သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံအရေး ကော့မှူးနဲ့ သာယာဝတီမှာ ဒေါ်စု ရှင်းမည်


NLDပါတီ ထောက်ခံအားပေးသူများ။ (ဧပြီ ၁ ၂၀၁၂)
NLDပါတီ ထောက်ခံအားပေးသူများ။ (ဧပြီ ၁ ၂၀၁၂)
အခုလာမယ့် စနေ၊ တနင်္ဂနွေတွေမှာ ၂၀၀၈ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ အဖွဲ့ချုပ် သဘောထားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လူထုနဲ့ တိုက်ရိုက် ရှင်းလင်းဆွေးနွေး မှာဖြစ်ပါတယ်။ သူ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်နဲ့ ပဲခူးတိုင်း သာယာဝတီမြို့တွေမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုသဘောထားရယူပွဲ ကျင်းပမှာဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်ပြောပြပါဦး။

ပြီးခဲ့တဲ့ လတွေကစလို့ မြန်မာနိုင်ငံတဝှမ်း ပြည်နယ်၊ တိုင်းအသီးသီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ အဖွဲ့တွေခွဲပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မလား၊ အသစ်ပြန်ရေးဆွဲမလား ဆိုတဲ့ ပြည်သူ့သဘောထားတွေ လိုက်လံရယူရာမှာတော့ ပြည်သူ ၉၀%က ပြင်ဆင်မယ်ဆိုပြီး သဘောထားပေးခဲ့ကြပြီး ၁၀% ကတော့ အသစ်ပြန်ဆင်ဖို့ သဘောထားပေးခဲ့ကြတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုထားတာဖြစ်ပါတယ်။ အခုလာမယ့်စနေ၊ တနင်္ဂနွေမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ အဖွဲ့ချုပ်ရဲ့ သဘောထားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ က လူထုနဲ့ ကိုယ်တိုင် တိုက်ရိုက်ရှင်းလင်းဆွေးနွေးမယ်လို့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဦးဆောင်ဆောင်ရွက်နေသူ ဦးဝင်းမြင့်ကပြောပါတယ်။

" မနက်ဖြန် စနေနေ့ ကော့မှူးမှာ ကျနော်တို့ဥက္ကဋ္ဌအပါအဝင် ကျနော်ရယ် ရှေ့နေဦးဌေးဦးရယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းရေး၊ အဲ့တာ ကော့မှူးမှာလုပ်မယ်။ တနင်္ဂနွေက သာယာဝတီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းရေး ဟောပြောပွဲလုပ်မယ်။"

လာမယ့် ဒီဇင်ဘာလ ၁၄ရက်နေ့ စနေနေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ လူထုဆန္ဒ သဘောထားရယူပွဲ ကျင်းပပြီးတော့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ဦးဌေးဦးတို့ ဆွေးနွေးမှာဖြစ်ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ ဒီဇင်ဘာလ ၁၅ရက်နေ့ တနင်္ဂနွေနေ့မှာလည်း ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးတင်ဦး၊ အပါအဝင် ဦးဝင်းမြင့်နဲ့ ဦးဌေးဦး(စိန်ဂျွန်း)တို့က ၂၀၀၈ အခြေခံဥပဒေဖြစ်ပေါ်လာပုံနဲ့ ဖွဲ့စည်းပုံ အတွင်း ပြင်ဆင်သင့်တဲ့ အချက်တွေကို လူထုကို ရှင်းပြဆွေးနွေးဟောပြောမယ်လို့ ကိုယ်တိုင်ဟောပြောဆွေးနွေးမယ့်သူဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"အခြေခံဥပဒေ သိကောင်းစရာတွေရှင်းမယ်။ နောက်တခါ ဒီမိုကရေစီနည်းမကျတာတွေ၊ ရှေ့နောက် မညီညွတ်တာတွေ၊ ရှင်းမယ်ဗျာ။ အဲ့တာ နေပြည်တော်မှာ ရှင်းတဲ့အတိုင်းပဲ။ အစီအစဉ်က ကိုးခုပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ဆိုင်တဲ့ အဖွဲ့ချုပ်ရဲ့ ကြေညာချက်၊ နောက် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာပုံ၊ သိကောင်းစရာတွေ ကျနော်တို့ ဆွေးနွေးမှာပါ့။

အစီအစဉ်၄ကတော့ ဦးဌေးဦးက ဒီမိုကရေစီနည်းမကျတာတွေ၊ ရှေ့နောက် မညီညွတ်တာတွေ၊ အဲ့အချက်အလက်တွေကို ရှင်းလင်းတင်ပြမှာပေါ့။ အစီအစဉ် ၅ကတော့ အဖွဲ့ချုပ်ဥက္ကဋ္ဌကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ် အဖွဲ့ချုပ်ရဲ့ မူဝါဒသဘောထားတွေကို ရှင်းလင်းတင်ပြပေးမှာပေါ့။ နောက်တခါ အစီအစဉ် ၆ကတော့ မဲဆန္ဒရှင် မိဘပြည်သူတွေကနေပြီးတော့ မရှင်းလင်းတာတွေကို ပြန်လည်မေးမြန်းတာပေါ့။

အဖွဲ့ချုပ်ရဲ့ မူသဘောတွေကို နောက်ဆုံးကျတော့ ကျနော်တို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကနေပြီးတော့ အားလုံးကို ခြုံငုံသုံးသပ်ပြီး ဆွေးနွေးပေးမှာပေါ့။"

ဒီလို ၂၀၀၈ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး အခြေအတင် အငြင်းပွားစရာတွေဖြစ်နေတဲ့ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နောက်ပြီးတော့ သုံးသပ်ဖို့အတွက် အာဏာရအင်အားကြီးပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီတွေက အမတ်တွေနဲ့ တပ်မတော်သားအမတ်တွေပါ ပါဝင်တဲ့ အဖွဲ့ဝင် (၁၀၉)ဦး ပါဝင်တဲ့ ကော်မတီကို ဇူလိုင်လ (၂၅) ရက်နေ့ ၂၀၁၃က လွှတ်တော်တွင်းမှာ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

အခုလိုမျိုး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကောက်ခံရရှိလာခဲ့တဲ့ ပြည်သူ့ သဘောထားတွေ အပြင် နိုင်ငံရေး ပါတီ အသီးသီးက ပေးလာမယ့် အကြံပြုချက်တွေ အပေါ်မူတည်ပြီး ဒီသဘောထားတွေ ကို ကော်မတီဝင် ၁၀၉ဦး ပြန်လည်ဆွေးနွေးပြီးတဲ့နောက် မဲဆန္ဒအပေါ် မူတည်ပြီး အတည်ပြုချက်ရယူမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ကြီးလေးကြီး တွေ့ဆုံ ဖလှယ် ဆွေးနွေးဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော်တွင်းက တာဝန်ရှိသူတွေ၊ နောက်နိုင်ငံတော်သမ္မတတို့ တွေ့ဆုံဆွေးနွေးရေးအတွက်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကတောင်းဆိုနေသလို သမ္မတဘက်ကလည်း စောလွန်းနေသေးတယ်လို့ အကြောင်းပြ နေချိန်လည်းဖြစ်ပါတယ်။
XS
SM
MD
LG