သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ဆွေးနွေးခဲ့တဲ့ လူငယ်အချို့ အမျိုးသားလူငယ်ကွန်ယက် ဖွဲ့စည်း


A church is surrounded by blossoming fields of oilseed rape at the village of Strupcice, near the city of Most, Czech Republic.
A church is surrounded by blossoming fields of oilseed rape at the village of Strupcice, near the city of Most, Czech Republic.

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲအပြီး ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့သူထဲက လူငယ်တချို့ဟာ အမျိူးသားလူငယ် ကွန်ယက် ဆိုတဲ့အဖွဲ့တခုကို ထူထောင်လိုက်ပါတယ်။ လူငယ်အချင်းချင်းကြား အပြန်အလှန် ဆက်သွယ်နိုင်မယ့် ဒီကွန်ယက်ကနေ လူမှုရေးနဲ့အတူ နိုင်ငံရေး ဆိုင်ရာတွေမှာပါ ပူးပေါင်းဆောင်ရွက်သွားဖို့ ကြိုးစားသွားမယ်လို့လည်း အဖွဲ့ဦးဆောင်သူတွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေတွေ့ဆုံခဲ့တဲ့ ဆွေးနွေးမှုတွေကနေ လူငယ်တွေကြား လူမှုရေး နိုင်ငံရေးအသိစိတ်ဓါတ်တွေ ပိုပြီး တက်ကြွနိုးကြားလာရာကနေ အခုလို အမျိူသားလူငယ်ကွန်ယက်ဆိုတဲ့ အဖွဲ့ကို စတင်ဖြစ်ခဲ့တာလို့ ဒီလူငယ်ကွန်ယက်အဖွဲကို ဦးဆောင်သူတွေက ပြောပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီစံနစ်တရပ် နိုင်ငံမှာ ဖြစ်ထွန်းလာဖို့ လူထုကွန်ယက်ကြီးတခု ထူထောင် လှုပ်ရှားဖို့ကိုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာအခြေခံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ လူငယ်တွေထဲက တချို့ စုပေါင်းပြီး အခု ကွန်ယက်က လူငယ်အချင်းချင်းကြား အပြန်အလှန် ဆက်သွယ်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဒီလူငယ်ကွန်ယက်အဖွဲ့ကို ဦးဆောင်သူတဦးဖြစ်တဲ့ ကိုမျိူးရန်နောင်သိန်းက ပြောပါတယ်။

“ဒီအဖွဲ့လေး ဖြစ်လာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ယုံကြည်တဲ့အပေါ်မှာ ဖြစ်ပေါ်လာတာပဲ။ အန်တီပြောတယ်လေ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ရမယ်။ ဆိုတော့ ဘယ်လိုဖွင့်မလဲ။ ခောတ်ကလည်း အိုင်တီ ခောတ်ဆိုတော့ ကျနော်တို့ အိုင်တီနဲ့ ဖေ့စ်ဘုက်လေးတခု လုပ်ကြမယ်။ ဂူးဂဲလ် အဖွဲ့တွေ လုပ်ကြမယ်ပေါ့။ အဲဒီလို ပြောဖြစ်ကြတယ်။ ပထမဦးဆုံးကတော့ အဖွဲ့ချင်းအလိုက် စဉ်းစားထားတာ ကတော့ အဖွဲ့ချင်းအလိုက် ကိုယ့်အလုပ်တွေ ကိုယ်လုပ်မယ်။ ကိုယ့်အဖွဲ့နဲ့လုပ်တဲ့ဟာတွေကို အပြန်အလှန် သတင်းပေးကြမယ်။ ပြီးလို့ရှိရင် တဖက်နဲ့တဖက် လိုအပ်တာတွေကို capacity building ပေါ့။ အပြန်အလှန် ကူညီတဲ့ သူလိုအပ်တာ ကိုယ်ဖြည့်ပေး၊ ကိုယ်လိုအပ်တာ သူဖြည့်ပေးဆိုတဲ့ဟာမျိုး လုပ်ကြမယ်။ နောက်ပြီးတော့ ကွန်ယက်ကြီးတခုလုံးအနေနဲ့ကတော့ တလတခါ ဖြစ်စေ၊ ၂ လတခါဖြစ်စေ အလှူအတန်း လုပ်တဲ့ဟာမျိုးတို့ သွေးလှူတဲ့ဟာမျိုးတို့ အဲဒီလို လူမှုရေးလုပ်ငန်းတွေ စလုပ်မယ်လို့ ကျနော်တို့ ရည်ရွယ်ထားတယ်။ အသေးစိတ်ကတော့ ကျနော်တို့က မလုပ်ရသေးဘူး။”

ဒီလူငယ်ကွန်ယက်အဖွဲ့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က စတင်ထူထောင်ခဲ့ပြီး မနေ့ ၆ ရက်နေ့ကနေစပြီး စတင်လှုပ်ရှားနေပြီလို့လည်း သူက ပြောပါတယ်။

“ရန်ကုန်ပတ်ဝန်းကျင်က လူငယ်တွေပေါ့။ ပဲခူးကပါတယ်။ သံလျင်ကပါတယ်။ ကျောက်တန်းကပါတယ်။ နေရာအစုံပဲ။ ခရမ်းကပါတယ်၊ သုံးခွကပါတယ်။ ရန်ကုန်မြို့တွင်းကတော့ အဖွဲ့မျိုးစုံပေါ့။ နောက်တခုက ကျတော့လည်း နယ်ဝေးမှာရှိတဲ့လူငယ်တွေ ရန်ကုန်ကိုမလာနိုင်ဘူးဗျာ။ ဒါပေမဲ့ ဒီအဖွဲ့ထဲမှာပါချင်တယ် ဆိုလို့ရှိရင်လည်း သူတို့တွေ ပါဝင်ခွင့်ရှိရမယ်။ ဒီအတွက်ကိုလည်း ကျနော်တို့ စဉ်းစားတယ်။ ပြီးတော့ ရန်ကုန်အနေနဲ့ဆိုရင်လည်း ကျနော်တို့ အဖွဲ့ ၃၀ ကျော်ကျော်လောက် ရှိတယ်။ နယ်ကနေ လာချိတ်တယ် ဆိုလို့ရှိရင် ကျနော်တို့ အခုလောလောဆယ်မှာ အဖွဲ့တွေ အများကြီးပဲဗျ။ ကျနော်ထင်တယ်။ အခု အဖွဲ့ ၆၀ ကနေ ၇၀ လောက်ကို ချိတ်ဆက်ထားတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဒါလေးကို ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန် ဆက်လုပ်မလဲဆိုတာကတော့ network ကတော့ ချဲ့သွားမှာပဲ။ ဒါပေမဲ့ ဘာတွေ ဆက်လုပ်မလဲဆိုတာကို ပြောဖို့ကတော့ စောသေးတယ်။ ပထမဦးဆုံး ကနဦးခြေလှမ်းအစကတော့ လူမှုရေးလုပ်ငန်းပဲ။”

အမျိူးသား လူငယ်ကွန်ယက်အဖွဲ့ကို ဦးဆောင်သူထဲက တဦးဖြစ်တဲ့ ကိုမျိုူးရန်နောင်သိန်း ပြောပြခဲ့တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နယ်မြို့ အသီးသီးက လူငယ်တွေနဲ့တွေ့ဆုံပြီး နိုင်ငံရေး၊ လူမှုရေးနဲ့ ပညာရေးဆိုင်ရာ အခြေအနေတွေအပြင် အခြား နိုင်ငံရေးရာကိစ္စများအပေါ် ဆွေးနွေးခဲ့ကြပါတယ်။ ဒီမိုကရေရရှိရေး ဆိုတဲ့ ပန်းတိုင်ကြီးကို သွားနိုင်ဖို့အတွက် လူမှုရေးကွန်ယက်ကြီးကနေ လှုပ်ရှား ဆက်သွယ်သွားဖို့ ကြိူးစားနေတဲ့ NLD ပါတီအဖို့ အခုလို လူငယ်ကွန်ယက်တခု ဖြစ်လာတာ ကြိုဆိုတယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့ကိုဖွဲ့ဖို့ တရားဝင် ညွှန်ကြားထားတာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

“NLD အနေနဲ့ အဲဒီလိုလုပ်ပါဆိုပြီး စာနဲ့ပေနဲ့ ဒါမှမဟုတ် တရားဝင်ခေါ်ပြီးတော့ ပြောခိုင်းတာ လုပ်ခိုင်းတာတော့ မရှိဘူး။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေနဲ့တွေ့ဆုံတဲ့ပွဲမှာ ပြောခဲ့တာက လူငယ်တွေအချင်းချင်းပဲဖြစ်ဖြစ်၊ လူငယ်နဲ့ အဖွဲ့ချုပ်ပဲဖြစ်ဖြစ်၊ ကျန်တဲ့တိုင်းနဲ့ပြည်နယ် တိုင်းရင်းသားတွေနဲ့ပဲ ဖြစ်ဖြစ် အမြဲတမ်း ဆက်သွယ်ရေး ကောင်းနေရမယ်။ ဆက်သွယ်ရေး ကောင်းမှသာ ဒီကွန်ယက်ကလည်း ဖြစ်လာမှာ။ အားလုံးက မြန်မာနိုင်ငံရေးကို အားလုံးစိတ်ဝင်စားလာအောင် တဦးနဲ့တဦး အဆက်အသွယ် ရှိနေဖို့ အရေးကြီးတယ်လို့ အဲဒီလို ပြောခဲ့တယ်။ အဲဒါအပေါ်မှာ ဆောင်ရွက်တာလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကွန်ယက်ဖွဲ့တာကို အဲန်ကယ်လ်တို့ ကြိုဆိုရမှာပဲ။ ကွန်ယက်ဖွဲ့တာကလည်း တဦးနဲ့တဦး ဆက်သွယ်နိုင်ဖို့ ဆောင်ရွက်တာ၊ အားလုံး တဦးနဲ့တဦး ဒီလိုပဲ ဆက်သွယ်မှုရှိနေဖို့က အရေးကြီးတဲ့ကိစ္စ လို့လည်း အဲန်ကယ်လ်တို့ ထင်ပါတယ်။”

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG