သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရ NLD ပါတီတွင်း ဘာတွေပြုပြင်မလဲ


NLD အစည်းအဝေး (National League for Democracy)
NLD အစည်းအဝေး (National League for Democracy)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ညီညွတ်ရေးကို ပျက်ပြားစေမယ့် ပါတီတွင်း အုပ်စုဖွဲ့တာတွေ မလုပ်ကြဖို့ ပါတီရဲ့ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။ နိုင်ငံရေးပါတီဖြစ်တဲ့အလျှောက် ပြည်သူရဲ့ ထောက်ခံမှုရမှ ရပ်တည်လို့ ရနိုင်မှာဖြစ်တဲ့အတွက် ပြည်သူကို အလုပ်ကျွေးပြုနိုင်အောင် လူထုနဲ့ ထိတွေ့နေဖို့ လိုအပ်ကြောင်းလည်း သူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကယားပြည်နယ်၊ လွိုင်လင်လေးမြို့မှာ ဖေဖော်ဝါရီလ ၁၈ ရက်၊ တနင်္ဂနွေနေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထဲကို လူ ၂,၀၀၀ ကျော် ဝင်ရောက်တဲ့ ပါတီအဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားမှာ အဖွဲ့ချုပ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ ပါတီအပေါ် ပြင်ပက ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်နေတာတွေနဲ့ ပတ်သက်လို့ ပါတီဗဟိုစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်အဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က စတင် တာဝန်ယူပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ဦးဉာဏ်ဝင်းက သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံရေးအရ မှန်ကန်မှုကို မစဉ်စားဘဲ ပါတီအတွင်း အုပ်စုဖွဲ့တာတွေ၊ သူ့လူ ကိုယ့်လူကိုဘက်ကိုဘဲ ရပ်တည် လုပ်ဆောင်နေတာတွေ တွေ့မြင်နေရတဲ့အတွက် ကယားပြည်နယ် အခမ်းအနားအတွင်း တနင်္ဂနွေနေ့က သူ့အနေနဲ့ အဲဒီလို ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ထုံးစံအတိုင်းဘဲ ကျနော်တို့ အုပ်စုဖွဲ့တာ၊ သူ့လူနဲ့ကိုယ့်လူ၊ နိုင်ငံရေးအရ မှန်ကန်မှုကို မစဉ်းစားဘူး၊ ကိုယ့်လူဘဲ ဘယ်သူ့ဘက်က ရပ်မယ်၊ သူတို့ကတော့ ငါတို့နဲ့ ဘာတူတယ်၊ ညာတူတယ် ဒီလို စိတ်ကူးမျိုးတွေဟာ ကျနော်တို့ ညီညွတ်ရေးအတွက် ထိခိုက်တယ်လေ။ အဲ ဒါမျိုးတွေ မရှိဘဲနဲ့ စိတ်ရှည်သည်းခံပြီး ညီညွတ်ရေးလုပ်ဖို့ ကျနော် တိုက်တွန်းတာ။”

မေး။ ။ ဟုတ်ကဲ့၊ ပါတီတွင်းမှာ အုပ်စုဖွဲ့ကြတဲ့ အနေအထားမျိုးတွေကို မြင်ရ၊ ကြားရလို့လား။

ဦးဉာဏ်ဝင်း။ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။”

အခုနောက်ပိုင်း အဖွဲ့ချုပ်ရဲ့ ရပ်တည်၊ လုပ်ဆောင်ချက်တွေ အပါအဝင် NLD အစိုးရရဲ့ မူဝါဒတွေအပေါ် အပြင်မှာ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ် နေတာတွေကိုလည်း သူ့အနေနဲ့ ကြားသိနေရကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဲဒါ ကြားတာလည်း ပါတာပေါ့။ ကျနော်တို့က ပါတီထဲမှာ ရှိနေတော့ ပါတီတွင်းမှာ ဖြစ်နေတာတွေကိုလည်း ကျနော်တို့ သိနေတယ်လေ။ ဒါ့ကြောင့် အဲဒါတွေကို ပြုပြင်နိုင်အောင် ကျနော် ပြောတာပါ။”

နိုင်ငံရေးပါတီတခုဖြစ်တဲ့အတွက် လူထုကို အကျိုးပြုနိုင်မယ့် လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ကိုယ့်အချင်းချင်း ညီညွတ်ဖို့ လိုအပ်တယ် ဆိုတာကို ပါတီဝင်တွေကို အသိပေးလိုတဲ့သဘောနဲ့ ပြောဆိုခြင်းဖြစ်တယ် ဆိုတာကိုလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး ကျနော်ပြောတာ အဓိကအားဖြင့် ကျနော်တို့ နိုင်ငံရေးပါတီတရပ်ဖြစ်တဲ့ ကျနော်တို့ အဖွဲ့ချုပ်က ရှေ့ ကိုယ်လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို သွားချိန် ဒီဟာတွေကို စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊ ညီညွတ်ရေးကို ဦးတည်တဲ့ အလုပ်အကိုင်တွေ လုပ်ရမယ်။ ဒါကို ကျနော်ပြောချင်တဲ့ သဘောပါ။ ကျနော်တို့ နိုင်ငံရေးပါတီက လူထုမပါဘဲနဲ့၊ ပြည်သူမထောက်ခံဘဲနဲ့ ရပ်တည်လို့လည်း မရပါဘူး။ အဲဒီတော့ ပြည်သူ ထောက်ခံဖို့ဆိုရင် ပြည်သူတွေကို ဘာအလုပ်အကျွေး ပြုနိုင်မလဲ၊ အဲ အလုပ်အကျွေးပြုဖို့က ဘယ်ဟာက သင့်တော်တယ်ဆိုတာက ဒါ လူထုနဲ့ ထိတွေ့နေမှ။ အရေးကြီးတာက ထိတွေ့မှုတွေ အစင်အဆက်၊ အစဉ်မပြတ် ရှိနေမှ ကျနော်တို့ လူထုအကျိုးကို သယ်ဆောင်နိုင်မှာ။ အဲဒါကို ကျနော် ပြောတာပါ။”

ဒါ့အပြင် NLD ပါတီရဲ့ အဓိက နိုင်ငံရေးရည်မှန်းချက်တွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက်လည်း လက်ရှိမှာ ကြိုးစားဆောင်ရွက်နေကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“သူတို့ (တပ်မတော်) ဘက်ကလည်း တကယ် Reality ကို စဉ်းစားရမယ်။ တကယ့်အဖြစ်မှန် ဘာတွေလဲ ဆိုတာကို စဉ်းစားရမယ်။ အဖြစ်မှန်ကို မစဉ်းစားဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်မယ်၊ မထိခိုက်စေရဘူး ပြောနေလို့ရှိရင် ဒါ ပန်းတိုင်ကို ရောက်မှာမဟုတ်ဘူး။ ကျနော်တို့ လိုချင်တာလဲ အခက်အခဲက အဲဒါဘာဘဲ။ ကျနော်တို့ အာလုံး၊ တပ်မတော်အပါအဝင် အားလုံး ညီညီညွတ်ညွတ်နဲ့ အပြောင်းအလဲမျိုးကို ကျနော်တို့ လိုချင်ပါတယ်။ ဘယ်သူ့မှ မထိခိုက်စေလိုပါဘူး။ ဒါကိုလဲ အစဉ်အမြဲဘဲ နည်းလမ်းရှာနေတယ်။ ရှာလို့ရတဲ့တနေ့ ကျနော်တို့ ဒီဥစ္စာ ပြည်သူကိုလည်း အသိပေးပြီး ကျနော်တို့ လုပ်မှာပါ။”

မေး။ ။ NLD ပါတီဟာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဒီ ဖွဲ့စည်းပုံပြင်ဖို့ ရည်မှန်းချက်ရှိခဲ့တယ်။ အဲဒီအတိုင်းလဲ ရွေးကောက်ပွဲ ကာလမှာ ပြောဆို စည်းရုံးခဲ့တယ်ပေါ့။ အဲဒီဟာကတော့ အထမြောက်၊ အောင်မြင်နိုင်ခြင်း မရှိသေးတော့ အန်ကယ်တို့အနေနဲ့ ဘယ်လိုများ အရှိန်မြင့် လုပ်ဆောင်ဖို့ စဉ်းစားထားမျိုး ရှိပါသလဲ။ ဆိုလိုချင်တာက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့။

ဦးဉာဏ်ဝင်း။ “၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ကို ကျနော်တို့ အမြဲတမ်းလည်း ကြိုးစားနေတယ်၊ အမြဲတမ်းလည်း နည်းဗြူဟာတွေ ပြောင်းလဲပြီးတော့ ကြိုးစားနေတယ်။ ဒါပေမယ့်လို့ ကျနော်တို့က ဒီလိုဘဲ၊ ဒီလိုဘဲဆိုပြီး မရသေးဘဲနဲ့ ထုတ်ပြောတာမျိုးကလည်း မသင့်တော်ဘူး။ အဲဒီတော့ ကျနော်တို့ ကြိုးစားနေတယ် ဆိုတာလောက်ဘဲ ကျနော် ပြောနေရတာပါ။ ဂဃဏန ပြောနိုင်တဲ့ အခြေအနေ ရှိလာရင် ကျနော်တို့ ပြောပါ့မယ်။”

လူထုရဲ့ တခဲနက် ထောက်ခံအားပေးမှုနဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ NLD အစိုးသက်တမ်းဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အစိုးရသက်တမ်း ကျန်နေသေးတဲ့ အချိန်ကာလအတွင်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရေးအတွက် သူတို့အနေနဲ့ အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေကြောင်း ပါတီ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ဒါပေမယ့် လွှတ်တော်အတွင်း အမတ်နေရာ ၂၅% ကိုယူထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု မရနိုင်တဲ့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အခက်အခဲ တွေ့နေရတာလည်း ဖြစ်ပါတယ်။

NLD ပါတီရဲ့ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကိုတော့ အရင် ဦးဝင်းထိန်နေရာမှာ ဦးဉာဏ်ဝင်းကို ခေါင်းဆောင်အဖြစ် အစားထိုးပြီး လူသစ်တချို့အပါအဝင် အဖွဲ့ဝင် ၉ ဦးနဲ့ ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့စွဲနဲ့ ပါတီက တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အာဏာရ NLD ပါတီတွင်း ဘာတွေပြုပြင်မလဲ
please wait

No media source currently available

0:00 0:05:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG