖို့ကိစ္စ တရားဝင်ဆုံးဖြတ်ချက် မချရသေးပေမဲ့လို့ ပါတီ မှတ်ပုံတင်ဖို့ ဖြစ်နိုင်ချေရှိတယ်လို့ ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေတွေ ပြုပြင်ပြောင်းလဲနေတယ်။ အဲဒီ ပြုပြင်ပြောင်းလဲနေတဲ့အပေါ်မှာ မူတည်ပြီးတော့ ပြန်လည်မှတ်ပုံတင်ဖို့ကို အဖွဲ့ချုပ်က စဉ်းစားမယ်။ ကျနော့်အမြင်ကတော့ ပါတီမှတ်ပုံတင်ဖို့ ဖြစ်နိုင်ချေရှိတယ်။ သို့သော်လည်း အဲဒါဟာ ပါတီရဲ့ သဘောတူညီမှုနဲ့မှဖြစ်မှာပါ။”

ဘယ်တော့လောက် ဆုံးဖြတ်ဖြစ်ကြမယ်ထင်လဲရှင်။ -

“ဥပဒေတွေ ဘယ်တော့ထွက်မလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။”

လွှတ်တော်အတွင်းမှာ ပါတီမှတ်ပုံတင်ဖို့ကိစ္စ သူတို့ပြင်ဆင်လိုက်တာနဲ့ ပတ်သက်လို့ရော သူတို့ပြင်ဆင်ချက်တွေက လုံလောက်ပြီလို့ ထင်ပါသလားရှင့်။ -

“ဟုတ်ကဲ့။ ကျနော်တို့ အဲဒါက ပါတီတွင်းမှာ ဆုံးဖြတ်မှာပါ။ နောက်ပြီးတော့ အဲဒီပြင်ဆင်ချက်တွေကလည်း မထွက်သေးပါဘူး။ ပြင်ဆင်ချက် မထွက်သေးတာကို လုံလောက်တယ် မလုံလောက်တယ် ကျနော်တို့ ဘယ်ပြောလို့ဖြစ်မလဲ။ ဒါက ပါတီအနေနဲ့ ဆုံးဖြတ်ရမယ့်ကိစ္စပါ။”

အန်ကယ်လ်တို့ဘက်က အနေနဲ့ဆိုရင်ရော ပါတီ မှတ်ပုံတင်ကိစ္စတို့ ရွေးကောက်ပွဲကိစ္စတို့နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြင်စေချင်တာ ရှိလဲရှင့်။ အဓိက ဘယ်အချက်တွေကို ပြင်စေချင်တာရှိလဲရှင့်။ -

“ဟုတ်ကဲ့ခင်ဗျာ။ ကျနော် အဲဒါကိုတော့ မပြောနိုင်ပါဘူး။ ဒါက တာဝန်ရှိတဲ့လူကြီးတွေက စဉ်းစားဆွေးနွေးတဲ့ကိစ္စ။ ကျနော်တို့လည်း အသေးစိတ် မသိပါဘူး။”

NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ NLD ဟာ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါဝင်တဲ့ ထောင်ဒဏ်ကျခံနေရသူဟာ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုတဲ့ ကန့်သတ်ချက်ကြောင့် မနှစ်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ပါတီမှတ်ပုံတင်ရမယ် ဆိုတာကို ငြင်းဆန်ခဲ့တာပါ။ ဒါကြောင့် အစိုးရကနေ NLD အပါအဝင် မှတ်ပုံတင်ခြင်းမရှိတဲ့ နိုင်ငံရေးပါတီ တော်တော်များများကို တရားဝင် နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးခင်ကပဲ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်စလုံးကနေ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ အပါအဝင် အချက်တချို့ကိုပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်းကို အတည်ပြုလိုက်ပါတယ်။ လွှတ်တော်တွေက အတည်ပြုခဲ့တဲ့ ဒီပြင်ဆင်ချက် ဥပဒေမူကြမ်းကို သမ္မတဦးသိန်းစိန်ကနေ လက်မှတ်ရေးထိုးပြီးရင်တော့ တရားဝင်ဥပဒေတစ်ရပ်အနေနဲ့ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

XS
SM
MD
LG