သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး တနင်္လာနေ့စမည်


လာမယ့်နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့်ပါတီတွေအနေနဲ့ စက်တင်ဘာလ ၃ ရက်ကစပြီး မဲဆွယ် စည်းရုံးတာတွေ လုပ်နိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေငြာထားပြီးဖြစ်ပါတယ်။ ဒီကြားဖြတ် ရွေးကောက်ပွဲရလဒ်တွေဟာ ၂၀၂၀ မှာကျင်းပမယ့် ရွေးကောက်ပွဲကြီးရဲ့ အရှုံးအနိုင်ကို ထင်ဟပ်လိမ့်မယ်ဆိုပြီး နိုင်ငံရေးသုံးသပ်သူတချို့က ခန့်မှန်းတွက်ဆပါတယ်။ NLD ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီ ပြောခွင့်ရသူကတော့ ဒီခန့်မှန်းချက်ကို လက်မခံပါဘူး။ လစ်လပ်နေရာအားလုံးမှာ အနိုင်ရဖို့ကြိုးစားသွားမယ်လို့ ပြော ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်ထောက် ကိုဇော်ထက်က စုစည်းတင်ပြထားပါတယ်။

၂၀၁၈ နိုဝင်ဘာ ၃ ရက်မှာလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၂၅ ခုက လစ်လပ်နေရာ ၁၃ နေရာအတွက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါပြီ။ ရှေ့လ စက်တင်ဘာ ၃ ရက်ကစပြီး ရက်ပေါင်း ၆၀ အတွင်းမှာ ကိုယ်စားလှယ် ၆၉ ယောက်က မဲဆွယ်စည်းရုံးရေးကို လုပ်ရမှာပါ။

NLD ပါတီက လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာစလုံး ဝင်ပြိုင်မှာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီကတော့ ဆယ်နေရာပဲ ဝင်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းအရဆိုရင် လက်ရှိအာဏာရနေတဲ့ NLD ပါတီအတွက် ကြိုးစားပမ်းစားယှဉ်ပြိုင်ရမယ့် အနေအထားဖြစ်နိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတချို့ က ခန့်မှန်းထားတာတွေလည်းရှိပါတယ်။ NLD ပြောရေးဆိုခွင့်ရှိသူကတော့ ဒီရွေးကောက်ပွဲဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အဆုံးအဖြတ်လို့မယူဆဘဲ အကောင်းဆုံးယှဉ်ပြိုင်သွားဖို့ လစ်လပ်မဲဆန္ဒနယ် ၁၃ ခုစီနဲ့ ကိုက်ညီမယ့် မဲဆွယ်စည်းရုံးရေးကိုလုပ်သွားမယ်လို့ NLDဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီရဲ့ ဥက္ကဌ ဒေါက်တာမျိုးညွှန့်က အခုလိုပြောပါတယ်။

“ပြည်သူရဲ့ ဆန္ဒသဘောထားကို ခံယူတာဖြစ်တဲ့အတွက် ဘယ်တော့မှာ ကျနော်တို့ ပေါ့ပေါ့တန်တန် သဘောထားလို့မရပါဘူး။ ဒီ၂၀၁၈(ကြားဖြတ်) ရွေးကောက်ပွဲရဲ့ ရလာဒ်က ၂၀၂၀ ရွေးကောက်ပွဲကို ထင်ဟပ်မယ် ကိုယ်စားပြုမယ်ဆိုတာကိုတော့ ကျနော် ငြင်းဆိုပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ တွေမှာ ကျွန်တော်တို့ အောင်မြင်မှုနည်းပါးရခြင်းဟာ အဓိကအားဖြင့် မဲဆန္̔ဒရှင်တွေအဖို့ အောင်မြင်ပြီးပြီ ဆိုပြီးတော့ စိတ်ချလက်ချနေခဲ့တဲ့ သဘောမျိုးကြောင့် အခုလို ဖြစ်တယ်လို့ ကျနော်တို့သုံးသပ်တဲ့အတွက်၊ အပြောင်းအလဲဟာ မပြီးမြောက်သေးတဲ့အတွက် အပြီးသတ် အနိုင်ရတဲ့အထိ တက်တက်ကြွကြွနဲ့ ပါဝင်ကူညီကြဖို့ကို ကျနော်တို့က မဲဆွယ် စည်းရုံးသွားရမှာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၇ ဧပြီလ၁ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ၂၄ပါတီ ဝင်ပြိုင်ကြပြီး NLD ပါတီက ၉ နေရာအနိုင်ရခဲ့ပြီး ပြည်ခိုင်ဖြိုးက ၂ နေရာနဲ့ ကျန်တဲ့ ပြည်နယ်နေရာအများစု ကိုတော့ တိုင်းရင်းသားပါတီတွေကရရှိသွားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အားလုံး ပြင်ဆင် ထားပြီး ဖြစ်တယ်လို့ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကပြောပါတယ်။

“ကော်မရှင်မှာလည်း အဆင့်ဆင့်မှာလည်း သင်တန်းတွေပေးနေတယ်။ မဲရုံးတွေလည်း သတ်မှတ်ပြီး လုဖြစ်နေပြီ မဲရုံမှုတွေလည်း ရွေးချယ်မယ် သင်တန်းပေးမယ်ပေါ့။ တောက်လျှောက်လုပ်မှာပေါ့နော်။ အောက်တိုဘာလ ပထမပတ်မှာလည်းတစ်ခါ နောက်ဆုံးမဲစာရင်း ကြေညာမယ်။ နောက်စေ့စပ် ညှိနှိုင်းမှု ရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေဖြစ်လာရင်လည်းပဲ ဗဟိုအဆင့် တိုင်းဒေသကြီးအဆင့် နောက် ခရိုင်အဆင့် မြို့နယ် အဆင့်တွေမှာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွေလည်းပဲဖွဲ့ပြီးပါပြီ။”

လစ်လပ်မဲဆန္ဒနယ် ၁၃ခုကတော့ ပြည်သူ့လွှတ်တော်အတွက် ကန်ပက်လက်၊ လဲချား၊ တာမွေနဲ့ မြင်းခြံ။ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ်မြစ်ကြီးနားမဲဆန္ဒနယ ်(၂)၊ တိုင်းဒေသနဲ့ ပြည်နယ်နေရာတွေ အတွက် ကတော့ မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနဲ့ မန္တလေးတိုင်း ဒေသကြီးရှမ်းတိုင်းရင်းသား မဲဆန္ဒနယ်တွေ ဖြစ်ပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG