သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နဲ့ ကြံ့ခိုင်ရေး တိုင်းရင်းသားဒေသအားလုံးမှာ ယှဉ်ပြိုင်မည်


၂၀၁၀ ရွေးကောက်ပွဲ။
၂၀၁၀ ရွေးကောက်ပွဲ။
ဒီနှစ်အတွင်း ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် အားစမ်းမှုတခု ဖြစ်နိုင်တယ်လို့ အများက သုံးသပ်ကြပေမယ့် တိုင်းရင်းသားပါတီတချို့ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပိုပြီး အားကောင်းစေတယ်လို့ သုံးသပ်ကြပါတယ်။ အင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ NLD ကလည်း တိုင်းရင်းသားဒေသတွေမှာပါ သူတို့အနေနဲ့ အနိုင်ရနိုင်ခြေရှိကြောင်း ပြောပါတယ်။ အပြည့်အစုံကိုတော့ မအင်ကြင်းနိုင်က တင်ပြပေးပါမယ်။

၂၀၁၄ခုနှစ်နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ် တယ်လို့ ရွေးကောက်ပွဲကော်မရှင်က မနေ့ကကြေညာ ပြီးတဲ့နောက်ပိုင်းမှာ လစ်လပ်တဲ့ ကိုယ်စားလှယ်နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ပါတီတချို့က ကြေညာခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာတော့ လစ်လပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် (၃)နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာအေးမောင်က ဗွီအိုအေကိုပြောပါတယ်။ ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ပိုပြီး အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။

"အထွေထွေရွေးကောက်ပွဲအတွက် အားစမ်းပွဲကတော့ သိပ်တော့ ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ကာလမို့လို့ အဲဒီ့ဥစ္စာပေါ်မှာတော့ အဓိက အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် ၇၅% တင်းပြည့် ဖြစ်နေဖို့လိုပါတယ်။ အဲ့လိုဖြစ်နေဖို့အတွက် မဲဆန္ဒနယ်တွေ အားလုံး ကျနော်တို့ ရွေးချယ်တင်မြှောက် ပြီး ဖြစ်ဖို့လိုပါတယ်။

မေး။ ။ အဲ့တော့ ဆရာတို့ တိုင်းရင်းသားပါတီတွေအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ တခြားပါတီကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အနေအထားပေါ့နော်။ အဲ့ဒီ့အပေါ်မှာရော ဆရာတို့ ဘယ်လိုသုံးသပ်လဲရှင့်။

ဖြေ။ ကျနော်တို့မြင်တာက ပြည်မမှာရှိတဲ့ ပါတီကြီးတွေမှာ ကြီးမားတဲ့ မဟာဗျူဟာတွေ သိပ်ထားပုံ မပေါ်ဘူး။ တိုင်းရင်းသားစည်းလုံးခြင်းဆိုတဲ့ အသုံးအနှုံးကိုသုံးတယ်။ ဒါပေမဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုရအောင် မိမိတို့နဲ့ ဘယ်လို အပေးအယူလုပ်သင့်တယ်ဆိုတဲ့ မဟာဗျူဟာ ရည်မှန်းချက် ပျောက်နေတယ်လို့ထင်တယ်။ အဲ့တာကြောင့် ကျနော်တို့က ကြိုပြောပါတယ်။ ပါတီကြီးနှစ်ခု ဘယ်သူက တိုင်းရင်းသားတွေကို စတင်စည်းရုံးပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်မလဲဆိုတာမျိုးပေါ့။

အခုကျနော်တို့ ကြည့်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်တဲ့နေရာအားလုံးကို ပြိုင်မယ်လို့ ကြေညာချက်ထုတ်တာဟာ တိုင်းရင်းသားအားလုံးကို စိန်ခေါ်တဲ့သဘောဖြစ်သွားပါတယ်။ ကျနော်တို့ကလည်း တိုင်းရင်းသားဒေသမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်မကဘူး။ ပြည်ခိုင်ဖြိုးပါတီကိုလည်း စိန်ခေါ်ရဲပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တိုင်းရင်းသားဒေသတွေမှာ အဓိကပြိုင်ဖက်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို ယှဉ်ပြိုင်ဖို့အတွက် ဝင်ရောက်ရွေးကောက်ခံတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကပြောပါတယ်။

" ကြံ့ခိုင်ရေးပါတီပြိုင်တဲ့နေရာတွေမှာ ကျနော်တို့ပြိုင်တယ်။ ကြံ့ခိုင်ရေး ပါတီတွေကနေ သူတို့ကို ဦးစားပေးစေတယ်ဆိုရင်တော့ ဆွေးနွေးပေါ့။ ဒေါ်စု လာတင်ပြပေါ့။ စဉ်းစားမှာပေါ့။ စဉ်းစားမယ်ပဲပြောတာ။ အပေးအယူ လုပ်မှာမဟုတ်ဘူး။ "

လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ဒီနှစ်အတွင်းကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသတွေမှာ ပါတီကြီးတွေရဲ့ ကိုယ်စားလှယ်တွေ အနိုင်ရဖို့ မသေချာဘူးလို့ ပါတီလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးလှဆွေက ဆိုပါတယ်။

"ကျနော်သိသလောက်တော့ တိုင်းရင်းသားနယ်မြေတွေမှာ ကြံ့ခိုင်ရေးရော၊ NLD ရော အခြေအနေကောင်းဖို့မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာလူမျိုးတွေမှာ ဘယ်သူမဆို ဒေသစွဲတို့၊ ပုဂ္ဂိုလ်စွဲတို့ အရမ်းသီးတယ်လေ။"

ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်အရှုံးဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အားစမ်းတာမျိုးမဖြစ်ဘူးလို့ သူကပြောပါတယ်။

လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည်ဖြစ်ကြောင်းနှင့် ပြုလုပ်မည့် ရက်ကို အနည်းဆုံး သုံးလကြိုတင်ပြီးတော အကြောင်းကြားပေးမှာဖြစ်တဲ့ အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG