သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD မှတ်ပုံတင်နိုင်ဖွယ်ကိစ္စ တုံ့ပြန်ချက်များ


NLD မှတ်ပုံတင်နိုင်ဖွယ်ကိစ္စ တုံ့ပြန်ချက်များ
NLD မှတ်ပုံတင်နိုင်ဖွယ်ကိစ္စ တုံ့ပြန်ချက်များ

NLD ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့မယ်ဆိုရင် နိုင်ငံရေးအရ ပိုပြီး လုပ်ဆောင်လာနိုင် လိမ့်မယ်လို့ ယူဆနေကြသလို တဘက်ကလည်း ဒီအချိန်မှာ ပြန်ပြီး မှတ်ပုံတင်လိုက်ရင် မြန်မာ့ဒီမိုကရေစီပန်းတိုင်က ပိုပြီးများ ဝေးကွာသွားလေမလား ဆိုပြီး စိုးရိမ်မှုတချို့ ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်က ပြင်ဆင်လိုက်တဲ့ ပါတီမှတ်ပုံတင် ဥပဒေ ထွက်လာရင် ပါတီ မှတ်ပုံတင်မယ် မတင်ဘူးဆိုတာကို ယတိပြတ် ဆုံးဖြတ်မယ်ဆိုပြီး အောက်တိုဘာလ ၃၀ ရက်နေ့က ပြောဆိုလိုက်တာပါ။ ဒီအပေါ်မှာ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ သဘောထား အမြင်က ဘယ်လိုရှိသလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေး မတင်ရေးက အသစ်ပေါ်ထွက်လာမယ့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေပေါ်မှာ မူတည်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံအပြီးမှာ ပြောဆိုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကတော့ NLD အနေနဲ့ နိုင်ငံရေး ပါတီအဖြစ် တရားဝင် ပြန်ပြီး မှတ်ပုံတင်ခဲ့မယ်ဆိုရင် နိုင်ငံရေးလှုပ်ရှားမှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင် လိမ့်မယ်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ တွေ့ဆုံဆွေးနွေးမှုကနေ နိုင်ငံရေး အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်လိုမျိုး၊ ပါတီ တရားဝင်မှတ်ပုံတင်ရေးလို ကိစ္စမျိုးတွေ ပြောဆို ဆွေးနွေးမှုတွေက မှန်ကန်တဲ့ နိုင်ငံရေး အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း ယူဆတဲ့အကြောင်း CRPP ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“မှတ်ပုံတင်ခြင်းအားဖြင့် ပါတီရဲ့လုပ်ငန်းတွေ၊ စည်းရုံးရေးလုပ်ငန်းတွေ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်လို့တော့ NLD ရဲ့ ခေါင်းဆောင်ပိုင်းတွေက ပြောတာတွေလည်း ကြားဖူးပါတယ်။ ဒီအပေါ်မှာတော့ ကျနော်တို့ကလည်း ဒီလို အပေးအယူလုပ်တယ်။ တဘက်နဲ့တဘက် အပြန်အလှန် ယုံကြည်မှုတွေ ရှိလာတယ်ဆိုရင် ပါတီမှတ်ပုံတင်တာကတော့ ကောင်းမယ်လို့ ထင်ပါတယ်။ ဒါကို ကျနော်တို့ အခုလာမယ့် လဆန်းမှာ ပြုလုပ်မယ့် အစည်းအဝေးမှာ ဒါတွေကိုလည်းပဲ ဆွေးနွေးသွားဖို့ရှိပါတယ်။ NLD က အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်တာတွေ လုပ်လာမယ်၊ တရားဝင်ပါတီအဖြစ် ရပ်တည်လာမယ် ဆိုရင်တော့ ကျနော်တို့ ပြန်လည် သုံးသပ်တဲ့လုပ်ငန်းတွေကိုလည်း CRPP မှာလည်း လုပ်ဖို့ရှိပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ တရားဝင်ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ဖို့အတွက် ပါတီခေါင်းဆောင်ပိုင်းက ဆုံးဖြတ်မယ်ဆိုရင် ပြည်ပအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) အနေနဲ့ ကန့်ကွက်စရာ မရှိဘူးလို့ NLD-LA ရဲ့ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်သူ့ကိုယ်စားလှယ် ဦးဘိုသောင်းက ပြောပါတယ်။

“အဖွဲ့ချုပ်ဗဟိုကနေ ဆုံးဖြတ်ဆောင်ရွက်တာကို ကျနော်တို့ကတော့ လိုက်နာဆောင်ရွက်မှာ ဖြစ်တယ်လေ။ ကျနော်တို့မြင်တာကတော့ နိုင်ငံရေးပါတီရယ်လို့ဖြစ်လာရင်တော့ နိုင်ငံရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ နိုင်ငံရေးအာဏာ ရယူဖို့၊ နိုင်ငံရေးအာဏာ ရယူမှ ကိုယ်လိုချင်တဲ့လူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကျနော်တို့က ဆောင်ကြဉ်းနိုင်မှာ ဖြစ်တာကိုး။ အထဲက ခေါင်းဆောင်မှုဖြစ်တဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ရှိတယ်၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေ ရှိတယ်။ မြို့နယ်အသီးသီးက ခေါင်းဆောင်တွေ ရှိတယ်။ အဲဒီလို အားလုံးရဲ့ သဘောတူဆန္ဒနဲ့အညီ ဆုံးဖြတ်ဆောင်ရွက်ကြလိမ့်မယ်လို့ ကျနော်တို့ အလေးအနက် ယုံကြည်တဲ့အတွက် တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတယ်မယ်ဆိုတဲ့ ကိစ္စကိုတော့ ကျနော်တို့အနေနဲ့ ကန့်ကွက်စရာမရှိဘူးလို့ ကျနော် ပြောချင်ပါတယ်။

“အဲဒီတော့ ကျနော်တို့က NLD လွတ်မြောက်နယ်မြေသည် ကျနော်တို့ ရှိနေခြင်းက အကျိုးရှိမလား၊ အကျိုးယုတ်စေနိုင်မလား။ အကျိုးယုတ်စေနိုင်မယ်ဆိုရင်တော့ ကျနော်တို့က အားလုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ NLD-LA ရှိသင့်မသင့်၊ ဆက်ပြီး ဆောင်ရွက်သင့်မသင့် ကျနော်တို့ ဝိုင်းဝန်းဆုံးဖြတ်သွားကြရမှာ ဖြစ်တယ်လေ။ သို့သော်လည်း ကျနော်တို့ကတော့ NLD-LA က ယခင်ကလည်း မိခင် NLD ဆောင်ရွက်နိုင်တဲ့ ကိစ္စပေါ့။ ဥပမာ - ဒီဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ကျနော်တို့က နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်တယ်။ ကျနော်တို့နဲ့ သူတို့ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်တယ်။ အလုပ်တွေ အတူတူလုပ်နိုင်တယ်။ ဒီဟာတွေအတွက်တော့ ကျနော်တို့က NLD-LA က ရှိဖို့လိုအပ်တယ်ဆိုရင်တော့ ဆက်ရှိနေဦးမှာပဲ။”

NLD အနေနဲ့ ပါတီ မှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်တာမှာ လက်ရှိ နိုင်ငံရေး အကျဉ်းသားအရေး၊ တိုင်းရင်းသားအရေးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေကို ထည့်သွင်း စဉ်းစားဖို့တော့ လိုတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု (FDB) ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က ပြောဆိုပါတယ်။

“ကျနော်တို့အားလုံး တိုင်းပြည်ကို ပြန်လည်ကောင်းအောင် လုပ်စေချင်တယ်ဆိုရင်တော့ အခြေခံကောင်းတဲ့ အခြေအနေတစ်ရပ် ရှိဖို့လိုပါတယ်။ အဲဒါက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ရမယ်။ နောက်ပြီးတော့မှ ရန်သူတွေရဲ့အပြုအမူတွေ ရပ်ဆိုင်းတဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ရမယ်။ တွေ့ဆုံဆွေးနွေးပွဲဆိုတာ ပေါ်ရမယ်။ အဲဒါဆိုလိုရရှိရင် တစ်ယောက်နဲ့တစ်ယောက် ရန်ရှာစရာမလိုဘဲနဲ့ အားလုံးကနေပြီးတော့ သွားလို့ရတဲ့ အနေအထားမျိုးပေါ့။ အဲဒီလိုဟာမျိုးကို အာမခံချက် အားလုံးကိုပေးတယ်ဆိုရင် အတုံ့အပြန် အနေနဲ့ ပြန်လည်တောင်းဆိုလာနိုင်တာက… ဒါဆိုလို့ရှိရင်လည်းဗျာ လောလောဆယ်တော့ ပါတီ မှတ်ပုံတင်ထားလိုက်ပါ။ ကျနော်တို့အားလုံး ကျေနပ်လို့ရအောင် ရွေးကောက်ပွဲလေးတော့ ဝင်ထားလိုက်ပါ။ သို့သော်လည်း ကျနော်တို့ နိုင်ငံရေးကို အပြင်မှာ ဆွေးနွေးပါ့မယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေလည်း ပါသေးတာမဟုတ်ဘူး…ဆိုတဲ့ဟာမျိုး ဖြစ်တယ်ဆိုရင်တော့ သူ့ဘက်ကိုယ့်ဘက်ဆိုတဲ့ သူတို့ပြောပြောနေတဲ့ သူမနာကိုယ်မနာပေါ့ အားလုံးနိုင်တဲ့ အခြေအနေမှာပေါ့။ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ အဲဒီအခြေအနေတွေ ဘာမှအာမခံချက် မရှိသေးဘဲနဲ့ ငါလိုချင်တဲ့ဥစ္စာကို မင်းတို့အတင်းလုပ်ဆိုရင်တော့ ဒါက တဖက်သက်အနိုင်ကျင့်တာများ ဖြစ်မလားလို့ ကျနော်တို့က အဲဒီလိုမျိုးဖြစ်မိတာပါ။”

၂၀၁၀ ရွေးကောက်ပွဲဥပဒေဟာ တရားမျှတမှု မရှိတဲ့အတွက် ပါတီကို မှတ်ပုံတင်ဖို့ စဉ်းတောင် မစဉ်းစားဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ယတိပြတ် ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့လို့ နေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကနေ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပြင်ဆင်ချက်ကို အတည်ပြုလိုက်ပြီးတဲ့နောက်မှာ NLD ပါတီက မှတ်ပုံတင်ရေး မတင်ရေး စဉ်းစားချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒီ ပါတီမှတ်ပုံတင်ရေး ဥပဒေပြင်ဆင်ချက် မူကြမ်းကလည်း သမ္မတက လက်မှတ်ရေးထိုးပြီးရင်တော့ ပါတီမှတ်ပုံတင် ဥပဒေအဖြစ် မကြာခင်မှာ ထွက်ပေါ်လာဖွယ်ရာလည်း ရှိနေပါတယ်။

XS
SM
MD
LG