သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အဓိကလုပ်ငန်း ဖွဲ့စည်းပုံပြင်ရေး ဖြစ်မည်


NLD အဓိကလုပ်ငန်း ဖွဲ့စည်းပုံပြင်ရေး ဖြစ်မည်
NLD အဓိကလုပ်ငန်း ဖွဲ့စည်းပုံပြင်ရေး ဖြစ်မည်

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲက မြန်မာနိုင်ငံအတွက် အကျိုးမရှိစေတဲ့ အချက်တွေကို ပြင်ဆင်သွားနိုင်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် ပြန်မှတ်ပုံတင်ပြီးတဲ့ နောက်မှာ အဓိကထားပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းတစ်ခုဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒါ့အပြင် နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးကိစ္စတွေကိုလည်း ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ ကိုသားညွှန့်ဦးက အကြောင်းစုံ တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြန်မာနိုင်ငံမှာ တရားဝင်ပါတီတစ်ခု အနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ပြည်နယ်နဲ့တိုင်း အသီးသီးက ဗဟိုဦးစီးအဖွဲ့ဝင်တွေ မနေ့က NLD ရုံးချုပ်မှာ စည်းဝေးပြီး အားလုံးသဘောတူ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

အခုလို NLD ပြန်မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တဲ့နောက် ၂၀၀၈ ဖွဲ့စည်းပုံပါ နိုင်ငံအတွက် အကျိုးမရှိစေတဲ့ အချက်တွေကို ပြန်လည် ပြင်ဆင်သွားနိုင်ဖို့ ကိစ္စဟာ NLD ရဲ့ အဓိကလုပ်ငန်းကြီး ဖြစ်လာမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က အဲဒီ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပြီးသတ် မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံကိုအကျိုးပေးတယ်လို့ ကျမတို့မမြင်တဲ့အချက်တွေကို ပြုပြင်ပြောင်းလဲဖို့ ကျမတို့ ကြိုးစားသွားရမှာပဲ။ ဒါ နိုင်ငံသူနိုင်ငံသားများရဲ့ တာဝန်တစ်ခုအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆောင်ရွက်သွားရမယ်လို့ ကျမ ဒီအတိုင်းပဲ ယုံကြည်ပါတယ်။ ဒီဟာက ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်ပြီးတော့ မှတ်ပုံတင်တဲ့အခါမှာ လုပ်ဆောင်ရမယ့် အဓိကလုပ်ငန်းကြီးတစ်ခုဖြစ်တယ်လို့ မြင်ပါတယ်။”

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာတော့ ဖွဲ့စည်းပုံကို ထိန်းသိမ်းကာကွယ်ရမည် ဆိုတဲ့နေရာမှာ လေးစားလိုက်နာပါမည် ဆိုတာကို ပြောင်းလဲ ပြင်ဆင်ခဲ့ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံပါအရ လက်ခံရမှာဖြစ်သလို ပြုပြင်ပြောင်းလဲသင့်တာတွေကိုလည်း ပြောင်းလဲရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီလိုပြင်ဆင်တဲ့အခါ တတိုင်းတပြည်လုံးအခြေအနေ တိုင်းရင်းသားတွေရဲ့ အခြေအနေ စသဖြင့် လိုအပ်ချက်တွေအတိုင်း ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရေးကို ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကျမတို့ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ခဲ့ရတဲ့အကြောင်းတွေမှာ အဲဒီတုန်းက ပြန်ပြီးတော့ မှတ်ပုံမတင်ရတဲ့ အကြောင်း တစ်ခုထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကျေနပ်လို့ဆိုတာလည်း ပါပါတယ်။ တရားဝင် အကြောင်းပြချက်အရ၊ ဆုံးဖြတ်ချက်အရကတော့ ဒီ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေတွေဟာ တရားမမျှတလို့ ကျမတို့ လက်ခံနိုင်စရာအကြောင်း မရှိဘူး။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတာဟာ ရွှေဂုံတိုင် ကြေညာချက်တုန်းက ပါခဲ့ပါတယ်။ အဲဒီတော့ ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတာ ကျမတို့က နိုင်ငံရဲ့အနာဂတ်ကို ကြည့်ပြီးတော့ပြောတာပါ။ ကျမတို့ အဖွဲ့တစ်ခုတည်းအတွက် ပြောတာမဟုတ်ပါဘူး။ တနိုင်ငံလုံးအတွက် ကျမတို့ရဲ့ ပြည်ထောင်စု တိုင်းရင်းသား အားလုံးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေအတွက် ကျမတို့ ဦးတည်ပြီးတော့ လုပ်သွားရမှာဖြစ်ပါတယ်။”

တဆက်တည်းပဲ အခုလို တရားဝင်မှတ်ပုံတင်ဖို့ ဆုံးဖြတ်တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ရေးသက်သက်အတွက် မဟုတ်ပေမဲ့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်နိုင်ရေးဟာလည်း အသုံးချရမယ့် နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“အဖွဲ့ချုပ်ရဲ့ ရပ်တည်ရေးတစ်ခုတည်းအတွက် ဒါ လုပ်တယ်ဆိုရင် သဘောမတူဘူးလို့ပြောတာ ဒါဟာ အင်မတန်မှ မှန်ကန်တဲ့သုံးသပ်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုပဲ ကျမ သတိပေးချင်တာက အဖွဲ့ချုပ်ရဲ့ ရပ်တည်ရေး ဆိုတာကတော့ အရေးကြီးပါတယ်။ အရေးကြီးတာက ဒါက ပန်းတိုင်အနေနဲ့ မဟုတ်ပါဘူး။ လုပ်နည်းလုပ်ထုံးတစ်ခု အနေနဲ့ပါ။ အသုံးချသွားဖို့ နည်းလမ်းတစ်ခု အနေနဲ့ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ရေးဆိုတာဟာ ဒီအဖွဲ့ချုပ် ရပ်တည်ရေးအတွက် မဟုတ်ပါဘူး။ ပြည်သူတွေအတွက် ရပ်တည်တယ်လို့ ကျမ မြင်ချင်ပါတယ်။”

တချိန်တည်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီတရပ်လို ပီပီပြင်ပြင် ရပ်တည် လှုပ်ရှားသွားနိုင်ဖို့လည်း ကြိုးစားသွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မလှုပ်ရှားရတာ အတော်ကြာပြီ။ နိုင်ငံရေးပါတီတစ်ခုရဲ့ အလုပ်တွေကို မလုပ်ခဲ့တာ အတော်ကြာပြီ။ ကျမတို့ ပြန်ပြီးတော့ လေ့ကျင့်ယူရမယ်။ လေ့ကျင့်ယူရမယ်ဆိုတာ ကျမတို့ လူငယ်တွေလည်း ရှိတယ်။ အရင်တုန်းက လက်ဟောင်းတွေလည်း ရှိတယ်။ အားလုံးဟာ ပြန်ပြီးတော့ နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ လုပ်သင့်လုပ်ထိုက် တာတွေကို လုပ်ရတော့မယ်။ ဒီမိုကရေစီစနစ်အောက်မှာ နိုင်ငံရေးပါတီတစ်ခု ထူထောင်ပြီဆိုကတည်းက ရွေးကောက်ပွဲတွေမှာ တချိန်တခါမှာ ယှဉ်ပြိုင်ရတော့မှာ။ ဒီတော့ အဲဒါကလည်း ဒီမိုကရေစီမူအရလည်း လုပ်သင့်တဲ့ကိစ္စဖြစ်လို့ ကျမတို့ လုပ်ချင်တယ်။”

အခုလို အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်လိုက်တဲ့နောက် မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်း စစ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စတွေကို သူတို့အနေနဲ့ ဆက်လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တဘက်မှာ အဖွဲ့ချုပ် မှတ်ပုံတင်တာကို မလိုလားတဲ့ အဖွဲ့ဝင်တွေကိုလည်း အဖွဲ့ချုပ်လုပ်ငန်းတွေမှာ နားလည်မှုရှိရှိ ဆက်လက် လက်တွဲဆောင်ရွက်သွားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG