သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကိုယ်စားလှယ်လောင်း ရွေး ချယ်မှု ပြန်လည်ပြင်ဆင်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး ခရီးစဉ်။ (၂၀၁၅)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး ခရီးစဉ်။ (၂၀၁၅)

အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှု နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ် လာပြီးနောက်မှာ ကိုယ်စားလှယ်လောင်း နေရာတချို့ ကို ပြန်လည် ပြင်ဆင်မယ်လို့ ပါတီက ပြောဆိုလိုက်ပါတယ်။ ၈၈ မျိုးဆက်တို့ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို ပါတီဘက်က အသိအမှတ်ပြုသလို လက်ရှိ ကိုယ်စားလှယ်လောင်း ရွေးချယ် မှုကြောင့် ဝေဖန်မှုတွေ ရှိနေပေမယ့် ပါတီတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်မှု မရှိဘူးလို့ လည်း ပြောဆိုလိုက်ပါတယ်။ မသိဂီ ၤထိုက် ဆက်သွယ်မေးမြန်း ထားပါတယ်။

အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က လာမယ့် ရွေးကောက်ပွဲ အတွက် ပါတီရဲ့ အမတ်လောင်းတွေ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် လာခဲ့ပြီးနောက် မှာတော့ ရွေးချယ်ထားပြီးသား ကိုယ်စားလှယ်လောင်း ၅ နေရာ ကို ပြန်လည် ပြင်ဆင်မယ် လို့ ပြောဆိုလိုက်ပါတယ်။ ပါတီရဲ့ ဗဟို အလုပ် အမှုဆောင် တဦးလည်းဖြစ် ပါတီရဲ့ ပြောခွင့်ရသူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

" လေး ငါးနေရာလောက် ပြင်ဖို့ ရှိပါတယ်။ ကျနော်တို့က အောက်ခြေက တင်လာတဲ့ စာရင်းရဲ့ ၇၅% ကို ကျနော်တို့ အတည်ပြုပါတယ်။ ကျနော်တို့ အတည်မပြုဘဲ ပြုပြင်ပြောင်းလဲမှု လုပ်တာကတော့ ၂၅% လောက်ပဲ ရှိပါတယ်။ အဲ့တာကြောင့် နောက်တခုက ကျနော်တို့ ပါတီအနေနဲ့က သိပ်မကြာခင် လွန်ခဲ့တဲ့ နှစ်က လုပ်ခဲ့တဲ့ ညီလာခံမှာ ဒီလို အတွေ့အကြုံတွေရှိပါတယ်။

ဒါက လူတိုင်းရဲ့လွတ်လပ်ခွင့်အရ ပြောကြဆိုကြ ဝေဖန်ကြတယ်။ မကျေနပ်ဘူးလို့ပြောကြတယာ။ ဒါကတော့ သူတို့ပြောတာတွေကလည်း သဘာဝကျတယ်လို့ ထင်ပါတယ်။ တရားဝင် တယောက်မှ ကျနော် မတွေ့သေးပါဘူး။ ဒီနေ့တွေ့မယ်လို့ ပြောသံဆိုသံတော့ ကြားပါတယ်။"

ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို မြို့နယ်တွေက တင်ပြထားတဲ့ စာရင်းအတိုင်း အများစုကို ရွေးချယ်တာ ဖြစ်ပြီး ဗဟိုကော်မတီက အနည်းစုကို ဘဲ ရွေးချယ် တာ ဖြစ်တယ် လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမယ့် အများက မျှော်လင့် ထားသလို ၈၈ မျိုးဆက် ခေါင်းဆောင် တချို့ အပါအဝင် လူသိများတဲ့ နိုင်ငံရေး သမား တချို့ကို ပါတီ ကိုယ်စားလှယ်လောင်း မရွေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ အတော်လေး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်ကတော့ ၈၈ မျိုးဆက်တို့ရဲ့ နိုင်ငံရေး အင်အားကို အသိအမှတ်ပြုတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခု အသစ် ထပ်ရွေးမယ့်အထဲမှာ ၈၈ မျိုးဆက်တို့ထဲက ပါမပါကိုတော့ ဦးညဏ်ဝင်းက မပြောပါဘူး။

"ကျနော်တို့က ကျနော်တို့ပါတီကနော် မည်သူမဆို လျှောက်နိုင်တယ်။ လျှောက်ခွင့်ကို မပိတ်ထားပါဘူး။ အဲ့တော့ နိုင်ငံရေးအရ ၈၈ကို ဘယ်လိုသဘောထားလဲဆိုလို့ရှိရင် ကျနော်တို့ ၈၈က အင်အားတရပ်ဖြစ်တယ်ဆိုတာ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ကျန်တာ ကျနော်တို့ ဘာမှ မှတ်ချက်ပေးစရာမရှိပါဘူး။"

အခုချိန်ထိတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံကို အပြီးသတ် မတင်နိုင်သေးပါဘူး။ ဒါ့အပြင် လာမယ့် ရွေးကောက်ပွဲမှာ ပြည်နယ်တွေထဲက မြို့နယ် ၁၀ မြို့နယ်မှာတော့ NLD အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာ မဟုတ်သလို အခုချိန်ထိလည်း တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ၊ တခြား နိုင်ငံရေး ပါတီတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း မရှိသေးပါဘူး။

နိုင်ငံတဝန်း ရေဘေးတွေ့နေတာကြောင့်လည်း ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုရော မဲဆန္ဒရှင် စာရင်း စိစစ်မှုတွေပါ တုံ့နှေး သွားရတယ် လို့လည်း ပါတီက ပြောပါတယ်။ လက်ရှိမှာတော့ ရွေးကောက်ပွဲ ထက် ရေဘေး ကူညီရေးကိုပါ လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။

XS
SM
MD
LG