သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရပ်ကမ္ဘာက နိုင်ငံရေးအုံကြွမှု သင်ခန်းစာယူဖို့ NLD တိုက်တွန်း


NLD ပါတီ ရုံးချုပ်တွင် ကျင်းပသည့် ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား တက်ရောက်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင်များ။ မတ် ၂၇၊ ၂၀၁၁။
NLD ပါတီ ရုံးချုပ်တွင် ကျင်းပသည့် ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား တက်ရောက်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင်များ။ မတ် ၂၇၊ ၂၀၁၁။

အာရပ်ကမ္ဘာတဝန်းမှာ ကြုံနေရတဲ့ နိုင်ငံရေး ပြဿနာတွေ၊ လူထုအုံကြွမှုတွေကို မြန်မာစစ်အစိုးရ အနေနဲ့ သင်ခန်းစာယူဖို့ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက သတိပေးလိုက်ပါတယ်။ တပ်မတော်အနေနဲ့ လူထုဆန္ဒကို မျက်ကွယ်မပြုဖို့လည်း ဒီကနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ ကျင်းပတဲ့ အခမ်းအနားအတွင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ထည့်သွင်း ပြောဆိုသွားကြတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

အာရပ်ကမ္ဘာမှာ နှစ်ပေါင်းကြာမြင့်စွာ ကတည်းက ထူထောင်ထားတဲ့ အာဏာရှင် နိုင်ငံတွေတောင်မှ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ ဆန္ဒတွေကို ဒီကနေ့ ဘယ်လို ရင်ဆိုင်နေရသလဲဆိုတဲ့ အခြေအနေတွေကို ကြည့်ပြီး တပ်မတော်သားတွေ သင်ခန်းစာ ယူသင့်တယ်လို့ NLD ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက ပြောပါတယ်။

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့တွေကို ကျောထောက်နောက်ခံပြုပြီး အာဏာ ဆက်လက်တည်မြဲဖို့အတွက် ကြိုးပမ်းနေတဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံတွေက အခြေအနေတွေကို ရည်ညွှန်းပြီးတော့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင်း အခုလို သတိပေး ပြောဆိုလိုက်တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒီကနေ့ တပ်မတော်သားတွေအပေါ် မေတ္တာရပ်ခံချင်ပါတယ်တဲ့။ အရှေ့အလယ်ပိုင်းမှာဖြစ်တဲ့ ကိစ္စတွေကို ကြည့်ပါတဲ့။ အင်မတန် နှစ်ရှည်လများ ထူထောင်လာတယ်ဆိုတဲ့ တကယ့် အာဏာရှင် နိုင်ငံတွေတောင် ပြည်သူရဲ့ စစ်မှန်တဲ့ ဆန္ဒနဲ့ ဘာတွေဖြစ်ကုန်ကြသလဲတဲ့။ အဲဒါတွေကို သင်ခန်းစာ ကောင်းကောင်းယူပြီး ရင်ကြားစေ့ရေးဆိုတဲ့ အပေါ်မှာ တကယ် ကျနော်တို့အားလုံး ညီညီညွတ်ညွတ် တပေါင်းတည်း၊ တိုင်းရင်းသား ပြည်သူ အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင် လုပ်ကြပါစို့လို့ ပြောကြားသွားပါတယ်။”

ပြည်သူလုထုရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ ဘယ်လုပ်ရပ်မဆို မှားနေတယ်ဆိုတာ သတိပြုဖို့ လိုတယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားနဲ့အတူ ပြည်သူလူထုရဲ့သြဇာ တပ်မတော်မှာ လွှမ်းနေသည်ဆိုတဲ့ စကားနဲ့လည်း လက်ရှိအခြေအနေ လွဲနေပြီလို့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက ထောက်ပြခဲ့တယ်လု့ိ ဆိုပါတယ်။

“ပြည်သူလူထုအပေါ်မှာ လုပ်တာကိုင်တာ မှန်သမျှကို ပြည်သူလူထုရဲ့ဆန္ဒ အစစ်အမှန်နဲ့ မကိုက်ညီသမျှ မှားတယ်လို့ ဗိုလ်ချုပ်က ပြောခဲ့တယ်။ နောက်တချက် ဗိုလ်ချုပ်ပြောခဲ့တဲ့ အထဲက သိပ်အရေးကြီးတဲ့ စကားလုံးတလုံး ရှိသေးတယ်တဲ့။ စစ်သည်တော်တွေကို ပြည်သူလူထုက မပြောတာဟာ မမဲ့ရဲလို့လို့ မှတ်ပါတဲ့။ ပြည်သူလူထုက ပြောဖို့ နေနေသာသာ မဲ့ပြချင်တယ်၊ ရွဲ့ပြချင်တယ်၊ ဒါပေမဲ့ ကြောက်တယ်။ မမဲ့ရဲဘူး။ အဲဒါကို ဆိုလိုတာ ဖြစ်တယ်တဲ့။

“ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်က တပ်မတော်သားတွေကို မိန့်ခွန်းတွေ ပြောခဲ့တဲ့ အခါတိုင်း ပါလီမန် ဒီမိုကရေစီစနစ်မှာ တုန်းကတော့ ပြည်သူလူထုရဲ့ သြဇာဟာ တပ်မတော်အပေါ်မှာ လွှမ်းမိုးသည်ဆိုတာ ဖြစ်အောင်လို့ စစ်သည်တော်ကျင့်ဝတ် ဆိုတာကို ချမှတ်ခဲ့ဖူးတယ်တဲ့။ ဒါဟာ အချက် ၆၀ တောင် ပါတယ်တဲ့။ ဒီကနေ့ ဒီစာအုပ် ပျောက်သွားပြီတဲ့။ ဆိုရှယ်လစ်နိုင်ငံတော် ထူထောင်မယ် ဆိုကတည်းက အဲဒါတွေဟာ ပြည်သူ့ရေးရာ ဆိုတဲ့အထဲမှာ ပါသွားပြီးတော့ တပါတီ ထူထောင်ဖို့ ဖြစ်နေတဲ့ အခါကြတော့ အဲဒါ ပျောက်သွားပြီတဲ့။”

ဖက်ဆစ်ဂျပန်ရဲ့ ကျူးကျော်မှုကို တွန်းလှန်ခဲ့ကြတဲ့ သမိုင်းဝင်နေ့ကို တော်လှန်ရေးနေ့ရယ်လို့ မတ်လ ၂၇ ရက်နေ့တိုင်း ကျင်းပလာခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တပ်မတော်နေ့လို့ တိုင်းပြည်အုပ်ချုပ်သူတွေက ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။ ကျူးကျော်သူ ဖက်ဆစ်တွေကို အောင်နိုင်ခြင်းဟာ စိတ်ဓာတ်နဲ့ ညီညွတ်မှုကို အခြေခံခဲ့တာမို့ တော်လှန်ရေးနဲ့ ညီညွတ်မှု ဆက်နွယ်နေတယ်လို့လည်း NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီအခမ်းအနားအတွင်း ပြောဆိုခဲ့တဲ့အကြောင်း ဦးအုန်းကြိုင်က ပြောပြပါတယ်။

“၁၉၄၅ ခုနှစ်မှာ တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ခဲ့တဲ့ အကြောင်းရင်းကတော့ ကျမတို့ နိုင်ငံသူ နိုင်ငံသားအားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်ခဲ့လို့ပဲ ဖြစ်တယ်တဲ့။ တော်လှန်ရေးဆိုတဲ့ အဓိပ္ပာယ်ကတော့ ရိုးရိုးအဓိပ္ပာယ် ဖွင့်ရမယ်ဆိုရင် သိသိသာသာ ပြောင်းလဲမှု ဖြစ်စဉ်ကြီးပဲပေါ့တဲ့။ သိသိသာသာ ပြောင်းလဲမှုတခု ဖြစ်နိုင်ဖို့ဆိုရင် အားလုံးကနေ ညီညီညွတ်ညွတ်နဲ့ လူထု အများစုကြီးက ညီညီညွတ်ညွတ်နဲ့ အပြောင်းအလဲကြီးကို လိုလားပြီးတော့၊ လိုလားရုံတင်မက အပြောင်းအလဲအတွက် လုပ်ဖို့ကိုင်ဖို့ အဆင်သင့် ဖြစ်မှသာလျှင် အောင်အောင်မြင်မြင် ဖြစ်နိုင်မှာ ဖြစ်တယ်တဲ့။ ဒီကနေ့ဆိုရင် နိုင်ငံရေးအရ၊ လူမှုရေးအရ အပြောင်းအလဲကြီးတွေ လိုချင်လို့ ဆောင်ရွက်နေကြတယ်။ အဲဒါဆိုရင်လည်း ညီညွတ်ဖို့ လိုတယ်ဆိုတာ အဓိက ပြောချင်တယ်တဲ့။”

NLD ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက် တချို့ကို NLD ပါတီ ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စု ပြိုကွဲမယ့် အခြေအနေရောက်တိုင်း တပ်မတော်က ကာကွယ်စောင့်ရှောက်ပေးခဲ့တာ ဖြစ်သလို အခုဆိုရင် လွှတ်တော်ကျင်းပပြီး ပြည်သူလူထုရဲ့ လိုလားတောင့်တချက်တွေကို နိုင်ငံတော်သစ်အတွက် ပုံဖော် တည်ဆောက်နေပြီလို့ စစ်အစိုးရထုတ် သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ဖော်ပြ ရေးသားထားပါတယ်။

အစိုးရသစ်နဲ့ ပတ်သက်လို့ ကောင်းတယ်၊ ဆိုးတယ် မမြင်ထားဘဲ ဖြစ်စဉ်ကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်တယ်လို့ အစိုးရသစ်နဲ့ ပတ်သက်တဲ့ သဘောထားအပေါ် မေးတဲ့ သတင်းထောက်တဦးရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေခဲ့ပါတယ်။ တိုင်းပြည်အတွက် အစိုးရသစ်နဲ့လည်း ကောင်းတဲ့ ဆက်ဆံရေး မျှော်မှန်းပေမဲ့ ဘယ်လိုလုပ်မလဲ၊ ဘယ်လို ဆက်ဆံလာမလဲဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင် သိမှာဖြစ်ပြီး NLD ပါတီကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

XS
SM
MD
LG