သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD တရားဝင် ရပ်တည်ခွင့် နောက်ဆုံး လျှောက်လဲချက် ပြီးပြီ


NLD တရားဝင် ရပ်တည်ခွင့် နောက်ဆုံး လျှောက်လဲချက် ပြီးပြီ
NLD တရားဝင် ရပ်တည်ခွင့် နောက်ဆုံး လျှောက်လဲချက် ပြီးပြီ

NLD ပါတီ တရားဝင် ရပ်တည်ခွင့် ရှိရေးအတွက် တရားရုံးချုပ်မှာ အထူးအယူခံ ဝင်ထားတဲ့ အမှုကို ဒီကနေ့ နေပြည်တော် တရားရုံးချုပ်မှာ နှစ်ဘက် ရှေ့နေတွေက နောက်ဆုံး လျှောက်လဲချက် တင်သွင်းခဲ့ကြပါတယ်။ နောက်ဆုံးစီရင်ချက် ဘယ်တော့ချမယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ဒီကိစ္စဟာ ဥပဒေလမ်းကြောင်းအရ မှန်ကန်နေတဲ့အမှု ဖြစ်တာကြောင့် ဒီအမှုကို ပယ်မယ့်အစား လက်ခံမယ်လို့ သူတို့အနေနဲ့ မျှော်လင့်ကြောင်း အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဖို့ NLD ပါတီက ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရ ပါတီအနေနဲ့ နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့် မရှိတော့သလို ဖြစ်သွားခဲ့တဲ့နောက်ပိုင်း ပါတီ တရားဝင် ရပ်တည်ပိုင်ခွင့် ရရေးအတွက် တရားစွဲဆိုထားခဲ့တာပါ။

အရင် စွဲဆိုချက်တွေကို တရားရုံးချုပ်က ပလပ်လိုက်ပေမဲ့ အခုနောက်ဆုံး နေပြည်တော် တရားရုံးချုပ်မှာ တင်သွင်းထားတဲ့ လျှောက်လဲချက်နဲ့ ပတ်သက်လို့တော့ ဒီကနေ့ နေပြည်တော် တရားရုံးချုပ်က နှစ်ဘက် ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကို ကြားနာခဲ့တဲ့အကြောင်း NLD ပါတီ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်၊ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေ တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒီနေ့မနက် ၁၀ နာရီမှာ နှစ်ဘက်ပေါ့၊ ကျနော်တို့ တဘက်ရယ်၊ အစိုးရဘက်က ရှေ့နေချုပ်ရုံးရယ်၊ လျှောက်လဲချက် ပေးပါတယ်။ ၁၂ နာရီဝန်းကျင်မှာ ပြီးပါတယ်။ ကျနော်တို့ဘက်ကတော့ ဆရာ ဦးကြည်ဝင်း ကိုယ်တိုင် လျှောက်လဲချက် ပေးပါတယ်။ အဲဒါကို အမိန့်ကျဖို့ရက် မရသေးပါဘူး။ ကျနော်ကတော့ Order Result ပေ့ါ၊ အမိန့်ချမှတ်ရန် သီးသန့်ထားသည်ဆိုတော့ ကျနော်တို့ အဲဒါ အမိန့်စောင့်ရဦးမယ်။ လျှောက်လဲချက်ပေးတဲ့ အဆင့်ပါပဲ။ ကိုယ့်ဘက်က လျှောက်လဲချက် ပေးတယ်၊ ဟိုဘက်က လျှောက်လဲချက် ပေးတယ်၊ အဲဒါပါပဲ။”

အစိုးရရှေ့နေတွေဘက်ကတော့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေသစ်တွေကို ကိုးကားပြီး တင်ပြခဲ့တဲ့အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“သူတို့ကတော့ ဒီဥစ္စာ မှန်တယ်ပေါ့။ ဥပဒေအသစ် ထွက်နေပြီ၊ ဥပဒေအတိုင်းပဲ ဘာညာပေါ့ဗျာ။ ကျနော်တို့ကတော့ အသေးစိတ် ပြောပါတယ်။ ကျနော်တို့ပြောတဲ့ အသေးစိတ်ကိုလည်း ဟိုဘက်က အသေးစိတ်တော့ မတုံ့ပြန်ဘူး။ မတုံ့ပြန်ဘူးဆိုတာ သူတို့ Ready မဖြစ်တာလည်း ပါမှာပေါ့ဗျာ။ အကြမ်းဖျင်းအားဖြင့်တော့ အစိုးရဘက်က ဒါ မှန်တယ်လို့ ပြောတာပေါ့။ ကျနော်တို့ကတော့ လုံး၀ လွဲမှားနေတဲ့အကြောင်း ဥပဒေ အထောက်အထားနဲ့ ပြောတာပါ။”

အခု သူတို့ဘက်က လျှောက်လဲချက်ဟာ ဥပဒေလမ်းကြောင်းအရ မှန်ကန်တဲ့ လျှောက်လဲချက် ဖြစ်တာကြောင့် လျှောက်ထားချက်အပေါ် တရားရုံးက လက်ခံမယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော့်အနေနဲ့တော့ ဥပဒေကြောင်းအရ ကောင်းတဲ့အတွက် ပယ်လိုက်တယ် ဆိုတဲ့အစား လက်ခံလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။”

NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော် တရားရုံးက NLD ပါတီ တရားဝင် ရပ်တည်ခွင့် ရှိရေးအတွက် လက်ခံပြီး ဆုံးဖြတ်ချက် ချပေးလိုက်ရင် ပါတီအနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရှိမှာ ဖြစ်ပေမဲ့ တရားရုံးက ပယ်လိုက်ရင်တော့ NLD ပါတီဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ NLD ပါတီ အနေနဲ့ အဲဒီ ဥပဒေတွေနဲ့ ငြိစွန်းပြီး တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရတော့သလို ဖြစ်ခဲ့ပေမဲ့ NLD ကတော့ အရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တရားဝင် မှတ်ပုံတင်ထားပြီး ဖြစ်တဲ့အတွက် မှတ်ပုံထပ်တင်စရာ မလိုတော့ဘူးလို့ အစောပိုင်းက ပြောထားခဲ့ဖူးပါတယ်။

XS
SM
MD
LG