သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံ ကာကွယ်ရေး NLD အငြင်းပွား


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေး သို့ သွားရောက် လေ့လာစဉ်၊ မတ်လ ၁၂၊ ၂၀၁၂။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေး သို့ သွားရောက် လေ့လာစဉ်၊ မတ်လ ၁၂၊ ၂၀၁၂။

ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ရှိတဲ့ လွတ်တော်အစည်းဝေးတွေကို NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ် တက်ရောက်ဖို့ မသေချာဘူးလို့ NLD ပါတီက ပြောပါတယ်။ ဒါကလည်း ရွေးကောက်ခံ ကိုယ်စားလှယ် တွေ ကျမ်းသစ္စာ ကျိန်ဆိုစဉ်တွင်း ရွတ်ဆိုရတဲ့ ၂၀၀၈ ဖွ့ဲစည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့စကားလုံးအစား ဖွဲ့စည်းပုံ အခြေခံကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံးပြင်နိုင်ဖို့ NLD အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားနေတာကြောင့် ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ပြည်သူ့လွှတ်တော်က တတိယအကြိမ် ပုံမှန် အစည်းဝေးထဲ မပြီးပြတ်တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးဖို့ အတွက် ဧပြီလ ၂၃ ရက် တနင်္လာနေ့ မှာ ပြန်ကျင်းပမယ့် ပြည်သူ့ လွှတ်တော်အစည်းဝေးကို အဝင် NLD ပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင် ကိုယ်စားလှယ်သစ် တွေ တက်ဖို့ှ စီစဉ်ထားကြတာပါ။

ဒါပေမယ့် ရွေးကောက်ခံ ကိုယ်စားလှယ်သစ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ ရွတ်ဆိုတဲ့အခါ ဖွဲစည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ စကားလုံးအစား NLD ကိုယ်စားလှယ်လောင်းတွေ ဟာ လေးစား လိုက်နာရမယ်ဆိုတဲ့ စကားလုံးကို ပြင်ဆင်ရွတ်ဆိုနိုင်ဖို့ NLD ပါတီက ညှိုနှိုင်းတာတွေ လုပ်နေတယ် လို့ NLD ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျမ်းကျိန်တဲ့ဟာ ဇယား လေး လို့ သူတို့ ပြောတယ်လေ။ အဲဒီ ဇယား လေး ထဲမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံး ပါတယ်။ ကျနော်တို့ က ကာကွယ် စောင့်ရှောက်တယ် ဆိုတဲ့ ဟာကို ကျနော်တို့ အရင် ကတည်း က လက်မခံဘူးလေ။ ကျနော်တို့ မူအရ။ ကျနော် တို့ က လေးစား လိုက်နာမယ်။ အဲဒီ ဟာကို ပြင်ဆင်ရေး အတွက် အန်ကယ်တို့ ကြိုးစားနေတယ်။ ပြင်ဆင်ပြီးတဲ့ အချိန် ကျနော်တို့ တက်မယ်။ အခု အခြေအနေ အရ ပြောရရင်တော့ ၂၃ ရက်နေ့ မှီဖို့တော့ နည်းနည်း ခဲယဉ်းတာပေ့ါလေ။ ဒါ ကျနော်တို့ အတိအကျ မပြောနိုင်ဘူး။”

ဟုတ်ကဲ့ ဦးဉာဏ်ဝင်းတို့ အခု လေးစား လိုက်နာရမယ်ဆိုတဲ့ စကားလုံးကို ပြင်နိုင်ဖို့ ဘယ်ကိုများ တင်ပြ ဆွေးနွေး နေတာပါလဲရှင့်။

“အဲဒါတော့ ကျနော် ပြောလို့ မရပါဘူး။ ကျနော်တို့ အကြံပြုချက်တွေ ပေးပို့ထားတာ ရှိပါတယ်။”

တကယ်လို့ ဧပြီ ၂၃ အမှီ မပြင်နိုင်ဘူးဆိုရင် ကောရှင့်။

“ကျနော်တို့ ကျမ်း မကျိန်ဘူးပေ့ါ။ အန်အယ်လ်ဒီ က မတက်ဘူး။ ကျမ်းကျိန်မှ တက်မှာ။ ကျမ်းမကျိန်ရင် တက်လို့ မရဘူး။ ကျမ်းမကျိန်ရင် ဧည့်သည် ဖြစ်နေမှာပေ့ါ။ ကျနော်တို့ အဲဒီ ဟာနဲ့ ပတ်သက်ပြီးတော့ ပြေလည် သွားလိမ့်မယ်။ ကျနော်တို့ အကြံပြုချက်ထဲ က တခုခုနဲ့ ပြေလည်သွား လိမ့်မယ် လို့ ကျနော်တို့ ယုံကြည်ထားတယ်။”

မနေ့ ဧပြီ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ နေပြည်တော် မှာ တွေ့ပါတယ်။ ဆွေးနွေးတဲ့ အထဲ ဒီကိစ္စအဓိက ဖြစ်မလားရှင့်။

“ဒီကိစ္စလည်း ဆွေးနွေးတဲ့ အထဲမှာ ပါတယ် လို့ သိရပါတယ်။ ကျန်တာတော့ ဆွေးနွေးတာတွေ subject တွေ အများကြီး၊ ကျနော်တော့ မသိဘူး။”

ဒါကတော့ NLD ပါတီက အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ အခု NLD ပါတီက ကျမ်းသစ္စာ ကျိန်ဆိုစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါ့မယ်ဆိုတဲ့အစား လေးစား လိုက်နာပါမယ်လို့ပြင်ဆင်ဖို့ ကြိုးစားနေတာနဲ့ ပတ်သက်လို့ ပြည်သူလွတ်တော် ဥပဒေကော်မရှင် ထဲက အဖဲ့ွဝင်တဦး ဖြစ်တဲ့ ဦးသန်းမောင်ရဲ့ အမြင်ကတော့

“ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခါမှာ သုံးတဲ့ စကားလုံးက ကာကွယ်စောင့်ရှောက်တယ် လို့ဘဲ ပြောပြော လေးစား လိုက်နာတယ် လို့ဘဲ ပြောပြော ကျနော်ကတော့ အတူတူဘဲ သက်ရောက်မှု လည်း ရှိတယ်။ ဘာလို့လည်း ဆိုတော့ လေးစား လိုက်နာတယ် ဆိုတော့ လေးစားတယ် ဆိုတော့ Pay respect ပေါ့။ လိုက်နာတယ် ဆိုတော့ to comply ပေါ့ဗျာ။ ကာကွယ် စောင့်ရှောက်တယ် ဆိုတာတော့ safeguard ပေ့ါဗျာ။ ကာကွယ် စောင့်ရှောက် တာလည်း အခြေခံ ဥပဒေ အရ ဖြစ်လာတဲ့၊ ရွေးကောက်ပွဲ အရဖြစ်လာတဲ့ လွှတ်တော် အမတ်တွေ ဟာ အခြေခံ ဥပေဒအရ လုပ်ရမယ် ကိုင်ရမယ့် ဟာတွေ ရှိတယ်။ အဲဒီတော့ အခြေခံ ဥပေဒ အရ ပြင်ဆင်ခွင့်ကိုလည်း အခြေခံ ဥပဒေထဲမှာ သွားတွေ့တယ်။ ဒီဟာတွေက ကျနော် ထင်တာတော့ လွှတ်တော်ထဲကို ရောက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတဲ့ အခါမှ လိုအပ်တဲ့ ဟာတွေ ကို ဆက်လက် ကျင့်သုံးသင့်တယ် ထင်တယ်။ ဒီ အဝင်မှာ အဲဒီ ကိစ္စတွေ ကို၊ စကားလုံး အသုံးအနှုန်းတွေ ကို သိပ်ပြီးတော့ တွယ်ကပ်နေပြီးတော့ ကြိုးစားနေမယ် ဆိုလို ရှိရင် အစ မကောင်းဘူး ဖြစ်သွားမှာ ကို ကျနော် က စိုးရိမ်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော် တို့က ဒီလွှတ်တော် ထဲ ကို ဒီ အင်အားစု တွေကို မြန်မြန် ရောက်စေချင်တယ်။”

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ပါမယ်လို့ ဆိုရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်တာတွေ လုပ်ဖို့ အခက်အခဲရှိနိုင်ပါသလား ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲဝင်တာဟာ ဖွဲစည်းပုံထဲက လူထုအတွက် အကျိူးမရှိတဲ့ ဥပဒေတွေကို ပြင်နိုင်ဖို့ ဖြစ်တယ်လို့ ပြောထားတာတွေ ရှိတော့

“လုံးဝ မထင်ပါဘူး ခင်ဗျာ။ လုံးဝ မထင်ပါဘူး။ အခုကို က အခြေခံ ဥပဒေထဲ က တချို့ အပိုဒ် တွေကို ပြင်ဆင်ဖို့ က လွှတ်တော် အမတ်တွေ ကကော၊ ပါတီ မရွေး၊ လူမျိုး မရွေး ကြိုးစားနေကြတာတွေ ရှိပါတယ်။ အဲဒါလည်း ကာကွယ် စောင့်ရှောက်တာ တမျိုးပါဘဲ။ အခြေခံ ဥပဒေတွေ ကို ပိုပြီးတော့ ကောင်းလာအောင် ပြည်သူတွေ အတွက် ပိုပြီးတော့ အကျိုးရှိ လာအောင် ပြင်ဆင်တာ ဟာလည်း အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်တာပါဘဲ။ တနည်းအားဖြင့် အခြေခံ ဥပဒေကို လေးစား လိုက်နာတာဘဲ လို့ ကျနော် ယုံကြည်ပါတယ်။”

ပြည်သူလွှတ်တော် ဥပဒေကော်မရှင်ထဲက အဖဲ့ွဝင်တဦး ဖြစ်တဲ့ ဦးသန်းမောင် ရဲ့သုံးသပ်ချက်ပါရှင်။ NLD ပါတီဟာ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ၄၃ နေရာထိ အများဆုံးအနိုင်ရခဲ့တဲ့ပါတီတခု ဖြစ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦး လွှတ်တော်တက်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG