သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၂ နှစ်ကြာ ရပ်တည်ခဲ့တဲ့ NLD အဖွဲ့ဝင်တွေ ကြံ့ကြံ့ခံမှု ချီးကျူးဂုဏ်ပြု


NLD တည်ထောင်ခြင်း ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အမှာစကား ပြောကြားစဉ်။ စက်တင်ဘာ ၂၇၊ ၂၀၁၀။
NLD တည်ထောင်ခြင်း ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အမှာစကား ပြောကြားစဉ်။ စက်တင်ဘာ ၂၇၊ ၂၀၁၀။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီ အဖြစ်ကနေ ဖျက်သိမ်းခြင်း ခံထားရပေမဲ့ ဒီမိုကရေစီရေးနဲ့ ပြည်သူလူထု အကျိုးအတွက် ဆက်လက် ရပ်တည်သွားမှာ ဖြစ်တဲ့အကြောင်း NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ၂၂ နှစ်မြောက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အခုလို ပြောဆိုသွားတာပါ။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ဟာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်ခဲ့တာ ၂၂ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ၂၂ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားမှာ ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ရွေးကောက်ပွဲ ကော်မရှင်က NLD ကို နိုင်ငံရေးပါတီ အဖြစ်ကနေ တရားဝင် ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက်ပိုင်း NLD ဘယ်လိုရပ်တည်မလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ပြောကြားခဲ့တယ်လို့ ဦးတင်ဦးက အခုလို ပြောပြပါတယ်။

“ထူးထူးခြားခြား နှစ်ပတ်လည်နေ့မှာ ကျနော့်အနေနဲ့ကတော့ ရွေးကောက်ပွဲ မကျင်းပမီ အချိန်ပေါ့လေ၊ ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ ကျနော်တို့ အဖွဲ့ချုပ် ဘယ်လိုရပ်တည်ရမလဲ ဆိုတဲ့ကိစ္စ၊ လူထုကြားထဲမှာ ဘယ်လိုရပ်တည်မယ် ဆိုတဲ့ကိစ္စ၊ ပြည့်ပြည့်စုံစုံပဲ ရှင်းလင်းကြပါတယ်။

“အဓိပ္ပာယ်ကတော့ ကျနော်တို့ အဖွဲ့အစည်းနဲ့ ပတ်သက်တာ ရှိတယ်၊ ကျနော်တို့က မပျက်စီးဘူး၊ နောက်တခုက ကျနော်တို့အဖွဲ့ဟာ အခုရှိနေတဲ့ အဖွဲ့အစည်း အားလုံးကို ပိုမိုပြီးတော့ ကျစ်လျစ်အောင် စုစည်းပြီးတော့ ရှိတဲ့အင်အားစုကို ခိုင်ခိုင်မြဲမြဲဖြစ်အောင် လုပ်ဖို့ကိစ္စ၊ ပြီးတော့ တိုးပွားလာအောင်လည်း လုပ်ဖို့ကိစ္စ၊ တိုးပွားလာရင်လည်း အဖွဲ့အစည်းအဖြစ် မဖွဲ့ဘဲနဲ့ ဆက်လက်ပြီးတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ဝိုင်းဝန်းပြီးတော့ အခုနေအခါမှာ ခိုင်မြဲတဲ့ အဖွဲ့အစည်းအဖြစ် တိုးတက်ပြီး ဖြစ်လာအောင်။

“ပြီးတော့ ကင်းကွာသွားတဲ့ အဖွဲ့ဝင်တွေရယ် လိုက်လံညှိနှိုင်းပြီးနောက် ဒီနေ့အခါမှာ ပြန်လည် စုစည်းပြီးတော့ ညီညီညွတ်ညွတ် ရပ်တည်ဖို့ ဆိုတဲ့ကိစ္စ၊ အဲဒါပါပဲ။”

ဒီအထိမ်းအမှတ် အခမ်းအနားကို ဒု-ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ နေအိမ်မှာ ကျင်းပခဲ့တာဖြစ်ပြီး လူအင်အား ၃၀၀ နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်တွေနဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးက NLD အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

၂၂ နှစ်တာ ကာလအတွင်း NLD ပါတီအနေနဲ့ ခက်ခက်ခဲခဲ ရုန်းကန် ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို ဂုဏ်ပြုရေးစပ်ထားတဲ့ ကဗျာ ၃ ပုဒ်ကိုလည်း NLD အဖွဲ့ခေါင်းဆောင် တဦးလည်းဖြစ်၊ ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဖျာပုံ နီလုံဦးနဲ့ မုံရွာအောင်ရှင်တို့က ရွတ်ဖတ်ခဲ့ကြပါတယ်။

ဒီအခမ်းအနားကို နိုင်ငံခြား သံတမန်တွေနဲ့ သတင်းထောက်တွေကို ဖိတ်ကြားခြင်းတော့ မရှိခဲ့ပါဘူး။ ဒါ့အပြင် ဒီနှစ်မှာ ထူးထူးခြားခြား အခါတိုင်းနှစ်တွေနဲ့ မတူဘဲ အာဏာပိုင်တွေဘက်က လုံခြုံရေး တင်းတင်းကျပ်ကျပ် ချတာမျိုး၊ တချိန်လုံး စောင့်ကြည့်တာမျိုးတွေ သိပ်မရှိတော့ဘူးလို့လည်း ဦးတင်ဦးက အခုလို ပြောပြပါတယ်။

“အပြင်ဘက် ခပ်လှမ်းလှမ်းကနေ ဓာတ်ပုံရိုက်တာတို့ ဘာတို့တော့ လုပ်ပါတယ်၊ Movie ရိုက်တာလေးတွေတော့ ရှိပါတယ်။ ဒါတွေကတော့ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး၊ လုပ်နေကျ၊ ကြာပြီပဲ။ သို့သော် အခုအခါမှာ အရင်လုပ်တာနဲ့ စာရင် နည်းတယ်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ဒီလိုပွဲမျိုးဆိုရင် သိပ်သိပ်သည်းသည်းကို အစောင့်တွေချ၊ ဘာတွေချ၊ အဖွဲ့အစည်းတွေနဲ့ အရံအတားတွေနဲ့ အဲဒီလို များတယ်။ အခုဟာက အဲဒီလိုကို မရှိဘူးဗျ။ အဖွဲ့ချုပ်ရှေ့မှာလည်း အရင်တုန်းက ရှိတဲ့လူတွေလည်း မရှိဘူးဗျ။”

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ NLD ပါတီဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာထားတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကနေ NLD ပါတီကို နိုင်ငံရေးပါတီ အဖြစ်ကနေ တရားဝင် ဖျက်သိမ်းကြောင်း ကြေညာခဲ့တာပါ။ ဒါ့အပြင် NLD ပါတီရဲ့ ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခံထားရပြီး နိုဝင်ဘာလ ၁၃ ရက်ကျမှ လွတ်ရက်စေ့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG