သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲသပိတ် NLD လူငယ်တွေကို စတင်တာဝန်ပေး


ရွေးကောက်ပွဲသပိတ် NLD လူငယ်တွေကို စတင်တာဝန်ပေး
ရွေးကောက်ပွဲသပိတ် NLD လူငယ်တွေကို စတင်တာဝန်ပေး

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်အစိုးရက ကြေညာထားတာမို့ တလခွဲလောက်ပဲ လိုတော့တာ ဖြစ်ပါတယ်။ အခုလိုအချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီရွေးကောက်ပွဲကို မဲမထည့်ဘဲ သပိတ်မှောက် ဆန့်ကျင်ကြဖို့အတွက် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်က လူငယ်တွေကို တာဝန်ပေးအပ်နေပြီ ဖြစ်ပါတယ်။ ဒီလို တာဝန်ပေးအပ်တာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေရဲ့ ဒီလ ၉ ရက်နေ့က စတင်ခဲ့တဲ့ မန္တလေး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း ခရီးစဉ်တွေမှာ စတင် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးကို ဦးမတည်တာကြောင့် ဆိုပြီး သြဂုတ်လ ၁၉ ရက်နေ့က လာမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို သပိတ်မှောက်တာဟာ ရွေးကောက်ပွဲ ကော်မရှင် နည်းဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ပြည်သူတွေဟာ မိမိတို့ ပိုင်ခွင့်အရ မဲမပေးဘဲ နေလိုက နေနိုင်တယ်ဆိုတဲ့ အချက်အရ ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲ သပိတ်မှောက်ရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်ဖို့အတွက် ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ မန္တလေး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတွေဆီကို ဒီလ ၉ ရက်နေ့က စတင်သွားရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်မှာပဲ ရွေးကောက်ပွဲ သပိတ်မှောက်ရာမှာ ပြည်သူလူထုပါ ပါဝင်လာစေဖို့အတွက် အဖွဲ့ချုပ် လူငယ်တွေကို တာဝန်ပေးအပ်နေပြီ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကို ရောက်ရှိနေတဲ့ လူငယ်ခေါင်းဆောင် ကိုမျိုးညွန့်က ပြောပါတယ်။

“အဓိက လူကြီးတွေဖြစ်တဲ့ အန်ကယ် ဦးအုန်းကြိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို လာပြီး ရှင်းလင်းတင်ပြတာ။ ကျနော်တို့က လူငယ်တွေကိစ္စ အနေနဲ့ ကျနော်က တာဝန်ခံတယောက် အနေနဲ့ စစ်ကိုင်းတိုင်းမှာ ရှိနေတဲ့ လူငယ်တွေကို လာပြီး တာဝန်ပေးတာ။ ဘာတာဝန်လဲလို့ ပြောရင် ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးခြင်းဖြင့် သပိတ်မှောက်ဖို့အတွက် ကျနော်တို့ လူငယ်တွေကို ဒီဟာနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ရှင်းလင်းဖို့ ဆိုပြီးတော့ လာတာဝန်ပေးတာ။ အဓိကကတော့ ဒါပါပဲ။”

ဒီကနေ့ ရွှေဘိုမြို့မှာ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာတော့ ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၇ မြို့နယ်က ကိုယ်စားလှယ်တွေ လာရောက်ခဲ့တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်တွေကတော့ မိတ္ထီလာ၊ မန္တလေး၊ လားရှိုးမြို့တွေကို သွားရောက်ခဲ့ပြီး ဆွေးနွေးခဲ့ရာမှာ အားလုံးက သပိတ်မှောက်ရေး ကိစ္စကို လူထုအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိလာအောင် ဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်မြင့်မြင့်အေးကတော့ သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“သပိတ်မှောက်တယ်ဆိုတဲ့ ကိစ္စမှာ သေချာပြင်ဆင်ပြီးတော့ ပြုလုပ်ဖို့ဆိုတာ ဗဟိုမှာတော့ တာဝန်အများကြီး ရှိတယ်လို့ ယူဆပါတယ်။ ဗဟိုက ညွှန်ကြားချက်ပေါ်မှာ လုပ်မှသာလျှင် အောင်မြင်မယ်လို့လည်း ကျမတို့က မြင်ပါတယ်။ ဗဟိုကနေ တာဝန်ပေးမယ်ဆိုရင် တနိုင်ငံလုံးမှာရှိတဲ့ တိုင်းနဲ့ပြည်နယ် မြို့နယ်တွေ အားလုံးက ပါဝင်လာမှာလို့လည်း ကျမတို့က ပြောနိုင်ပါတယ်။”

လာမယ့် ရက်တွေမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ ရခိုင်ပြည်နယ်ဘက်ကို သွားရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လတွေ အတွင်းကလည်း ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း စတဲ့ ခေါင်းဆောင်တွေဟာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ် စတဲ့ ဒေသဘက်တွေကို သွားရောက်ခဲ့ပြီး ပါတီရပ်တည်ချက်နဲ့ ပတ်သက်ပြီး ရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပါတီတွေ စုပေါင်းဖွဲ့စည်းထားတဲ့ CRPP ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကလည်း လာမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားပါတယ်။

မြန်မာစစ်အစိုးရထုတ် သတင်းစာတွေကတော့ ရွေးကောက်ပွဲမှာ မဲမထည့်ဖို့ လှုံ့ဆော်နေသူတွေကို ရှုတ်ချထားပြီး ရွေးကောက်ပွဲမှာ မဲမပေးဘူးဆိုရင် ပြည်သူတွေဟာ တာဝန်မဲ့ရာ ရောက်တယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG