သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဥက္ကဋ္ဌအဖြစ် ဒေါ်စုကိုရွေးချယ်


NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များ။ (မတ်လ ၃ ရက်၊ ၂၀၁၃)။
NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များ။ (မတ်လ ၃ ရက်၊ ၂၀၁၃)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ပါတယ်။ ဒါဟာဖြင့် NLD မှာ ပါတီခေါင်းဆောင်ပိုင်း တာဝန်ယူမယ့်သူတွေကို ပါတီဝင်တွေက အဆင့်ဆင့် ရွေးချယ် တာဝန်ပေးတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ နှစ်ရက်ကြာကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှာ ပါတီ ခေါင်းဆောင်တွေကို ရွေးချယ်ခဲ့တာ နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာတွေကို ကောက်နှုတ် စုစည်းပြီး ကိုကျော်ကျော် သိန်းက တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်မှာ NLD ပါတီကို စတင်ထူထောင်ခဲ့ကတည်းကဆိုရင် အခုကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီ ညီလာခံဟာ ပထမဆုံးအကြိမ်ဖြစ် သလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေကို အဆင့်ဆင့် ရွေးချယ် တာဝန်ပေးနိုင်တာဟာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အမည်စာရင်းကို ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ မတ်လ ၁၀ ရက် တနင်္ဂနွေနေ့ ညီလာခံအစမှာ ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဖတ်ကြား ကြေညာခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ၊ ဗဟိုအလုပ်မှုဆောင်၊ ဦးဉာဏ်ဝင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ ဦးဟန်သာမြင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ ဦးအုန်းကြိုင် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ ဦးဝင်းမြင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်။”

ပြီးခဲ့တဲ့ရက်တွေမှာ ရွေးချယ်တာဝန်ပေးထားတဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၂၀ နဲ့ အရံအလုပ်အမှုဆောင်အဖွဲ့ဝင် ၃၀ တို့က တနင်္ဂနွေနေ့မနက်ပိုင်းမှာ စုဝေး ဆွေးနွေးပြီး အခုကြားခဲ့ရတဲ့ လူပုဂ္ဂိုလ်ငါးဦးအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးနဲ့ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ငါးဦးကို ရွေးချယ် တာဝန်ပေးခဲ့ကြတာပါ။

ဒါ့အပြင် သူရဦးတင်ဦးနဲ့ ဦးဝင်းတင်တို့အပါအဝင် သဘာပတိအဖွဲ့ဝင် ၈ ဦးကို လည်း ရွေးချယ်ခဲ့ကြပါတယ်။

ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့တာမှာ အမျိုးသားရင်ကြားစေ့ရေး၊ ညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူထု ထောက်ခံမှု စသည်အားဖြင့် ကိစ္စရပ်မျိုးစုံနဲ့ပတ်သက်ပြီး ရပ်တည်ချက်တွေကို အကျယ်တဝံ့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မပြောမဖြစ်တဲ့ကိစ္စတစ်ခုဟာ ပြည်သူနဲ့တပ်မတော်ကြား ဆက်ဆံရေး ကိစ္စဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကဆိုပြီး ဒီအပေါ် သူ့ရဲ့သဘောထားကို ပြောခဲ့ပါတယ်။

“ကျမအနေနဲ့တော့ ပြည်သူနဲ့တပ်မတော်ကြားမှာ အမြဲပဲအဆင်ပြေစေချင်ပါတယ်။ တချိန်တခါတုန်းက ပြေခဲ့သလို နောင်လည်း ပြေအောင်လို့ ကျမတို့ ဆက်ပြီးတော့ ကြိုးစားသွားရမယ်လို့ ကျမ ယုံကြည်ပါတယ်။ ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးမူ ဆိုတာဟာ ဒီဟာလည်း ပါပါတယ်။ တပ်မတော်နဲ့ ပြည်သူကြားမှာလည်း ပြန်ပြီးတော့ အဆင်ပြေရမယ်။ ကျမတို့ အရင်တုန်းက အဆင်မပြေခဲ့တဲ့ နိုင်ငံရေးအစုအဖွဲ့တွေကြားထဲမှာလည်း အဆင်ပြေရမယ်။”

ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တရားဥပဒေစိုးမိုးရေးရဲ့ အရေးကြီးပုံကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြခဲ့သလို တိုင်းရင်းသားလူမျိုးစုတွေအကြား ညီညွတ်ရေးဟာ ပထမဆုံးလိုအပ်ချက်ဖြစ်သလို နိုင်ငံမှာရှိနေတဲ့ အခက်အခဲတွေအားလုံးကို ရင်ဆိုင်နိုင်ဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။

“ကျမတို့ဟာ ညီညီညွတ်ညွတ်နဲ့ ဒီတနိုင်ငံလုံးရဲ့ ပြဿနာကို ရင်ဆိုင်မယ်၊ ကျော်လွှားမယ်ဆိုတဲ့ စိတ်ဓာတ်တွေကို မွေးမြူဖို့ လိုပါတယ်။ ညီညွတ်မှုဆိုတာက ကျမတို့အဖွဲ့တွင်း ညီညွတ်မှုကိုဆိုလိုတာ မဟုတ်ပါဘူး။ တနိုင်ငံလုံးညီညွတ်မှုကို ဆိုလိုတာဖြစ်ပါတယ်။”

၂၀၁၂ ခုနှစ်ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ချိန်တုန်းက ကြေညာခဲ့တဲ့ အဓိက ရည်ရွယ်ချက်တွေထဲမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင် ပြောင်းလဲရေးဆိုတာ တစ်ချက်အပါအဝင်ပါ။ ဒီကိစ္စကို လည်း သူ့ရဲ့မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ပတ်သက်လို့ကတော့ ဒါ ကျမတို့ ထပ်တလဲလဲ ပြောခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ ကိုက်ညီရမယ်။ ဒီ စံနှုန်းစံထားတွေနဲ့ မကိုက်ညီတဲ့အပိုင်းတွေကို ကျမတို့က ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ အဲဒါမှသာလျင် ကျမတို့နိုင်ငံဟာ တကယ့်စစ်မှန်တဲ့ဒီမိုကရေစီ လူ့အသိုင်းအဝိုင်းကြီး ဖြစ်လာမှာပါ။”

အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၇၅% အပြင် လူထုက တိုက်ရိုက် ရွေးကောက် တင်မြှောက်တာမဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက် ရွေးချယ်ခန့်ထားတဲ့ စစ်ဘက်ကိုယ်စားလှယ် ၂၅% ထဲက အနည်းဆုံး တစ်ဦးရဲ့ထောက်ခံမှုကိုရဖို့ လိုတယ်ဆိုတာကို အရင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးပါတယ်။ လူထုကသာ အခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင် အစိုးရအဖွဲ့ကလည်း သဘောတူမှာပါလို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ဥရောပခရီးစဉ်အတွင်း ပြောခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ လူထုထောက်ခံမှုရဖို့ အရေးကြီးတယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ပြီး ပါတီ ရဲ့ မူဝါဒသဘောထားတွေ ဟာ နိုင်ငံနဲ့လူထုရဲ့အကျိုးစီးပွားနဲ့ ကိုက်ညီမှသာ လူထုက ဆက်ပြီးထောက်ခံမှာဖြစ်တယ်ဆိုတာကို အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

“ပြည်သူလူထု ထောက်ခံမှုလိုချင်တယ်ဆိုတာကလည်း နိုင်ငံ့အကျိုး၊ နိုင်ငံသူနိုင်ငံသားများအကျိုး ထမ်းဆောင်နိုင်ဖို့အတွက် အခွင့်အရေးလိုချင်လို့ ထောက်ခံမှုကို တောင်းရတာဖြစ်ပါတယ်။ ကျမတို့ဟာ ဘယ်ဟာလိုချင်လို့၊ ရာထူးလိုချင်လို့ ဆိုတဲ့ ဦးတည်ချက်နဲ့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့လုပ်ချင်တဲ့ လုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက် ရာထူးတွေကလိုအပ်တယ် ဆိုတာ ငြင်းလို့ရတဲ့ဟာမဟုတ်ပါဘူး။”

NLD ပါတီညီလာခံမတိုင်ခင်လေးမှာပဲ ကယားပြည်နယ်က ပါတီဝင် ၁၀,၀၀၀ နှုတ်ထွက် သွားတယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့ ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ညီလာခံအပြီး သတင်းထောက်တွေက မေးခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်က ကယားမှာ အစ ကတည်းက ပါတီဝင် ၁၀,၀၀၀ ရှိပါ့မလားဆိုတာကို မေးခွန်းထုတ်သွားခဲ့ပါတယ်။

NLD ပါတီကနေ နှုတ်ထွက်ပြီး တခြားပါတီထဲဝင်သွားခဲ့သူတွေထဲမှာ လေးဦးက NLD ပါတီဝင်အဖြစ် ပြန်ပြီးလက်ခံဖို့ အခု ညီလာခံမှာ အယူခံတင်ခဲ့ပေမဲ့ ညီလာခံကိုယ်စားလှယ် အများစုက သဘောမတူတာကြောင့် မဖြစ်ခဲ့ပါဘူး။ ဒါဟာ ကိစ္စရပ်တစ်ခု ချင်းပေါ်မှာ မူတည်ဆုံးဖြတ်တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
XS
SM
MD
LG