သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရပ်တည်ရေး နောက်ဆုံး အထူးအယူခံတင်


NLD ရပ်တည်ရေး နောက်ဆုံး အထူးအယူခံတင်
NLD ရပ်တည်ရေး နောက်ဆုံး အထူးအယူခံတင်

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင်ပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး နောက်ဆုံး အထူးအယူခံလွှာကို ကြားနာဖို့အတွက် နေပြည်တော် တရားရုံးချုပ်က ဒီကနေ့ လက်ခံလိုက်ပြီလို့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ အမှုကို လက်ခံထားလိုက်ပေမဲ့ ဘယ်နေ့မှာ ကြားနာမယ် ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီနောက်ဆုံး အယူခံလွှာကိုတော့ အကျိုးဆောင်ရှေ့နေ ၃ ဦးက ဒီကနေ့မှာပဲ နေပြည်တော် တရားရုံးချုပ်မှာ သွားရောက် တင်သွင်းခဲ့ကြတာပါ။

“ဒီနေ့ ဦးကြည်ဝင်းရယ်၊ ကျနော်ရယ်၊ ဦးကျော်ဟိုးရယ် ၃ ယောက် နေပြည်တော်ကို လာပြီး အမှုလာတင်ပါတယ်။ ကျနော်တို့ရဲ့ အထူးအယူခံကို ၁၂ နာရီမှာ တင်ပါတယ်။ ၂ နာရီမှာ ပြန်ချိန်းတယ်။ ၂ နာရီ ပြန်လာတော့ အမှုနံပါတ် ပေးပါတယ်။ အယူခံလျှောက်လွှာ Acceptance ပေါ့၊ မှတ်ပုံတင်တယ်ပေါ့၊ အဲဒီလို ပြောလို့ရတယ်။ အမှုနံပါတ်က ၁၆ ရပါတယ်။”

အခု တင်ပြီးသွားပြီဆိုတော့ ရှေ့ဆက် ဘယ်လိုဖြစ်မလဲ ခင်ဗျ။ ကြားနာဖို့လား၊ ဘယ်လိုပါလဲ။

“ရက်ကို ကျနော်တို့ဆီကို အကြောင်းကြားပေးပါ့မယ်လို့ ပြောလိုက်ပါတယ်၊ တရားရုံးက။”

ဒါဆိုရင် ရှေ့ဆက် စောင့်ရဦးမယ့် သဘောပေါ့။

“ဟုတ်ကဲ့ပါ၊ ကျနော်တို့ သူတို့ အကြောင်းကြားမယ့် နေ့ရက်ကို စောင့်ရမယ်။ အဲဒီနေ့ရက် ရောက်ရင် လက်ခံရေးအတွက် လျှောက်လဲချက် ပေးရမယ်။”

လက်ခံရေးအတွက် ဆိုတော့ ဒီအမှုကို တရားရုံးက လက်ခံ ယူထားလိုက်တာပဲ ရှိသေးတယ်။ ကြားနာမယ်၊ မကြားနာဘူး ဆိုတာတော့ မသေချာသေးဘူးဆိုတဲ့ သဘောလားခင်ဗျ။

“ကြားနာမှာ သေချာတယ်။ ကြားနာမယ့် ရက်ကိုသာ မသိသေးတာပါ။ တဘက်က အစိုးရဘက်က ရှေ့နေချုပ်ရုံးက ဖြစ်မယ်။ နောက် ဒီတဘက်က ကျနော်တို့ပေါ့။”

NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဖို့ NLD က ဆုံးဖြတ်ခဲ့ပြီးနောက် စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေကြောင့် ပါတီအနေနဲ့ တရားဝင် ရပ်တည်ပိုင်ခွင့် မရှိတော့သလို ဖြစ်သွားခဲ့တဲ့အပေါ် NLD က တရားရုံးမှာ အယူခံ ဝင်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး တင်သွင်းခဲ့တဲ့ ပါတီ ဆက်လက်ရပ်တည်ရေး ပထမအကြိမ် အယူခံကိုတော့ နေပြည်တော် တရားရုံးချုပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က ပယ်ချခဲ့ပေမဲ့ အထူးအယူခံဝင်ခွင့် ရှိနေသေးတာကြောင့် အခု နောက်ဆုံးအဆင့် နေပြည်တော်မှာရှိတဲ့ တရားရုံးချုပ်မှာ ဒီအထူးအယူခံကို တင်သွင်းတာ ဖြစ်ပါတယ်။

XS
SM
MD
LG