သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိ NLD လမ်းစဉ် တရားသေမဟုတ်


NLD တည်ထောင်သည့် ၂၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ စက်တင်ဘာ ၂၇၊ ၂၀၁၁။
NLD တည်ထောင်သည့် ၂၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ စက်တင်ဘာ ၂၇၊ ၂၀၁၁။

တွေ့ဆုံဆွေးနွေးရေးနဲ့ အကြမ်းမဖက်ရေး လမ်းစဉ်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ မူတွေဖြစ်ပြီး ဒီမူတွေပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ ပြောင်းသာပြင်သာရှိတဲ့ အနေအထားနဲ့ ဆက်လုပ်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ NLD ကို တည်ထောင်ခဲ့တဲ့ ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အဲဒီလို ပြောခဲ့တာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

NLD ကို စပြီး ထူထောင်ခဲ့ကတည်းက တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာမယ်၊ အကြမ်းမဖက်တဲ့ လမ်းစဉ်ကို သွားမယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ပြီး အဲဒါတွေဟာ မူတွေဖြစ်ပြီးတော့ ဒီမူတွေအတိုင်း မားမားမတ်မတ် ရပ်တည်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမဲ့လည်း ဒီမူကို တရားသေ ဆုပ်ကိုင်ထားတာမျိုး မဟုတ်ဘဲ ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်လုပ်သွားမှာပါလို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“ဒီမူပေါ်မှာ ရပ်တည်ပြီးတော့ ကျမတို့ကနေပြီးတော့ ပြောင်းသာပြင်သာရှိတဲ့ အနေအထားမှာ အမြဲ ကျမတို့ နေသွားမှာ ဖြစ်ပါတယ်။ ဒီလို ဒီအတိုင်း ဘယ်တော့မှ မပြောင်းမလဲ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကျမတို့ မထားပါဘူး။ ဒါပေမဲ့လည်း ကျမတို့က မူတော့ရှိရမယ်။ မူတွေပေါ်မှာ ရပ်တည်ပြီးတော့ တရားမှာလည်း တရားဆိုတာ ရှိတာပဲ၊ ဒီတရားပေါ်မှာ ရပ်တည်ပြီးတော့ အနိစ္စကို လက်ခံရသလို ကျမတို့က ကျမတို့ရဲ့ မူတွေပေါ်မှာ၊ ဒီမိုကရေစီ ရရှိရေးအတွက် ကျမတို့ ကိုင်ဆုပ်ထားတဲ့ မူတွေပေါ်မှာ ရပ်တည်ပြီးတော့ ပျော့ပျော့ပြောင်းပြောင်းနဲ့ ကျမတို့ ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။”

ပြည်သူလူထု အနေနဲ့လည်း လုပ်ရပ်တွေအပေါ် မေးခွန်းထုတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ လုပ်သမျှ ငြိမ်ခံနေတာမျိုး မဟုတ်ဘဲ ဘာမှ ပြန်မလုပ်သည့်တိုင်အောင် ပထမဆုံး အနေနဲ့ မေးခွန်းတော့ ထုတ်ရမယ်လို့ ဆိုပါတယ်။ မေးခွန်းထုတ်ပြီးတော့မှ မေးခွန်းရဲ့ အဖြေအရ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်လို့ဆိုပြီး NLD အနေနဲ့လည်း အရေးကြီးတဲ့ ကိစ္စတွေ လုပ်တော့မယ်ဆိုရင် လူထုကို ရှင်းမပြဘဲ လုပ်မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ ဘာလုပ်လုပ် တကယ် အဓိကကျတဲ့၊ အရေးကြီးတဲ့ ခြေလှမ်းတွေ ကျမတို့ လှမ်းပြီဆိုလို့ရှိရင် ကျမတို့ အဖွဲ့ချုပ်ဝင်တွေနဲ့ ပြည်သူလူထုကို မရှင်းပြဘဲနဲ့ ကျမတို့ ဘယ်တော့မှ မလုပ်ပါဘူး။ ဒါဟာ ဒီမိုကရေစီ တာဝန်တခုပါ။ ဒီမိုကရေစီလမ်းကို ဆက်ပြီးတော့ လျှောက်သွားတဲ့ အခါမှာ ခြေလှမ်းအသစ်တခု လှမ်းရင်း လှမ်းရင်း ကျမတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေနဲ့ ကျမတို့ရဲ့ ပြည်သူလူထုကို ကျမတို့ ဘယ်လိုကြောင့် ဒီလိုဆုံးဖြတ်ရပါတယ်ဆိုတာ ကျမတို့ ရှင်းသွားမှာ ဖြစ်ပါတယ်။”

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအုံကြွမှုကို စစ်တပ်က အင်အားသုံး ဖြိုခွင်းအပြီး စက်တင်ဘာလ ၁၈ ရက်မှာ နိုင်ငံအာဏာကို သိမ်းယူခဲ့ပြီးတဲ့နောက် နိုင်ငံရေးပါတီတွေ ထူထောင်ခွင့် ပြုခဲ့တဲ့ အချိန်မှာ NLD ပါတီကို တရားဝင် ထူထောင်ခဲ့တာပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို လူထုက အပြည့်အ၀ ထောက်ခံမဲ ပေးခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုကို အနိုင်ရခဲ့ပေမဲ့ အဲဒီအချိန် စစ်ကောင်စီက အာဏာ လွှဲပြောင်းမပေးခဲ့ပါဘူး။

၉၀ ရွေးကောက်ပွဲမှာ လူထုရဲ့ ထောက်ခံမှု အခိုင်အမာ ရခဲ့တာဟာ ၂၃ နှစ်တာ ကာလအတွင်း အကြီးမားဆုံး အောင်မြင်မှု ဖြစ်မယ်လို့ ဆိုနိုင်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“အကြီးမားဆုံး အောင်မြင်မှုကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူတရပ်လုံးက ဒီမိုကရေစီ ဖော်ဆောင်ပေးဖို့ အထွေထွေ အတွင်းရေးမှူး ခေါင်းဆောင်တဲ့ အဖွဲ့ချုပ်ကို တာဝန်ပေးခံရတဲ့၊ အဲဒီ တခဲနက် ဆန္ဒပေးထားတဲ့ ရွေးကောက်ပွဲအောင်ပွဲ၊ နောက် အထွေထွေအတွင်းရေးမှူးပြောတဲ့ မိန့်ခွန်းထဲမှာလည်း ပါပါတယ်။ အဖွဲ့ချုပ်ဟာ အခြေအနေ အမျိုးမျိုးမှာ ပြောင်းလဲလာတဲ့ အခြေအနေသစ်ကို မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ အသစ်အဖြစ် ပြောင်းလဲမှုတွေကိုလည်း လက်ခံရဲတဲ့ သတ္တိနဲ့ ဆက်လက်ပြီးတော့ ကျနော်တို့ ကြိုးပမ်းသွားဖို့ သန္နိဋ္ဌာန် ချနိုင်တာ အဲဒါတွေဟာ ထူးခြားတဲ့ အောင်မြင်မှုတွေလို့ ကျနော်တို့ အဲဒီလို ပြောချင်ပါတယ်။”

NLD ဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင် ပါတီကို တရားဝင် မှတ်ပုံပြန်တင်ဖို့ ငြင်းဆန်ခဲ့ပြီး ရွေးကောက်ပွဲ မဝင်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပါတီ တရားဝင် ရပ်တည်ရေး ကိစ္စကို ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့ပေမဲ့ မြန်မာနိုင်ငံ တရားရုံး အဆင့်ဆင့်က ပယ်ချထားပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြဖို့ ပြင်ဆင်နေပါတယ်။ အဲဒီကာလတွေအတွင်း လက်ရှိ မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးက ပါတီရဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သတိပေးတာကို ခံခဲ့ရပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့အပြီး နောက်ဆုံး သမ္မတ ဦးသိန်းစိန်နဲ့ပါ တွေ့ဆုံခဲ့ပြီးချိန်မှာတော့ NLD ရဲ့ နိုင်ငံရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က ပြောဆိုတာတွေ ထပ်မကြားရတော့ပါဘူး။

ရန်ကုန်မြို့၊ ရွှေဂုံတိုင်က ပါတီရုံးချုပ်မှာ လုပ်ခဲ့တဲ့ ဒီကနေ့ အခမ်းအနားကိုတော့ နိုင်ငံခြား သံတမန်အချို့ အပါအဝင် ၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ တက်ရောက်ခဲ့ကြပေမဲ့ လက်ရှိ မြန်မာအစိုးရ အဖွဲ့ကိုရော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေကိုရော ဖိတ်ကြားတာမျိုး မရှိခဲ့ဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။

XS
SM
MD
LG