သမ္မတအမိန့်နဲ့ အခုနောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ စာရင်းအရ အတည်ယူပြီး လွှတ်ပေးခဲ့တာလို့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက ပြောပါတယ်။ NLD ပါတီရဲ့ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၆၀၄ ဦးရှိပြီး အဲဒီအထဲက ၁၂၈ ဦးကို ဆက်ပြီး ဖမ်းဆီးထားတယ်လို့ နေပြည်တော်မှာ ဒီကနေ့ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုဗိုလ်ချုပ်ကြီးကိုကိုက ပြောခဲ့တာပါ။
မနေ့တုန်းကပြန်လွှတ်ပေးခဲ့သူ စုစုပေါင်း ၆၅၁ ဦးရှိပြီး အဲဒီအထဲမှာ အကျဉ်းသားက ၆၂၂ ဦးနဲ့ အကျဉ်းသူက၂၉ ဦး ရှိတယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အခုလို ပြန်လွှတ်ပေးလိုက်တာကို ကြိုဆိုတယ်ဆိုပေမဲ့ အခုနောက်ဆုံးသိရတဲ့ ပြန်လွတ်လာသူ စာရင်းတွေအရ အစိုးရကို သူတို့ပေးထားတဲ့ အရေအတွက်ရဲ့ တစ်ဝက်တောင် မရှိသေးဘူးလို့ NLD ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ (AAPP) က မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ ကျော်ရှိတယ်လို့ ကြေညာထားတာပါ။ AAPP နဲ့ NLD အကြား နိုင်ငံရေးအကျဉ်းသား အရေအတွက် ကွာခြားနေရတာကတော့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ အဓိပ္ပါယ် သတ်မှတ်ချက် ကွဲပြားနေတာကြောင့်လို့ ဆိုပါတယ်။
မြန်မာပြည်မှာ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီး နောက်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာ အခုတစ်ခေါက်နဲ့ပါဆိုရင် လေးကြိမ်ရှိသွားခဲ့ပါပြီ။ အဲဒီအထဲမှာ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ၆၀၀ ကျော်ပဲ ရှိပါသေးတယ်။
မြန်မာအစိုးရကတော့ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိဘူးလို့ ပြောနေတုန်းပါပဲ။ မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်တွေ အခုလိုပေးရတာက လူသားချင်းစာနာမှုနဲ့ ဖြစ်ပြီး ဘယ်အဖွဲ့အစည်း၊ ဘယ်လူ ပုဂ္ဂိုလ်ရဲ့တိုက်တွန်းချက်ကြောင့် မဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။