သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင် NLD ဥက္ကဋ္ဌသေဆုံးမှု အစိုးရတပ်ကြောင့်ဟု AA ရှင်းလင်း


ဘူသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်း (သတင်းဓာတ်ပုံ - Ray Thein Facebook)
ဘူသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်း (သတင်းဓာတ်ပုံ - Ray Thein Facebook)

(Zawgyi/Unicode)

မနေ့က ဘူသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးသွားရတာဟာ ဘူးသီးတောင် ဒကစ ၁၅ ဌာန ချုပ်က ပစ်တဲ့ လက်နက်ကြီး ကျည်ထိမှန်ခဲ့တာကြောင့်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ပြောပါတယ်။ တပ်မတော်ဘက်ကတော့ ဦးရဲသိန်း သေဆုံးရတာဟာ AA အဖွဲ့ ရဲ့ လက်ချက်ကြောင့် ဖြစ်ကြောင်း ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဘူးသီးတောင်မြို့နယ် ပါတီခွဲ ဥက္ကဋ္ဌ ဦးရဲသိန်းကို ရခိုင်လက်နက် ကိုင် AA အဖွဲ့က ဖမ်းဆီးထားစဉ် တပ်မတော်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး မနေ့က သေဆုံးသွားခဲ့တဲ့အတွက် သူတို့ ကောင်းမွန်စွာ သင်္ဂြ ိုလ်ပေးလိုက်တယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းက မနေ့က ဗမာစစ်တပ်ဘက်က ဒကစ ၁၅ ဌာနချုပ်က ပစ်တဲ့ လက်နက်ကြီး ကျည် ထိပြီးတော့ ညနေ ၃ နာရီလောက်မှာ သူသေသွားတယ်။ ဖြစ်စဉ်က ဒီလိုဗျာ ဗမာစစ်တပ်ဘက်က ဒကစ ၁၅ ဌာနချုပ်က ဘူးသီးတောင် မြို့နယ် အောက်တောင်ရွာရဲ့ အရှေ့ဘက် ၃ ကီလိုမီတာအကွာ ပွိုင့် ၄၂၈ တောင်ကုန်း ကို သူတို့ နေ့လည် တစ်နာရီလောက်က စပြီးတော့ လက်နက်ကြီး ပြင်းပြင်းထန်ထန် မရပ်မနား ပစ်တာရှိတယ်။

ညနေ ၆ နာရီလောက်မှာ ဦးရဲသိန်း ကို လက်နက်ကြီး အနီးကပ်ထိတာ ပေါ့နော်။ လက်နက်ကြီး အရှိန်ကြောင့် ဦးရဲသိန်းရဲ့ ခန္ဒာကိုယ်ကလည်း တစ်စစီဖြစ်သွားတယ်။ ကျနော်တို့ကတော့ သူရဲ့ ကျန်ခဲ့တဲ့ ခန္ဒကိုယ် အစိတ်အပိုင်းတွေကို စုဆောင်းပြီးတော့ ကောင်းကောင်းမွန်မွန် သင်္ဂြ ိုလ် ပေးလိုက်တာပေါ့။ သူကို လုံခြုံရေးပေးနေတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင် တချို့လည်း ဒဏ်ရာရတာ ရှိတယ်။ ကျနော်တို့လည်း မိသားစုနဲ့ ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်။"

ဦးရဲသိန်းဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ သွားရောက် ရှင်းလင်းပြောဆိုတာကို ထောက်ခံပွဲ လုပ်ဖို့ စီစဉ်နေတာကြောင့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက AA အဖွဲ့က ဖမ်းဆီးပြီး ဘူးသီးတောင် ပွိုင့် ၄၂၈ တောင်ကုန်းမှာ သူ့ကို ကျနော်တို့က ယာယီထိန်းသိမ်းထား တာဖြစ်တယ်လို့ ခိုင်သုခကပြောပါတယ်။

"ဘူးသီးတောင် ပွိုင့် ၄၂၈ တောင်ကုန်းမှာ သူ့ကို ကျနော်တို့က ယာယီထိန်းသိမ်းထားတာ အဲဒီနေရာကို ဗမာစစ်တပ်ဘက်က နေပြီးတော့ လက်နက်ကြီးတွေနဲ့ ၂၂ရက်ကနေပြီးတော့ ပစ်တယ်။ ၂၃ ပစ်တယ်။ ၂၄ နားတယ်။ မနေ့က ၂၅ ရက်နေ့မှာ တနေ့လုံးနီးပါး ပစ်နေတယ်။ ဗမာစစ်တပ်ဘက်က ရမ်းသန်း ပစ်ခတ်တဲ့ အတွက် မထင်မှတ်ပဲ သူတို့ထိတာပေါ့နော်။"

ဦးရဲသိန်းဟာ တပ်မတော်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ ရခိုက်လက်နက်ကိုင် AA အဖွဲ့က ပြောပေမဲ့ တပ်မတော်ဘက် ကတော့ သူတို့ပစ်တာ မဟုတ်သလို ဦးရဲသိန်းကို AA က သတ်လိုက်တာ နှစ်ရက်လောက် ရှိပြီလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

"ဒါတပ်က ပစ်တာကြောင့် မဟုတ်ဘူး။ ခေါ်ပြီးတရက် နှစ်ရက်ရှိနေပြီ အဲအကောင်တွေ သတ်ပလိုက်တာ။ တပ်က လက်နက်ကြီး ပစ်လို့သေတယ်ဆိုတာ အဲအကောင်တွေ ရောပြောတာ။ တိုက်ပွဲဖြစ်လားဆိုတော့ ဖြစ်နေ တယ်ဗျာ။ ရခိုင် တပြည်နယ်လုံးဖြစ်နေတာ။"

အခုလို ဦးရဲသိန်းကို AA အဖွဲ့က ဖမ်းဆီးထားစဉ် သေဆုံးသွားတာနဲ့ ပတ်သတ်ပြီး စစ်တွေမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးစံရွှေထွန်းက အခုလိုပြောပါတယ်။

"လက်နက်ကြီး ကျည်ကျပြီးတော့ သေတယ်လို့ ငါတို့ က သိရတယ်လေ။ ဒါက သူ့ရဲ့ ကံကြမ္မာပဲလို့ ပြောရမယ်။ ဒါပေမဲ့ အသက်အရွယ် ငယ်စဉ်တုန်းမှာ သူ့ယုံကြည်ချက်နဲ့ အလုပ်လုပ်နေတဲ့ သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာကတော့ ငါတို့ လုပ်ဖော်ကိုင်ဖက် တယောက်အနေနဲ့ရော ပါတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ရော ကြေကွဲဝမ်းနည်းရပါတယ် ဒါပဲပြောချင်ပါတယ်။"

အစိုးရတပ်နဲ့ AA အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူတွေကို တပ်မတော်ဘက်က ဖမ်းဆီးစစ်ဆေးနေတာတွေ ရှိသလို AA ဘက်ကလည်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကို ဖမ်းဆီးထားတာ ရှိပါတယ်။

မနေ့ကလည်း ဘူးသီးတောင်မြို့နယ်က လဝက ဝန်ထမ်း ၃ ဦးကို AA အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသလို ချင်းပြည်နယ် ပလက်ဝမြို့နယ်က အမျိုးသား လွှတ်တော်အမတ် ဦးဝှေ့တင်းကိုလည်း AA အဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတာ ၂ လနီးပါး ရှိနေပြီ ဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး အရပ်သားသေဆုံး ဒဏ်ရာရသူတွေ များပြားနေသလို တပ်နဲ့ AA နှစ်ဘက် ထိခိုက်ဆုံးမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]















XS
SM
MD
LG