သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရွေးကောက်ပွဲဝင်ရေးအပေါ် ဦးဝင်းတင်အမြင်


NLD ရွေးကောက်ပွဲဝင်ရေးအပေါ် ဦးဝင်းတင်အမြင်
NLD ရွေးကောက်ပွဲဝင်ရေးအပေါ် ဦးဝင်းတင်အမြင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ ဘာမှ ပြောစရာမရှိပေမဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စကိုတော့ အများကြီး စဉ်းစားရလိမ့်မယ်လို့ NLD ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။ ရွေးကောက်ပွဲဝင်ရေး ကိစ္စဟာ ၂၀၀၈ အခြေခံဥပဒေအပေါ် သဘောထားနဲ့ သက်ဆိုင်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

NLD ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ တပါတည်း ပါတီရွေးကောက်ပွဲ ဝင်သင့်မဝင်သင့် ဆိုတဲ့ အကြောင်းအရာတွေက မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ အခုတလော အတော်လေး လူပြောများလာနေတဲ့ ကိစ္စပါ။ ဒီကိစ္စကို NLD ဗဟိုကော်မီတီဝင်တွေ စည်းဝေးထိုင်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပေမဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စအတွက် ဘာမှ အငြင်းပွားစရာ မရှိပေမဲ့ မှတ်ပုံတင်ပြီး နောက်ဆက်တွဲဖြစ်လာမယ့် ရွေးကောက်ပွဲဝင်ရေး မဝင်ရေးဆိုတဲ့ကိစ္စကတော့ အများကြီး စဉ်စားကြရမယ်လို့ ဗဟိုကော်မီတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က သူ့သဘောထားကို အခုလို ထုတ်ဖော် ပြောဆိုလာတာပါ။

“ဒီကိစ္စက အပိုင်းနှစ်ပိုင်းရှိတယ်လို့ ကျနော် ယူဆတယ်။ တစ်ပိုင်းက မှတ်ပုံတင်ရေးကိစ္စ၊ တစ်ပိုင်းက ရွေးကောက်ပွဲဝင်ရေးကိစ္စပေါ့။ ရွေးကောက်ပွဲဝင်ရေးကိစ္စနဲ့ ပတ်သက်လာပြီဆိုရင်တော့ အတော်ကို စဉ်းစားရမယ့်ကိစ္စတွေ၊ စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ၊ ဒွိဟ သံသယတွေ တော်တော်များများ ပေါ်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲဝင်တဲ့ကိစ္စက ကျနော်တို့က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျနော်တို့ လက်ခံသလား၊ လက်မခံဘူးလား ဆိုတဲ့ဟာနဲ့ စဉ်းစားရမယ့်ဟာကိုး။ ဒါကတစ်ချက်။ နောက်တစ်ချက်က ကျနော်တို့တွေ ဝင်သွားမယ့်လွှတ်တော်ဆိုတော့ နေရာဒေသကလည်း ဘာပဲပြောပြော ၂၀၀၈ အခြေခံဥပဒေလွှမ်းမိုးနေတဲ့ နေရာဒေသဖြစ်တဲ့အခါကျတော့ ကျနော်တို့ အဲဒီလွှတ်တော်ထဲကို ဝင်သွားဖို့အတွက် ရွေးကောက်ပွဲ ဝင်ကြမယ်ဆိုတဲ့ကိစ္စမှာ ကျနော်တို့ ပါတီဝင်ထုကြားထဲမှာ အများကြီး စဉ်းစားတဲ့သူတွေ ဒွိဟ သံသယတွေ ပေါ်နိုင်တယ်လို့ ကျနော်ထင်တယ်။”

ရွေးကောက်ပွဲဝင်ရေးကိစ္စအတွက် ပါတီတွင်းမှာ ကွဲလွဲတဲ့ အယူအဆတွေ ရှိနိုင်တာကြောင့် သူ့အနေနဲ့ အခုလို ပြောတာဖြစ်တယ်လို့ ဦးဝင်းတင်က ဆက်ပြောပါတယ်။

“ကျနော် ပြောနိုင်တာတစ်ခုကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီ မှတ်ပုံတင်ကိစ္စရော၊ ရွေးကောက်ပွဲဝင်ရေး ကိစ္စရောမှာ သေချာတာတစ်ခုကတော့ ကျနော်တို့မှာ ကွဲလွဲတဲ့အယူအဆတွေ၊ ကွဲလွဲတဲ့ အမြင်တွေ၊ သဘောထားတွေ၊ ရပ်တည်ချက်တွေ၊ တောင်းဆိုချက်တွေ စသည်ဖြင့် အများကြီး ကွဲလွဲမှုတွေ ရှိနိုင်တယ်။ ဒါ သေချာတယ်။ ဒါကို ကျနော်တို့ ဘာမှငြင်းစရာမလိုဘူး။ သို့သော် အဲဒီကွဲလွဲမှုတွေ အားလုံးကို ကျနော်တို့ ပါတီရဲ့ အစဉ်အလာရှိတဲ့အတိုင်းပဲ ဆုံးဖြတ်ချက်မှာတော့ ကျနော်တို့ပါတီဟာ တညီတညွတ်တည်း ဆုံးဖြတ်နိုင်တဲ့အစဉ်အလာအတိုင်းပဲ ဆုံးဖြတ်လိမ့်မယ်လို့ ကျနော်ကတော့ ထင်မြင်တယ်ဗျာ။”

ပါတီမှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ မကြာခင်ရက်ပိုင်းအတွင်း ဗဟိုကော်မီတီ စည်းဝေးထိုင်ပြီး ဆုံးဖြတ်ဖို့ရှိတယ်ဆိုတာ သိရပေမဲ့ ဘယ်နေ့ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီများ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေစဉ်းမျဉ်းတွေအပေါ် သဘောမတူတဲ့အတွက် NLD က မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပေမဲ့ အခု အဲဒီဥပဒေတွေကို ပြီးခဲ့တဲ့လကုန်ပိုင်းအတွင်း ပြင်ဆင်ဖို့ လွှတ်တော်က ဆုံးဖြတ်ပြီး သမ္မတက လက်မှတ်ထိုးလိုက်ပြီ ဖြစ်တာကြောင့် ပါတီမှတ်ပုံတင်ရေး ကိစ္စအတွက်တော့ အလွယ်တကူ ဆုံးဖြတ်ချက် ကျနိုင်လိမ့်မယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

“မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ကတော့ ကျနော်တို့တွေ အရင်တုန်းက ၂၀၁၀ တုန်းက ငြင်းဆန်ခဲ့တဲ့ ပါတီမှတ်ပုံတင်ခြင်း ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ထားတဲ့ စည်းကမ်းတွေပေါ့ဗျာ၊ စကားလုံးတွေ သက်သာအောင်လုပ်ပေးတဲ့ သက်သာပျော့ပြောင်းတဲ့ ပေါ့ဗျာ စည်းကမ်းချက်များ ဖြစ်တဲ့အတွက် ကျနော် ထင်တယ်၊ ကျနော်တို့ ပါတီဝင်ထုတွေကြားထဲမှာ ဒီကိစ္စက သိပ်ပြီးတော့ ပြဿနာရှိလိမ့်မယ်လို့ ကျနော် သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေက ဒီမိုကရေစီပါတီ ဖြစ်တယ်၊ တောခိုမယ့်ပါတီလည်း မဟုတ်ဘူးဗျာ၊ မြေသျှိုးမယ့်ပါတီလည်း မဟုတ်ဘူးဆိုတဲ့အခါကျတော့ ကျနော်တို့ဟာ ဒီမိုကရေစီပါတီပီပီ ဥပဒေဘောင်အတွင်းမှာ နေချင်ကြတာပေါ့။”

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ပြောပြခဲ့တာပါ။

ပြည်နယ်တိုင်းတွေမှာရှိတဲ့ NLD အဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တဲ့ သဘောထားတွေအရကတော့ မှတ်ပုံတင်ရေးကိစ္စအတွက် ပါတီဝင်အများစုက ယေဘုယျအားဖြင့် သဘောတူကြပေမဲ့ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးဆိုတဲ့ကိစ္စအပေါ်မှာ သဘောထားကွဲပြားမှုတွေ ရှိနေတယ် ဆိုတာကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG