သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး NLD နှင့် ၈၈ မျိုးဆက်တို့ ပူးပေါင်း ဆောင်ရွက်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့နေ ဦးဉာဏ်ဝင်းနဲ့နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဂျင်မီတို့ ပူးတွဲကြေညာချက် ထုတ်ပြန်စဉ်။ (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄၊) - ဓာတ်ပုံ/၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း FB
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့နေ ဦးဉာဏ်ဝင်းနဲ့နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဂျင်မီတို့ ပူးတွဲကြေညာချက် ထုတ်ပြန်စဉ်။ (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄၊) - ဓာတ်ပုံ/၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း FB
မြန်မာနိုင်ငံရဲ့ အဓိကအတိုက်အခံ ဒီမိုကရေစီအင်အားစုနှစ်စုလို့ ပြောနိုင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းတို့အကြား ပထမဆုံးအကြိမ် တရားဝင်ပူးတွဲထုတ်ပြန်ချက်တရပ်ထွက်လာပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာ အဓိကအချက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လေ့လာသူအချို့အကြားမှာ ဒီနှစ်ဖွဲ့ထုတ်ပြန်ချက်အပေါ်မှာ ကျေနပ်အားရမှု မရှိတာတွေလည်း တွေ့ရပါတယ်။ ဗွီအိုအေ၊ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေ တွေ့ဆုံကြပြီဆိုကလည်းက ဘယ်လို ရလဒ်တွေ ထွက်လာမလဲ၊ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ လက်တွေ့ဖြစ်လာမလဲ နိုင်ငံရေးအစုအဖွဲ့တွေရော လေ့လာသူတွေကပါ စိတ်ဝင်စားခဲ့ကြတာပါ။ အဲဒီဆွေးနွေးမှုတွေ ရလဒ်အဖြစ်နဲ့ ထုတ်ပြန်တဲ့ ဒီကနေ့ ကြေညာချက်နဲ့ပတ်သက်လို့တော့ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီက အခုလို ဗွီအိုအေကို ရှင်းပြပါတယ်။

“ဘာပဲလုပ်လုပ် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ခြေမပြတ်ဘူးဆိုတဲ့ အဓိပ္ပာယ်။ သို့သော် ဒီမိုကရေစီပြည်ထောင်စုတရပ် ပေါ်ထွန်းရေးဆိုတာကိုလည်း ကျနော်တို့ အခိုင်အမာယုံကြည်တယ် ဆိုတာရယ်၊ နောက်တစ်ခုက အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက ပြင်ကိုပြင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ထွက်ပါတယ်။ နောက် အဲဒီလိုပြင်တဲ့အခါမှာ ကျနော်တို့ကလည်း ဘယ်လိုပြင်ကြမလဲဆိုတာဟာ ကျနော်တို့ရဲ့မူပေါ့။ တရားမျှတတဲ့နည်းလမ်း၊ ငြိမ်းချမ်းတဲ့နည်းလမ်းတွေကို ရွေးချယ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ပြုပြင်ဖို့ ကြိုးစားမယ်ဆိုတဲ့ အဓိပ္ပာယ်ထွက်ပါတယ်။

အဲဒီတော့ ဘယ်လိုနည်းလမ်းတွေကို သုံးမှာလဲဆိုတဲ့ အသေးစိတ် လုပ်ငန်းပိုင်းတွေကိုတော့ မကြာခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC နဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးပါ့မယ်။”

မေး။ ။ အခု ဒါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့ကြားမှာ တရားဝင် ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုလို့ ပြောလို့ရလား။

ဖြေ။ ။ ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ပြီးမှ ပူးပေါင်းဆောင်ရွက်တာတော့ ဒါ ပထမဦးဆုံးဗျာ။ ဒါပေမယ့် ကျနော်တို့ ကြေညာချက်ထဲမှာ ပါတဲ့အတိုင်းပါပဲ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျနော်တို့ဟာ နှစ်ပေါင်းများစွာကတည်းက အတူလက်တွဲလုပ်ကိုင်ခဲ့ကြတဲ့ တကယ့် အရင်းအခြာ အင်အားစုတွေပါ။

မေး။ ။ ပူးတွဲဆောင်ရွက်မယ့်ကိစ္စက ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဓိက ပူးပေါင်းဆောင်ရွက်မှာလား။ တခြား ဘာတွေ ပါပါသေးလဲခင်ဗျ။

ဖြေ။ ။ သူက အဓိက အချက်အခြာကျနေတာကိုး။ အဲဒီတော့ ကျနော်တို့ ဒါကို လုပ်ဆောင်ကြပြီဆိုကတည်းကိုက ကျန်တာတွေလည်း အကျုံးဝင်မယ်လို့ ထင်ပါတယ်။

မေး။ ။ လာမယ့်ရွေးကောက်ပွဲကိစ္စတွေရော ပါပါသလား။ ၂၀၁၅ ခုအတွက်၊

ဖြေ။ ။ အဲဒီအထိတော့ ကျနော်တို့မရောက်သေးပါဘူး၊ အဓိက ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒါက ကျနော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဆိုတဲ့ အဲဒီအချက်သုံးချက်ဟာ အဓိက လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်တယ်လေ။ အဲဒါကို ကျနော်တို့ အဓိကထားပြီး လုပ်ပါ့မယ်။

မေး။ ။ ဟုတ်ကဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ လက်ရှိအားဖြင့် လွှတ်တော်ထဲမှာရှိတယ်၊ ဖွဲ့စည်းပုံပြင်ရေးကို လွှတ်တော်ထဲမှာ ဆောင်ရွက်နေတာ ရှိတယ်။ ၈၈ ကရော ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်ပြီး ဆောင်ရွက်သွားမလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ နဂိုရ်ထဲက လွှတ်တော်ပြင်ပအင်အားစုတွေဗျာ၊ နိုင်ငံရေးအင်အားစုပဲ။ သို့သော် မြန်မာနိုင်ငံရေး အင်အားစုဖြစ်တဲ့အတွက် လွှတ်တော်ပြင်ပက လုပ်နိုင်တဲ့ကိစ္စတွေကို လုပ်သွားပါမယ်။

လွှတ်တော်တွင်းရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လွှတ်တော်ပြင်ပအင်အားစုလို့ပြောနေတဲ့ ၈၈ တို့အကြား ဖွဲ့စည်းပုံပြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းဆိုတဲ့နေရာမှာတော့ တကယ်ပဲ လက်တွေ့ကျပါ့မလား နိုင်ငံရေးလေ့လာသူအချို့ကတော့ မေးခွန်းထုတ်ပါတယ်။ ဒါ့အပြင် အခုလို ပူးတွဲထုတ်ပြန်မယ့်အပေါ်မှာ အများက စိတ်ဝင်စားနေချိန်မှာပဲ တကယ်တမ်းထွက်လာချိန်မှာတော့ ယေဘုယျဆန်လွန်းပြီး မျှော်လင့်သလို မကိုက်ဖြစ်ရတယ်လို့ နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက မြင်ပါတယ်။

“အတော်လေးကို ယေဘုယျဆန်တာကို တွေ့ရပါတယ်ဗျာ။ ပြီးတော့ အဲဒီကြေညာချက်ထဲမှာ သူတို့က လက်ရှိကာလဟာ အရေးကြီးတဲ့ အသွင်ကူးပြောင်းရေးကာလလို့ မပြောထားတဲ့အတွက်ကြောင့်မို့လို့ လက်ရှိအခြေအနေမှာ ဒိထက်ပိုပြီးတော့ အနှစ်သာရရှိရှိ၊ နောက်ပြီး ဒိထက်ပိုပြီးတော့ စီမံချက်ရှိရှိနဲ့ ပူးတွဲသဘောထားထုတ်ပြန်ချက်မျိုး ဖြစ်သင့်တယ်လို့ ကျနော်က မြင်ပါတယ်။”

မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာကလည်း ဒေါ်အောင်ဆန်းစုကြည်က အဓိကဖြစ်နေတယ်၊ ဒုတိယတန်းခေါင်းဆောင်တွေ လိုအပ်နေတယ်၊ အဲဒီတော့ ဒီ (၈၈) ခေါင်းဆောင်တွေ NLD ကိုသွားကြမလားဆိုတဲ့ စိတ်ဝင်စားမှုတွေ တော်တော်ကြီးတာ တွေ့ရပါတယ်ခင်ဗျ။ အခုလို ပူးပေါင်းဆောင်ရွက်မှုတွေကနေပြီးတော့ ဒီလိုအလားအလာမျိုး ဖြစ်နိုင်တဲ့အခြေအနေရော ရှိလား။ ကိုရန်မျိုးသိမ်း ဘယ်လိုများ သုံးသပ်မိလဲ။

ဖြေ။ ။ ဖြစ်လာနိုင်ခြေလည်းရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဘက်ညှိနှိုင်းပြီးတော့ နိုင်ငံရေးကို တိတိကျကျပေါ့လေ၊ နိုင်ငံရေးပုံစံအတိုင်း အလုပ်လုပ်မယ်၊ (၈၈) မျိုးဆက်ထဲက လူတချို့ကလည်းပဲ NLD ထဲကို ပြောင်းလဲပြီးတော့ အလုပ်လုပ်တာမျိုးတွေ၊ NLD နဲ့ ပူးပေါင်းဆောင်ရွက်လာတဲ့ပုံစံမျိုးတွေ နောက်ပိုင်းမှာဖြစ်လာနိုင်တယ်လို့တော့ ကျနော်က ထင်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စမှာ ဒီနှစ်ဖွဲ့ပူးပေါင်းဆောင်ရွက်လို့ တကယ်ပဲ အပြောင်းအလဲဖြစ်လာမလား ဒေါက်တာရန်မျိုးသိမ်းကတော့ သံသယရှိပါတယ်။ ဖွဲ့စည်းပုံပြင်ရေးဆိုရင်တော့ ဒီထက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆောင်ရွက်သွားသင့်တယ်လို့ သူက မြင်တာပါ။ အချို့ကတော့ ဒီ အင်အားစုနှစ်ခုအကြား အခုလို တရားဝင်ပူးတွဲထုတ်ပြန်ချက်ဖြစ်လာတာကို အကောင်းမြင်ပြီး ဒါဟာ နှစ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကနဦး ခြေလှမ်းတွေဖြစ်မယ်လို့ ယူဆပြောဆိုပါတယ်။

အခု ပူးတွဲထုတ်ပြန်ချက်နဲ့ပတ်သက်လို့တော့ အန်အယ်ဒီ ပြောခွင့်ရှိသူတွေကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့က ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်သွားမယ်ဆိုပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တာပါ။ လက်ရှိအားဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြောဆိုညှိနှိုင်းမှုတွေလုပ်နေပေမယ့်လို့ လွှွတ်တော်တွင်းမှာတော့ လူနည်းစုဖြစ်နေတုန်းပါ။ ဒါကြောင့်လည်း လွှတ်တော် တာဝန်ရှိသူတွေရော အစိုးရပိုင်းရော စစ်တပ်အကြီးအကဲတို့ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်လိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ကမ်းလှမ်းထားပေမယ့် ဖြစ်မလာခဲ့ပါဘူး။ လက်ရှိအားဖြင့်တော့ လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်မှု အကောင်အထည်ဖော်ရေးကော်မတီဆိုပြီး မကြာခင်က ဖွဲ့ခဲ့ပါတယ်။ ပါတီတွေရဲ့ အကြံပြုချက်တွေကို အခြေခံပြီး အဲဒီကော်မတီကနေ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။
XS
SM
MD
LG