အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရသစ်၂ နှစ်ကျော်ကာလအတွင်းမှာ အဖွဲ့ချုပ်ရဲ့ လွှတ်တော် အမတ်တွေကို ပါတီစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့အတွက် အရေးယူတာဟာ ၃၈ ဦးခန့် ရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားတွေကို လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားမှုတွေနဲ့ အဂတိလိုက်စားမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်သင့်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ဒီအကြောင်း အပြည့် အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကို ဧပြီ ၂၂ ရက်က ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးအပြီးမှာ ပြည်ထောင်စုအဆင့် လွှတ်တော် အမတ် ၁ ဦးနဲ့ တိုင်းဒေသကြီး လွှတ်တော်အမတ် ၂ ဦးကို အရေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အရပ်သားအစိုးရသစ်တက်လာတာ ၂ နှစ်ကျော်ရှိလာတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်ကြားစာ ဌာနသို့ ရောက်ရှိလာတဲ့ တိုင်ကြားစာ ၂၀၀ ကျော်ကို စီစစ်ပြီး အရေးယူဆောင်ရွက်တာ တွေလုပ်ခဲ့တာမှာ လက်ရှိအချိန်ထိ လွတ်တော်အမတ် ၃၈ ဦးခန့်ကို အရေး ယူဆောင်ရွက်ခဲ့ပါတယ်။
လွှတ်တော်အမတ်တွေဟာ လုပ်ထုံးလုပ်နည်းတွေအတိုင်း မဆောင်ရွက်တာတွေ ငွေကြေးစနစ်တကျ မသုံးစွဲတာတွေရှိသလို အများစုက ပါတီဝင်အချင်းချင်းပြန်လည် တိုင်ကြားတာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။
"၃၈ ဦးလောက်ရှိပြီလို့ ကျွန်တော်မှန်းထားတာ သေချာမရေထားလိုက်မိဘူး။ အများစုက ပါတီဝင်အချင်းချင်းပဲ ပြန်တိုင်ကြတာများပါတယ်။ အဓိက ကတော့ လုပ်ငန်းတွေလုပ်ဆောင်ရာမှာ လုပ်ထုံးလုပ်နည်းတွေ အတိုင်း စည်းကမ်းမလိုက်နာဘူး။ ငွေကြေးကိုင်တွယ်သုံးစွဲတာမှာ စနစ်တကျအသင်းအဖွဲ့နဲ့ ဖွဲ့စည်းပြီးသုံးစွဲတာ ငွေစာရင်း စနစ်တကျထားရှိပြီးတော့ ရှင်းလင်းတင်ပြနိုင်တာမရှိတာ နောက်လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ အပြုအမူအပြောအဆိုတွေ အတွက် ကျွန်တော်တို့က အရေးယူတာပါ။"
လက်ရှိမှာတော့ ကျန်ရှိနေတဲ့ တိုင်ကြားစာတွေကို ဆက်လက်စီစစ်ပြီး အရေးယူဆောင်ရွက်တာတွေ ဆက်လက်ပြုလုပ်မယ်လို့လည်း ဒေါက်တာမျိုးညွန့်ကပြောပါတယ်။
အခုလိုအရေးယူတာနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းကတော့ အာဏာရပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လုပ်ပိုင်ခွင့်အာဏာနဲ့အဂတိလိုက်စားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ထိန်းကျောင်းသင့်တယ်လို့ အကြံပြုပါတယ်။
"ကျွန်တော်ကတော့ ဒီအာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ပေါ့လေ။ ဒီပြည်သူ့လွှတ်တော်မှာ ကောအမျိုးသားလွှတ်တော်မှာကော တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်တွေမှာရှိတဲ့ လွှတ်တော်ကိုယ်စား တွေကော အားလုံးကို ပါတီရဲ့စည်းမျဉ်းစည်းကမ်းနဲ့ပေါ့နော် ထိထိရောက်ရောက် စောင့်ကြည့်အရေးယူဖို့ လိုအပ်သလို လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးမှုတွေ အဂတိလိုက်စားမှုတွေ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ထိန်းကျောင်းနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ပါတီစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတဲ့ လွှတ်တော်အမတ်တွေကို ခေါ်ယူအတိပေးတာတွေ ငွေဒဏ်ချမှတ်တာတွေ ပါတီကနေ အပြီးထုတ်ပယ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို အဆင့်ဆင့်ပြုလုပ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ ၊ ဦးဉာဏ်လင်းနဲ့ ဦးစိန်ဝင်းတို့ကို ပါတီကတာဝန်တွေရပ်ဆိုင်တဲ့ အရေးယူမှုပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးကိုလည်း တိုင်ကြားချက်အရ စုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့တဲ့အချိန်မှာပဲ ဦးမင်းမင်းဦးက ပါတီကနေ နှုတ်ထွက်ခဲ့ပါသေးတယ်။