သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံ ရန်ကုန်နေအိမ် ဓာတ်ဆီပုလင်းပစ် မီးရှို့ရန် ကြိုးပမ်းခံရ


်ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် နေအိမ်။
်ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် နေအိမ်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ကို ဒီကနေ့ မနက်ပိုင်းက မီးစာတပ်ထားတဲ့ ဓာတ်ဆီပုလင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ ကျူးလွန်တဲ့သူကို လောလောဆယ် အထိတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ လိုပြီလို့NLD ပါတီဘက်က ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါမယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁ရက်နေ့ မနက်မှာ ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ခြံစောင့်တဲအနီးက ရေပိုက် မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ် ရာရသူတော့ မရှိပါဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မြို့နယ်မှူး ရဲမှူးသိန်းဝင်း က အခုလို ပြောပြပါတယ်။

“ မနက်ခြောက်နာရီခွဲလောက်ပေါ့။ လူတယောက် နာမည်တော့မသိဘူးပေါ့ဗျာ။ လူတယောက်က ခြံရှေ့ကို လာပြီးတော့မှ ဖန်ပုလင်းပေါ့ ဖန်ပုလင်းထဲမှာ အနံ့ကတော့ ရေနံဆီနံ့ ဓာတ်ဆီနံ့ နံတာပေါ့။ အစ ကတော့ မှန်အိမ်တွေမှာ သုံးတဲ့ မီးစလိုမျိုးလေး ပါတာပေါ့။ အဲ့တာကို အထဲကို ပစ်ထည့်တာပေါ့ မီးရှို့ပြီး ပစ်ထည့်တယ်လို့ ယူဆတယ်။ မီးလောင်သွားတာကိုး ဖန်ပုလင်းလည်း ကွဲသွားတယ် သူကျတဲ့နေရာက ရေပိုက်လေးတွေ လေးငါးခြောက်ချောင်း ပုံထားတာရှိတယ် ရေပိုက်တလုံးလည်း မီးလောင် မီးဟပ် သွားတယ်ပေါ့ မီးကတော့ အများကြီး လောင်ကျွမ်းသွားခြင်း မရှိဘူးပေါ့လေ။ အဲ့ဖြစ်စဉ်ဖြစ်သွားတယ်ပေါ့ဗျာ ကျနော်တို့သိတယ် လိုက်တယ် သို့သော်လည်း လောလောဆယ်တော့ စုံစမ်းဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ စုံစမ်းဆဲပါပဲ။ ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဓာတ်ဆီပုလင်းနဲ့ ပစ်ပေါက်ခဲ့သူကိုတော့ လောလောဆယ် အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အနီးတဝိုက်မှာတော့ လုံခြုံရေး တိုးမြှင့်ထား တယ်လို့ ရဲမှူး သိန်းဝင်းက ဆိုပါတယ်။

“ အဲ့နားမှာတော့ ကျနော်တို့ ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ တာဝန်ချထားတာရှိသလို နယ်မြေရဲပါ ပေါင်းစပ်ပြီးတော့ တာဝန်ချထားပါတယ်။ ရဲတပ်ရင်းက အင်အား ထပ်ချထားတာလည်း ရှိပါတယ်။ ကျနော်တို့ အင်အားကိုလည်း ထပ်တိုးထားပါတယ်။”

ဓာတ်ဆီပုလင်းနဲ့ ပစ်ခတ်တိုက်ခိုက်သူဟာ တဦးတည်းမဟုတ်ဘဲ အဖွဲ့လိုက် ချိတ်ဆက်လုပ်ဆောင်မှု ဖြစ်ပြီး CCTV က ဖမ်းယူရရှိတဲ့ ပုံတွေအရရော၊ ပြည်သူတဦး ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေ အရ သိရတယ်လို့ ဗဟန်းမြို့နယ် လွှတ်တော်အမတ် ဦးသောင်းထွဋ်က ပြောပြပါတယ်။

“ လောလောဆယ်တော့ ပစ်တာကတော့ တယောက်ပေါ့နော် ဒါပေမဲ့ အပေါင်းအပါတွေ လည်း ပါပါတယ် ဒါပေမဲ့ ကျနော်တို့ ဒီ အင်းလျားမြိုင် ကားမှတ်တိုင်နားမှာ စောင့်နေကြတာပေါ့နော် ဒီလူက ပစ်သွားပြီးတော့ သူက ခြံထဲကို မီးရှို့ပြီးပစ်သွားပြီးတော့ ပြေးတာပေါ့။ အဲ့တာကို တာဝန်သိ အမျိုးသမီးတယောက်က ဗီဒီယိုဖိုင် ရိုက်ထားတယ်။ ကင်မရာနဲ့ရိုက်ထားတဲ့ ပုံတွေလည်း ပေါ်တဲ့အတွက်ကြောင့် ဒါပေမဲ့ လူကိုတော့ မမိလိုက်ဘူးပေါ့နော်။ ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝန်းထဲ ဓာတ်ဆီပုလင်းနဲ့ ပစ်ပေါက်သူကို ဗဟန်းမြို့မ ရဲစခန်းမှာ ရာ ဇသတ်ကြီး ပုဒ်မ ၄၃၆နဲ့ အမှုဖွင့် စုံစမ်းဖို့ ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်သူဆိုသူရဲ့ ရုပ်ပုံတွေကတော့ လူမှုကွန်ယက်တွေမှာ ပြန့်နှံ့နေပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အင်မတန်စိုးရိမ်ပြီး လုံခြုံရေး သတိပိုရှိ ရမယ့် အခြေအနေဖြစ်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

“ ကျနော်ကတော့ ပထမဆုံးပြောချင်တာကတော့ အချက်ပေး သံချောင်းခေါက် လိုက်တာ လို့တောင် ကျနော်ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိုလေ။ ဒါကြောင့် ကျနော်တို့ ပိုပြီးတော့ စနစ်ကျတဲ့ လုံခြုံရေးတွေ ပိုပြီးတော့ အားကောင်းတဲ့ လုံခြုံရေးတွေ ထားဖို့ လိုပြီလို့ပဲ ကျနော်ပြောချင်ပါတယ်။ ”

လက်ရှိ ပြည်တွင်းရေး ထိလွယ်ရှလွယ် ဖြစ်နေတဲ့အနေအထားမှာ နိုင်ငံရေး အမြတ် ထုတ်ချင်သူ တွေရဲ့ လက်ချက်ဖြစ်နိုင်ပြီး အစိုးရအနေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေအနေနဲ့ရော တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ လိုတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်း က ပြောပါတယ်။

“ လက်ရှိပြည်တွင်းအခြေအနေက ထိလွယ် ရှလွယ်ဖြစ်နေတဲ့အနေအထားမျိုးမှာပေါ့လေ ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ အမြတ်ထုတ်လိုတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ရှိကောင်းတော့ ရှိနိုင်တယ် ဒါပေမဲ့ ကျနော့်အနေနဲ့ အစိုးရအနေနဲ့ရော လုံခြုံရေးတပ်ဖွဲ့အနေနဲ့ရော တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ထိန်းကျောင်းနိုင်ဖို့ လိုအပ်တယ်လို့မြင်တယ်။ လက်ရှိနိုင်ငံတော်ရဲ့ ထိပ်ပိုင်းပေါ့လေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အိမ်ကိုတောင်မှ ဓာတ်ဆီပုလင်းနဲ့ မီးရှို့ဖို့အထိ ဆောင်ရွက်လာနိုင်တဲ့ အနေအထားမျိုးမှာ ဆိုရင် သာမာန်အောက်ခြေပြည်သူလူထု နောက် တိုင်းရင်းသားဒေသတွေမှာ နေထိုင်နေတဲ့ တိုင်းရင်းသားပြည်သူလူထုတွေရဲ့ ဘဝ လုံခြုံမှုဆိုတာကတော့ ပိုပြီးတော့တောင် စိုးရိမ်စရာအနေအထားရှိတယ်ဆိုတာကို ဒီဖြစ်စဉ်ကနေ မီးမောင်းထိုးပြနေတယ်လို့မြင်တယ်။ ”

လက်ရှိ NLD အစိုးရလက်ထက် ရခိုင်ပြည်နယ် ပဋိပက္ခအပါအဝင် အကြမ်းဖက်မှု ဖြစ်စဉ်တွေ ဆက်လိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြောက်ဦးမှာ အဓိကရုဏ်းဖြစ်ပြီးတဲ့နောက် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရပါတယ်။

အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနေတာကြောင့် အစိုးရ တာဝန်ရှိသူတွေတင်သာမကဘဲ ပြည်သူ လူထုအကြားမှာလည်း လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG