သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကို မြန်မာအစိုးရ သတိပေး


NLD ကို မြန်မာအစိုးရ သတိပေး
NLD ကို မြန်မာအစိုးရ သတိပေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်တော့တာကြောင့် နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်ဖို့ မြန်မာအစိုးရသစ်က သတိပေးလိုက်ပါတယ်။ ဒီလို သတိပေးချက်နဲ့ ပတ်သက်ပြီးတော့ NLD က သူတို့ပါတီဟာ တရားဥပဒေနဲ့အညီ ရပ်တည်နေတဲ့ပါတီ ဖြစ်တဲ့အတွက် ဒီသတိပေးချက်ကို ထုတ်ပြန်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံလိုတယ်လို့ တုံ့ပြန်လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြည်ထဲရေးဝန်ကြီးရဲ့ NLD အပေါ် သဘောထားကို ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ထံ လိပ်မူပြီး မနေ့က ပေးပို့လိုက်တယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြလာတာပါ။ တပြိုင်နက်တည်း ဖော်ပြတဲ့ အစိုးရအာဘော် ဆောင်းပါးမှာတော့ တရားဝင်ပါတီ အနေနဲ့ ရပ်တည်ချင်ရင် တည်ဆဲဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ဖို့ လိုတယ်လို့ ပါရှိပါတယ်။

NLD ဟာ စစ်အစိုးရဟောင်း ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံမတင်ခဲ့တာကြောင့် တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်သွားပြီလို့လည်း အကြောင်းကြားစာက ဆိုပါတယ်။

ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုထံ လိပ်မူပြီး ဒီကနေ့ ပေးပို့တဲ့ NLD ရဲ့ အကြောင်းပြန်စာမှာ NLD ဟာ စစ်အစိုးရဟောင်းတွေ ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ တရားဝင်ပါတီတခု အနေနဲ့ ရပ်တည်နေကြောင်း ပါရှိပါတယ်။

NLD ပြောခွင့်ရသူ ဦးအုံးကြိုင်က ဒီကနေ့ ပေးပို့တဲ့စာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်၊ ဥပဒေပြဋ္ဌာန်းချက်တွေကို တဘက်နဲ့တဘက် အမြင်ပေါ့ဗျာ၊ သူ့အမြင်၊ ကိုယ့်အမြင် ကွဲလွဲနေတယ် ဆိုရင်လည်း ဒီဟာကို အခြေခံပြီးတော့ တရားဥပဒေ စိုးမိုးရေးအတွက် ညှိနှိုင်းလိုပါတယ်၊ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံထားပါတယ်။”

၂၀၁၀ နိုဝင်ဘာလမှာ NLD ဘက်က သီးခြားသက်သာခွင့် အက်ဥပဒေအရ ပါတီဖျက်သိမ်းတာ တရားမဝင်ကြောင်း တရားရုံးချုပ်သို့ လျှောက်လဲခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ ပါတီ ဆက်လက် ရပ်တည်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားထားတာကိုလည်း ဆက်လက် လုပ်ကိုင်ဆဲလို့ ဦးအုံးကြိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့ရဲ့ တရားဝင် ဆက်လက် ရပ်တည်ခွင့်ဟာ တရားဥပဒေနဲ့ ညီတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ် ဆိုတာကလည်း ကျနော်တို့ Proof လုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တင်ပို့ထားတာကလည်း စီစဉ် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။”

၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က NLD အပေါ် အခုလို အကြောင်းကြားလာတာဟာ အမျိုးသား ရင်ကြားစေ့ရေးကို အဟန့်အတား ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။

“အခုဆို စာနဲ့ပေနဲ့ ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းကြားလာတယ် ဆိုတော့ လက်ရှိ နိုင်ငံရေးအရ ဆိုရင်လည်း NLD အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်မယ်ဆိုတော့ ရှေ့ဆက်ပြီး တိုင်းပြည်အတွက်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒါဟာ မကောင်းတဲ့ လက္ခဏာ တခုပဲလို့ ကျနော်မြင်ပါတယ်။”

အရင်စစ်အစိုးရဟောင်းဟာ NLD ပါတီဝင်တွေကို နှုတ်ထွက်အောင် နည်းမျိုးစုံနဲ့ အနှောင့်အယှက် ပေးတာတွေ၊ ဖမ်းဆီးထောင်ချတာတွေ ရှိခဲ့ပါတယ်။ အစိုးရဟောင်းဟာ ၁၉၉၇-၉၈ လောက်ကစပြီး တပြည်လုံး အတိုင်းအတာနဲ့ NLD ဆိုင်းဘုတ်တွေကို ဖြုတ်ချခဲ့ပါတယ်။ ၂၀၀၃ ဒီပဲယင်း အရေးအခင်း အပြီးမှာ NLD ဗဟိုနဲ့ တိုင်းရုံးတွေမှအပ နယ်ရုံးတွေရဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ချခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကမှ နယ်မြို့တချို့မှာ ဆိုင်းဘုတ်ပြန်တင်လာပါတယ်။

အခုလို NLD ကို သတိပေးလာတာဟာ နောက်လထဲမှာ စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နည်လှည့်ခရီးစဉ် မတိုင်ခင် ဖြစ်ပါတယ်။ ဒီခရီးစဉ်တွေထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

XS
SM
MD
LG