သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အညတရ သူရဲကောင်း ၃ ဦး


အညတရ သူရဲကောင်း ၃ ဦး
အညတရ သူရဲကောင်း ၃ ဦး

မြန်မာနိုင်ငံမှာ ယုံကြည်ချက်အပြည့်နဲ့ ကိုယ်ကျိုးစွန့်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်ရင်းနဲ့ နှစ်ရှည် ထောင်ချခံထားရသူတွေထဲက ၃ ယောက်ကို အညတရ သူရဲကောင်းတွေအဖြစ် ဆုပေးဖို့ ဂျပန်ရောက် မြန်မာတွေက ရွေးချယ်ထားကြပါတယ်။ ဂျပန်နိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေက လူမသိသူမသိ အနစ်နာခံနေကြတဲ့သူတွေကို ဆုပေးဖို့အတွက် ပထမဆုံးအကြိမ် စီစဉ်တာလည်း ဖြစ်ပါတယ်။ ဒီဆုပေးပွဲကို နှစ်ဆန်း ၁ ရက်နေ့ကျရင် ရန်ကုန် NLD ရုံးချုပ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ချီးမြှင့်တဲ့ အညတရ သူရဲကောင်းဆုကို လားရှိုးထောင်မှာ အကျဉ်းကျနေတဲ့ မဂ္ဂင်ဆရာတော် ဦးအိန္ဒက၊ အင်းစိန်ထောင်မှာ ပြစ်ဒဏ်နှစ် ၂၀ နဲ့ အကျဉ်းချခံထားရတဲ့ ဘိုးတော်ခင်ဝင်း (ခ) ဦးခင်ဝင်းနဲ့အတူ မအူပင်ထောင်က ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရတဲ့ ကိုသန်းနိုင်တို့ ၃ ဦးကို ရွေးချယ်ထားတာပါ။ မဂ္ဂဇင်ဆရာတော် ဦးအိန္ဒကဟာ ၁၉၈၈ လူထုလှုပ်ရှားမှုအတွင်း ပါဝင်ခဲ့ဖူးပြီး ထောင်ကျခဲ့ဖူးတဲ့ သံဃာတပါးဖြစ်သလို ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင်း ပြန်လည် ဖမ်းဆီးခံရတဲ့ ရဟန်းတပါး ဖြစ်ပါတယ်။ ဦးခင်ဝင်း (ခ) ဘိုးတော်ခင်ဝင်း ကလည်း ၁၉၈၈ နဲ့ ၂၀၀၀ ပြည့်နှစ်တွေက အကျဉ်းကျခံရဖူးတဲ့ နိုင်ငံရေးလှုပ်ရှားသူတဦး ဖြစ်ပါတယ်။ မအူပင်ထောင်မှာ အကျဉ်းချခံထားရတဲ့ ကိုသန်းနိုင် ကလည်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်ပါတယ်။

ဒီဆုဟာ ဂျပန်နိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက စုပေါင်းချီးမြှင့်တဲ့ ဂုဏ်ပြုဆုတခု ဖြစ်သလို ဆုပေးပွဲအခမ်းအနားကိုတော့ လာမယ့် ဧပြီလ ၁၇ ရက် နှစ်ဆန်း ၁ ရက် တနင်္ဂနွေနေ့ကျရင် ဗဟန်း ရွေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်မှာ ကျင်းပမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြင့်မှာလည်း ဖြစ်ပါတယ်။

ဒီဆုဟာ ထင်ရှားကျော်စောခြင်းမရှိ၊ လူမသိသူမသိ ဘဝတွေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေ အတွက် ယုံကြည်ချက်အပြည့်နဲ့ နှစ်ရှည်အကျဉ်းသားဘဝတွေနဲ့ ဖြတ်သန်းနေကြသူတွေ အားလုံးကို နှစ်စဉ် ဂုဏ်ပြုသွားဖို့ အစီအစဉ်ဖြစ်ပြီး ဒီနှစ် ပထမဆုံးအကြိမ် အဖြစ် ၃ ဦးကို ရွေးချယ်ထားတာ ဖြစ်တယ်လို့ NLD လူမှုထောက်ကူပြု အဖွဲ့က မဖြူဖြူသင်းက ပြောပါတယ်။

“အဓိက ကတော့ အကုန်စုပြီးတော့ ပေးကြတာပါ။ မြန်မာပြည်တွင်းမှာရှိနေတဲ့၊ တကယ့်ကို နိုင်ငံရေး လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူမသိသူမသိပေါ့နော်၊ တလျှောက်လုံး လုပ်လာခဲ့တဲ့သူတွေ အများကြီးပါပဲ။ ဒီ ၃ ယောက်ဆိုတာက အားလုံး အကုန်လုံး စုပေါင်းပြီးတော့ ပေးကြတာပေါ့နော်။ ဂျပန်မှာရှိနေတဲ့သူတွေရော၊ မြန်မာပြည်က သူတွေရော အကုန်လုံး စုပြီးတော့ ရွေးလိုက်တာပါ။ ဒါပေမဲ့ ပြည်တွင်းမှာ အများကြီး ရှိပါသေးတယ်၊ ဒီလို လူမသိသူမသိနဲ့ ထောင်ထဲမှာ အများကြီး ကျနေတာ ရှိပါတယ်။ နံမည်လည်း ထွက်မလာဘူး။ တကယ့်ကိုလည်း အနစ်နာခံပြီး ထောင်ထဲမှာ နေနေတဲ့သူတွေ အများကြီး ရှိပါသေးတယ်။ ဒီ ၃ ယောက်မှ မဟုတ်ပါဘူး။ ဒါကတော့ သူတို့ စတင်ပြီးတော့ သူတို့ လုပ်ဆောင်လိုက်တာပါ။”

ဒီဆုကို NLD ပါတီကရော၊ ဂျပန်ရောက် မြန်မာတွေကပါ စုပေါင်းရွေးချယ်ခဲ့ကြတာပါ။ ဆုကြေးငွေက တဦးကို မြန်မာကျပ်ငွေ ဆယ်သိန်း ချီးမြှင်ဖို့လည်း စီစဉ်ထားပါတယ်။ မြန်မာနှစ်ဆန်း ၁ ရက်နေ့တိုင်း NLD ရုံးချုပ်မှာ ကျင်းပနေတဲ့ သက်ကြီးပူဇော်ပွဲနဲ့အတူ ပူးတွဲ ကျင်းပသွားမယ်လို့လည်း ဆိုပါတယ်။ မနေ့ သင်္ကြန်အကျနေ့နဲ့ ဒီကနေ့ အကြတ်နေ့တွေမှာလည်း NLD ရုံးမှာ စတုဒီသာကျွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

“နှစ်ဆန်း ၁ ရက်နေ့ကတော့ ကျမတို့ ဒီမှာ လုပ်နေကျ ပုံစံအတိုင်းပဲပေါ့။ ပရိတ်တရားနာတာ ရှိမယ်။ နောက်ပြီးတော့ သက်ကြီးပူဇော်ပွဲ ရှိတယ်။ လူကြီးတွေကို ကန်တော့မယ်။ ရုံးချုပ်မှာရှိတဲ့ လူငယ်တွေ စုပြီးတော့ အလှူလုပ်တာပေါ့နော်။ စတုဒီသာ ကျွေးတယ်။ လူတွေကတော့ များတယ်။ ဒီနှစ်ကတော့ သင်္ကြန်က အရင်နှစ်တွေကလောက် သိပ်မစည်ဘူး။ ဒါပေမဲ့ တော်တော်များများ လာကြပါတယ်။ တချို့ဆိုလည်း ဒီနေ့ဆိုရင် ရုံးထဲကို ဝင်ကြတယ်။ တချို့က အရင်က မရောက်ဖူးကြဘူးလေ။ အဲဒီလိုမျိုးတွေ လာကြသွားကြတာတွေ ရှိပါတယ်။”

NLD လူငယ်အဖွဲ့က မဖြူဖြူသင်း ပြောပြခဲ့တာပါ။ ဒီ အညတရ သူရဲကောင်းဆုကို ချီးမြှင့်ဂုဏ်ပြုဖို့ စီစဉ်ထားအပြီး ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းတွေကြောင့် ဆုပေးဖို့အစီအစဉ် နှောင့်နှေးသွားခဲ့တယ်လို့ ဆုပေးပွဲစီစဉ်သူတွေက ပြောပါတယ်။

XS
SM
MD
LG