သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရပ်တည်ခွင့်ပယ်ချမှု လူ့အခွင့်ရေးညီလာခံတင်မည်


NLD ရပ်တည်ခွင့်ပယ်ချမှု လူ့အခွင့်ရေးညီလာခံတင်မည်
NLD ရပ်တည်ခွင့်ပယ်ချမှု လူ့အခွင့်ရေးညီလာခံတင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး အတွက် အထူးအယူခံဝင်ထားတဲ့ကိစ္စကို နေပြည်တော် တရားရုံးချုပ်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းပြီး နိုင်ငံတကာ ဥပဒေနည်းလမ်းအရ ဆက်လက် ကြိုးပမ်းသွားမယ်လို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီအမှုကို ဒီကနေ့မနက်ကပဲ နေပြည်တော်တရားရုံးချုပ်မှာ တရားသူကြီးချုပ် ဦးအောင်တိုးနဲ့အဖွဲ့က ပယ်ချလိုက်တဲ့အကြောင်း ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီကနေ့မနက် ၁၀ နာရီမှာ ကျနော်တို့အမှုနဲ့ပတ်သက်ပြီးတော့ တရားသူကြီးချုပ် ဦးအောင်တိုးရယ်၊ ဒု-ချုပ် ဦးထွန်းထွန်းဦးရယ်၊ ဦးချစ်နွယ်ရယ် သုံးယောက်ပါ။ သူတို့ ဒီကနေ့အမိန့်ချပါတယ်။ ကျနော်တို့က ဥပဒေပြဿနာ ၅ ရပ်ရှိတယ်။ အရေးယူလောက်တဲ့ ဥပဒေပြဿနာဆိုပြီး အဲဒီလိုတင်ပြတာကို ဒီပြဿနာတွေ မရှိပါဘူးဆိုပြီးတော့ ကျနော်တို့ရဲ့ လျှောက်လွှာကို ပယ်လိုက်တာပါ။”

အခု ပယ်လိုက်ပြီဆိုတော့ ဒီကိစ္စက ဥပဒေလမ်းကြောင်းအရ ပြီးသွားပြီလား။ -

“ဥပဒေလမ်းကြောင်းအရ အယူခံခွင့် အခွင့်အရေးတွေက နောက်ဆုံး ဖြစ်သွားပါပြီ။”

ကျနော်တို့ တဖက်မှာကြားရတာက နိုင်ငံတော်တရားသူကြီးချုပ်ထံမှာ ထပ်ပြီးတော့ အယူခံခွင့်ရှိသေးတယ် ဆိုလားလို့ပါခင်ဗျား။ -

“ဒီလိုပါ။ အဲဒီဟာက တရားသူကြီးချုပ်မှာ ချွင်းချက်အာဏာတွေ ရှိတယ်။ ဒါပေမဲ့ ဒါဟာ တရားသူကြီးကို အယူခံခွင့်အခွင့်အရေး မဟုတ်ပါဘူး။ ဒီဟာလည်း ကျနော်တို့ လျှောက်မှာမဟုတ်ပါဘူး။”

တကယ်လို့ တရားသူကြီးချုပ်ထံမှာ လျှောက်လဲချက်ပေးချင်တယ်ဆိုရင်တော့ ပေးခွင့်ရှိသေးတယ် ဆိုတဲ့သဘောပေါ့။ -

“ဟုတ်တယ်။ ကျနော်တို့ လျှောက်လွှာတင်ရင်လည်း တင်နိုင်တာမဟုတ်ဘူး။ တင်တင် မတင်တင် သူပြင်နိုင်တယ်။ သူ့မှာ ဒီဥစ္စာက ဥပဒေအရပေးထားတာ။ အဲဒီတော့ ဒါဟာ အယူခံအခွင့်အရေး မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ မလျှောက်ဘူး။”

NLD ဗဟိုဥပဒေ အထောက်ကူပြုအဖွဲ့ဝင်လည်းဖြစ်၊ ဒီအမှုကိစ္စကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာ ဥပဒေလမ်းကြောင်းအရ ဒီကိစ္စကို ရှေ့ဆက်လုပ်စရာ မရှိတော့ပေမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းပြီး လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမယ်လို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ဒါက ကျနော်တို့က ပြီးသွားပြီဆိုရင်တော့ အထက်ရုံးတရားရုံး ပြီးသွားပြီဆိုရင်တော့ ကျနော်တို့ နိုင်ငံတကာနဲ့ပတ်သက်ပြီး လုပ်နိုင်အောင်လို့တော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ဒီဟာနဲ့ပတ်သက်တာအားလုံး မျှတမှုမရှိကြောင်းကိုတော့ ကျနော်တို့ဘက်က အထောက်အထားအပြည့်စုံနဲ့ တင်ရမှာပေါ့ဗျာ။ အဲဒီလို တင်ဖို့ပဲ ဆုံးဖြတ်တယ်။ စိတ်ကူးတယ်လေ။ အဲဒီတော့ ဒါကတော့ တင်ဖြစ်သွားမယ်လို့ ကျနော်တို့က တွက်ဆထားပါတယ်။”

ပြည်တွင်းမှာ ဥပဒေလမ်းကြောင်းအရ ဆက်ပြီးအလုပ်လုပ်လို့မရတဲ့နောက်ဆုံး နိုင်ငံတကာမှာရှိတဲ့ ဥပဒေလမ်းကြောင်းတွေနဲ့ ဒီကိစ္စကို ဆက်ပြီး ဆောက်ရွက်သွားမယ်ဆိုတဲ့ သဘောလားခင်ဗျ။ -

“ဟုတ်တယ်။ အဲဒါကတော့ အခုရှိသမျှ ဒီဥပဒေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို အပြည့်စုံ လုပ်ထားတာ အသင့်ရှိပြီးသားဖြစ်တယ်။ အဲဒါကို ဦးဉာဏ်ဝင်းတို့ ပြန်ရောက်လာပြီးရင် ဒီကိစ္စနဲ့ပတ်သက်တာအားလုံး အမြန်ဆုံး ကုလသမဂ္ဂမှာ အခုလုပ်နေတဲ့ လူ့အခွင့်အရေးကောင်စီကို အမြန်ဆုံးရောက်အောင် ကြိုးစားပြီး တင်မယ့်သဘောပေါ့။ အဲဒါပေါ့။ လူ့အခွင့်အရေးကောင်စီနဲ့ သွားရတော့မယ့်သဘောပါပဲလေ။”

အဲဒီတော့ ဒီကိစ္စ ရက်ပိုင်းအတွင်း ဖြစ်လာမယ်ပေါ့။ -

“ဟုတ်တယ်။ အဲဒါ ကျနော်တို့ ပြန်လာမယ့်လူတွေ စောင့်နေတာ။ ကျနော်တို့ ကော်မတီထိုင်ပြီးရင် ချက်ချင်းကို မြန်မြန်ဆန်ဆန်ကို လုပ်မယ်ခင်ဗျ။”

ဒါပေမဲ့ ဒီကြားထဲမှာ အဲဒီဟာကိုတင်ထားတဲ့ အတော်အတွင်းမှာ NLD ရဲ့ ရပ်တည်ချက်က ဘယ်လိုဖြစ်သွားမလဲ။ -

“ဒီအတိုင်းပဲဖြစ်မယ်။ NLD နဲ့ပတ်သက်ရင် ဒီအတိုင်းပဲနေမှာပဲလေ။ လုပ်စရာရှိတာ လုပ်နေမှာပဲပေါ့။ ကျနော်တို့က အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်နေတဲ့ဟာပဲ။ လုပ်နေမယ့်ကိစ္စအ၀၀ကလည်းပဲ ဒီနေ့ လုပ်နေသမျှ အားလုံးဟာလည်း လူထုအကျိုးပြု အထောက်အကူပြုတဲ့ နိုင်ငံရေးပဲ လုပ်နေတာပဲလေ။”

တကယ်လို့ နိုင်ငံတကာ ဥပဒေလမ်းကြောင်းအရလည်း လုပ်ရတာမဖြစ်နိုင်တော့ဘူး ဆိုရင်လည်း ဒီအတိုင်းပဲ ဆက်ပြီး ရပ်တည်သွားမလား။ -

“အဓိက ကတော့ ရှင်းနေပါတယ်လေ။ ကျနော်တို့ရဲ့ အဖွဲ့အစည်းက ကျနော်တို့ကို ဘယ်လိုပဲ ပျက်တယ်ပြုတယ် တရားရုံးကဖြစ်တယ် ပြောသော်လည်းပဲ ဥပဒေလမ်းကြောင်းအရ လုပ်နိုင်တာအားလုံးကို ကျနော်တို့ လုပ်ဖို့ကြိုးစားရမှာပေါ့။ အထူးသဖြင့်ကတော့ဗျာ အဓိကအင်အားကတော့ ပြည်သူလူထုပဲ။ ဒီနေ့ ပြည်သူလူထုနဲ့ ပတ်သက်တာ အားလုံးကို ကျနော်တို့က ထဲထဲဝင်ဝင်ပေါ့။ ဒါ လူမှုရေး၊ နိုင်ငံရေးကိစ္စရော လုပ်ကိုင်ပေးနေတာပဲ။ အဲဒီတော့ လူထုရဲ့ ထောက်ခံအားပေးမှုကြောင့် ကျနော်တို့ လုံးပမ်းနေတယ်လေ။ အဲဒီ လူထုထောက်ခံမှု အားလုံးရရင် ကျနော်တို့ဟာ ဒီအတိုင်းပဲ မားမားမတ်မတ် ရပ်တည်သွားနိုင်တယ်ပေါ့။ ဒီလိုပြောရအောင်ဗျာ၊ မယိမ်းမယိုင် ကျောက်တိုင်ကဲ့သို့ မတုံမလှုပ် ဆက်လက်ပြီးတော့ အေးချမ်းငြိမ်းချမ်းစွာ နည်းလမ်းများကို ရှာကြံပြီးဆောင်ရွက်သွားမယ် ဆိုတဲ့သဘောပဲ။ ဒါပါပဲ။”

တဖက်မှာ NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်နဲ့ ဆက်လက် ရပ်တည်ခွင့်ရရေးအတွက် နိုင်ငံတကာဥပဒေတွေ နည်းလမ်းအရတွေရော ဆက်ပြီးတော့ကြိုးစားနေတဲ့ တချိန်တည်းမှာပဲ မကြာခင်မှာ အစိုးရသစ်တရပ် ကလည်း ပေါ်တော့မယ်ဆိုတော့ ဒီအစိုးရသစ်နဲ့ရော တွေ့ဆုံဆွေးနွေးရေးကိစ္စတွေကို တဖက်မှာလုပ်ဖို့အစီအစဉ် ရှိပါသလားခင်ဗျ။ -

“အမှန်ကတော့ ကျနော်တို့က အမြဲတမ်း တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်တာကို ဖွင့်ထားတာပဲလေ။ ဆွေးနွေးပွဲကို ခေါ်တယ်ဆိုရင် ကျနော်တို့က အသင့်ပဲလေ။ ကျနော်တို့ ဆွေးနွေးမှာပေါ့။”

သဘောက သူတို့နဲ့ဆွေးနွေးပြီး အဆင်ပြေသွားရင် ပိုပြီးတော့ကောင်းတာပေါ့။ -

“ကောင်းတာပေါ့။ သိပ်ကောင်းတာပေါ့ဗျ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောပေါင်းများပါပြီ။ ကျနော်တို့ အခုလို အချိန်မျိုးမှာ တိုင်းပြည်အတွက် အကျိုးရှိရာရှိကြောင်း ညီရာညီကြောင်း ဒါတွေကို ကျနော်တို့ လုပ်ကိုင်သွားနိုင်တဲ့ ဟာတွေ ရှိတယ်။ ဒါတွေကို ဆွေးနွေးပြီး လုပ်ကိုင်လို့ရတယ်လို့ အမြဲတမ်း သူ ဖွင့်ထားတာပဲခင်ဗျ။”

နေပြည်တော်တရားရုံးချုပ်က NLD တရားဝင်ရပ်ခွင့် အယူခံကို ပယ်ချလိုက်ပြီးနောက် ရှေ့ဘာဆက်လုပ်မယ် ဆိုတာတွေကို ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြောပြခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့တဲ့အတွက် စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရည်တည်ခွင့် မရတော့သလို ဖြစ်သွားစေခဲ့တဲ့အတွက် ဒီကိစ္စကို NLD က တရားစွဲဆိုပြီး အကြိမ်ကြိမ် အယူခံဝင်ခဲ့ပေမဲ့ စစ်အစိုးရအာဏာပိုင်တွေက အခု နောက်ဆုံးအဆင့် အယူခံကိုပါ ပယ်ချလိုက်တာဖြစ်ပါတယ်။

နှစ်ဖက် အကျိုးဆောင်ရှေ့နေတွေရဲ့ နောက်ဆုံး လျှောက်လဲချက်တွေကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော် တရားရုံးချုပ်မှာ တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG