သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်ချစ်ကြည်ရေး ခရီးသွားရောက်မည်


NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ။ (မတ်လ ၁၀၊ ၂၀၁၃)။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ။ (မတ်လ ၁၀၊ ၂၀၁၃)။
အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အချို့ လာမယ့် ရှေ့သီတင်းပတ် ထဲမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပါတီနှစ်ရပ်အကြား ချစ်ကြည်ရေးအနေနဲ့ သွားရောက်မယ့် ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

တရုတ်အစိုးရပိုင်းရော အာဏာရ တရုတ်ကွန်မြူနစ်ပါတီကပါ မြန်မာဘက်က အစိုးရနဲ့ အာဏာရပါတီတွေအပြင်၊ အခြား နိုင်ငံရေးပါတီတွေနဲ့ ထိစပ် ဆက်ဆံမှုလုပ်လာတဲ့ အခြေအနေ တစိတ်တပိုင်းလို့ ပြောရမှာပါ။ မကြာသေးခင်ကပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသစ်နဲ့ အန်အယ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံပြီးတဲ့နောက်ပိုင်း၊ အတိုက်အခံပါတီကြီးလို့ ပြောရမယ့် အန်အယ်ဒီနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး အခုလို တိုးမြင့်လာတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ လာရောက်ဖို့ဆိုပြီး၊ အာဏာရ တရုတ် ကွန်မြူနစ်ပါတီက ဖိတ်ကြားထားတယ်ဆိုတာကို အန်အယ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဟန်သာမြင့်က အတည်ပြုပါတယ်။

“ကျနော်ထင်တယ်၊ ကျနော်တို့ဆီက ၁၂ ယောက်ဖိတ်ပါတယ်။ အခုဟာက ကွန်မြူနစ်ပါတီက ဖိတ်တာပါ။ သူ့ကန့်သတ်ချက်က အသက် ၆၀ အောက် ဗဟိုကော်မတီဝင်များ ဆိုပြီးတော့ ဖိတ်ပါတယ်။ ဆိုတော့ ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်မှုဆောင် ၂ ယောက်ရယ်၊ နောက် ကျန်တဲ့ ဗဟိုကော်မတီဝင်တွေ ရယ် လွှတ်ဖို့ ကျနော်တို့ လုပ်နေပါတယ်။ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးညီပု၊ နောက် ဒေါ်နန်းခင်ထွေးမြင့်။ သူတို့နှစ်ယောက် ပါတယ်။ နောက်တခါ ဒေါ်ဖြူဖြူသင်းရယ် ပါတယ်။ ပါတီနှစ်ခုကြားက friendship အတွက်ပေါ့နော်။ သူတို့ဖိတ်တဲ့အတိုင်းဆိုရင်။”

တရုတ်လူငယ်အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ်တွေလည်း မကြာခင်မှာ တရုတ်နိုင်ငံသွားဖို့ရှိတယ်လို့ ဦးဟန်သာမြင့်က ပြောပါတယ်။

“လူငယ်တွေသွားဖို့လည်း ရှိပါတယ်။ လူငယ်တွေ နောက်ထပ် ၈ ယောက်သွားဖို့ ရှိပါတယ်။ China Federation of Youth ဆိုတာရှိတယ်။ အဲဒီက ဖိတ်တာ။ အဲဒီကိုသွားရမှာ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြင် အခြားနိုင်ငံရေးပါတီ ကိုယ်စားလှယ်အချို့ ကို ပါတီချင်း ဆက်ဆံရေးအတွက် တရုတ်နိုင်ငံကိုလေ့လာဖို့ ဖိတ်ကြားခဲ့တယ် လို့ သိရပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဟိုအရင် စစ်အစိုးရလက်ထက် တလျှောက်လုံးမှာတော့၊ တရုတ်အစိုးရပိုင်း အနေနဲ့ မြန်မာစစ်အစိုးရနဲ့ပဲ တောက်လျှောက် ဆက်ဆံမှုရှိခဲ့သလို၊ အာဏာရ တရုတ်ကွန်မြူနစ်ပါတီ ဟာလည်း စစ်အစိုးရဖွဲ့ထားတဲ့ ကြံ့ခိုင်ရေးအသင်းကို ပါတီတရပ်လို သဘောထားပြီး နှစ်ပါတီ ဆက်ဆံရေး ထူထောင်ခဲ့တာပါ။ ကြံ့ခိုင်ရေး အသင်းကို နိုင်ငံရေးပါတီဖွဲ့ပြီးတဲ့ နောက်မှာလည်း တရုတ်ကွန်မြူနစ်ပါတီ အနေနဲ့ ကြံ့ခိုင်ရေးပါတီကိုပဲ ထဲထဲဝင်ဝင် ဆက်ဆံခဲ့ပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်း မြန်မာအစိုးရကလည်း တရုတ်အပြင် အခြား အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းလာခဲ့သလို၊ တရုတ်ဘက်က လည်း မြန်မာနိုင်ငံထဲက အခြား နိုင်ငံရေး အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်လာတာတွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း မကြာခင်က သူတို့လုပ်ခဲ့တဲ့ ပါတီညီလာခံဖွင့်ပွဲကို အနောက်နိုင်ငံ သံတမန်တွေအပြင် တရုတ်နဲ့အခြား အာဆီယံဒေသ သံတမန်တွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။
XS
SM
MD
LG